ယခင်က စစ်အစိုးရအုပ်ချုပ်ခဲ့သော ဆင်းရဲသည့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ခရီးသည် အလာဆုံး နေရာတစ်ခုအဖြစ် ထွက်ပေါ်လာစဉ် ၂၀၁၉ ခုနှစ်မှ စတင်ကာ တစ်နှစ်လ ျှင် ကမ္ဘာလှည့်ခရီးသည် ၇ ဒသမ ၅ သန်းကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မြန်မာအစိုးရက မျှော်လင့်ထားသည်။
တစ်ချိန်က ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေခဲ့သည့်နိုင်ငံသို့ သွားရောက်ရန်မှာ ချမ်းသာကြွယ်ဝပြီး ရဲဝံ့သူများအတွက်သာ ဖြစ်နိုင်ခဲ့သည်။ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် လျပ်စစ်ဓါတ်အား ပြတ်တောက်မှု၊ ဆက်သွယ်ရေးစနစ်များ အကန့်အသတ်ဖြင့်သာ ရှိနေခဲ့သော်လည်း ၂၀၁၁ ခုနှစ်ကစ၍ နိုင်ငံပွင့်လင်းလာချိန်တွင် ပြည်ပခရီးသည်များစွာ ဝင်ရောက်လာခဲ့သည်။.
ထိုသို့ လာရောက်သူများတွင် ကမ္ဘာကျော် ပေါ့စတားများဖြစ်သည့် ဘီယွန်ဆေးနှင့် ဂျေးဇီတို့လည်း ပါဝင်ခဲ့ရာ ၎င်းတို့၏ လာရောက်မှုက မြန်မာနိုင်ငံသည် နိုင်ငံတကာ ခရီးသည်များအတွက် လမ်းပွင့်နေပြီဆိုသည့် သတင်းစကားကို ကြော်ငြာပေးသလို ဖြစ်လာသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံက ကမ္ဘာလှည့်ခရီးသည် ၅ ဒသမ ၅ သန်းကို လက်ခံကြိုဆိုရမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေရာ ၂၀၁၅ ခုနှစ်ကထက် တစ်သန်းနီးပါး ပိုလာနိုင်သည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးတင့်သွင်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
“သုံးနှစ်အတွင်းမှာ တစ်နှစ်ကို ခရီးသည် ၇ ဒသမ ၅ သန်း လာရောက်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ၎င်းကဆိုသည်။
“ခရီးသည်တွေ သွားလာနိုင်မယ့် နေရာသစ်တွေ ဖော်ထုတ်ဖို့ ကြိုးစားမှာပါ။ ပြီးတော့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကိုလည်း ကျွန်တော်တို့ ပံ့ပိုးသွားမှာပါ”ဟု ၎င်းကဆိုသည်။
ထိုသို့ဆောင်ရွက်ခြင်းက အာရှ၏ အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ ဝင်ငွေမြင့်တက်လာရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။ သို့သော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက လွန်စွာ နည်းပါးနေသေးသည်။ ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် သန်း ၃၀ ဝင်ရောက်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ပိတ်ဆို့ ဒဏ်ခတ်မှုအများစု ရုပ်သိမ်းခဲ့ခြင်း၊ ဒီမိုကရေစီလိုလားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအာဏာရလာခြင်းတို့နှင့်အတူ မြန်မာယဉ်ကျေးမှုနှင့် သဘာဝအလှအပေါ် စူးစမ်းလေ့လာလိုသူများလည်း များပြားလာသည်။ သို့သော် စိန်ခေါ်မှုများမှာ ကျန်ရှိနေဆဲဖြစ်သည်။ ဟိုတယ်များမှာ ဈေးကြီးနေပြီး ခရီးသည် ပိုမိုဝင်ရောက်သည့် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့၏ စံချိန်စံနှုန်းများကို မှီရန်လည်း လိုအပ်နေသေးသည်။