တက္ကသိုလ်ရိပ်သာလမ်း ခြံနဲ့ အိမ်ကို လေလံတင်ရောင်းချ ခွဲဝေရန် ဦးအောင်ဆန်းဦး ပြောကြား

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံနဲ့ အိမ်ကို လေလံတင်ရောင်းချပြီး ရရှိတဲ့တန်ဖိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ဝက်စီ ခွဲဝေယူဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြောကြားလိုက်ပါတယ်။

စစ်အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံခေါင်းဆောင်အဖြစ်နဲ့ အဲဒီအိမ်မှာ နှစ်ပေါင်းများစွာ အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာလည်း အဲဒီနေအိမ်နဲ့ ခြံဝန်းဟာ အထင်ကရနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံဖြစ်တဲ့အချိန်အထိ အဲဒီအိမ်မှာပဲ နေထိုင်သွားခဲ့ပါတယ်။

မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ရှိခဲ့စဉ်ကတည်းက နေထိုင်လာခဲ့တဲ့ အဲဒီခြံနဲ့ အိမ်ကို ဦးအောင်ဆန်းဦးက အမွေရပိုင်ခွင့် တောင်းဆိုခဲ့ပြီးနောက် တရားရုံးက ခွဲဝေပေးခဲ့ပြီးဖြစ်ပေမယ့် သူက အခုလို ထပ်မံ တောင်းဆိုလိုက်တာပါ။

“အခုဟာက ပစ္စည်းခွဲလို့ကတော့ ညှိလို့က မလွယ်ဘူးလေ။ အိမ်ပါတာ၊ မပါတာ အဲဒါတွေ မလိုချင်ဘူး။ လေလံပစ်ပြီးတော့ ရတဲ့တန်ဖိုးကို တစ်ယောက်တစ်ဝက် ခွဲမယ်။ ဒါအရှင်းဆုံးပဲ။ အဲဒါကို ကျွန်တော် တောင်းဆိုတာ။ အဲဒါလည်း ဘာမှ မတရား တောင်းဆိုတာမှ မဟုတ်ဘဲ။ ရှင်းရှင်းလေးပဲ။ လေလံပစ်ပြီးတော့ ဘယ်သူက ဘယ်အခြမ်းပိုင်တယ်၊ ဘာတယ်တွေ ဘာမှ မဆိုင်တော့ဘူး။ တန်ဖိုးကိုပဲ အခွန်တွေပါတွေ ပေးပြီး တစ်ယောက်တစ်ဝက် ရရင်ပြီးတာပဲ ” လို့ ဦးအောင်ဆန်းဦးက အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက် မြေအကျယ်အဝန်း ၁ ဒသမ ၉၂၃ ဧကထဲက နှစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးဆိုပြီး ခွဲဝေဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ အပြီးသတ် အမိန့်ချခဲ့တာပါ။

ဒါပေမယ့် အဲဒီအမိန့်အတွက် အထူးအယူခံဝင်ခွင့်ကို ဦးအောင်ဆန်းဦးက နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အောက်တိုဘာ ၁၇ ရက်နေ့က လာရောက်လျှောက်ထားခဲ့ပါတယ်။

အပြီးသတ် အမိန့်ချပြီးသားအမှုကို အထူးအယူခံဝင်ခွင့် တင်သွင်းရခြင်းကတော့ ဦးအောင်ဆန်းဦး ခွဲခြမ်းရရှိတဲ့ တစ်ဝက်ထဲရှိ အိမ်က အဟောင်းဖြစ်ပြီး ပြိုနေတာအပြင် ဒေါ်ခင်ကြည်က အမျိုးတော်စပ်သူ ဦးခင်မောင်အေးကို ပေးခဲ့တယ်ဆိုပြီး အပြီးသတ်အမိန့်မှာ ဦး ခင်မောင်အေးအတွက် ၁၀၀ ပေ၊ ပေ ၇၀ ချန်ပေးဖို့ အမိန့်ချခဲ့တာကြောင့်ဖြစ်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေ ဦးအေးလွင်(မိုးဟိန်းကျော်) က ပြောပါတယ်။

“ဒီအမှုနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း ဆုံးဖြတ်မယ်ဆိုရင်တော့ ကျွန်တော်တို့က တစ်ယောက်တစ်ဝက် အရင်တည်းက ဆုံးဖြတ်ပြီးသား Supreme Court အပေါ်မှာပဲ နှစ်ပါးထိုင် အဆုံးအဖြတ်အတိုင်း ဖြစ်သွားဖို့ အရေးကြီးတာပေါ့။ ဒီစီရင်မှုက မှန်ကန်သွားရင်တော့ ပြဿနာ မရှိဘူးထင်တာပါပဲ” လို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar