ညှင်းပန်းနှိပ်စက်မှု

လှိုင်သာယာက မှောင်နဲ့မည်းမည်းမှာ သွားလာလှုပ်ရှားနေတဲ့ လိင်ပြောင်းလိင်လုပ်သားတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – အင်ဒရေ မာလာဘာ

ဖိစီးနှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်းနဲ့ မတော်မတရားပြုခြင်းတွေဟာ လိင်လုပ်သားတွေရဲ့ နေ့စဉ်ဘဝ အစိတ်အပိုင်း တစ်ခုပါ။ သို့ပေမဲ့ တချို့ကတော့ အစိုးရသစ်လက်အောက်မှာ ပိုမိုကောင်းမွန်လာမယ့် အချိန်တွေကို မျှော်လင့်လျက်ပါ။ 

ဂျော့ရှူဝါ ကာရိုး ရေးသားသည်။

လိင်ပြောင်းထားတဲ့ လိင်လုပ်သားတစ်ဦးဖြစ်သူ မခိုင်ဇေယျာ(အမည်ပြောင်း)ထံကို အမျိုးသားတစ်စု ချဉ်းကပ်လာပြီး သူတို့နဲ့ လိုက်ခဲ့ဖို့ခေါ်တဲ့အချိန်မှာ သူက ရန်ကုန်မြို့ရဲ့ စက်မှုဇုန် အစွန်အဖျားတစ်နေရာက လမ်းတစ်ခုရဲ့ဘေးမှာ မတ်တပ်ရပ်နေတာပါ။

လိင်ပြောင်းထားသူများ အသိုင်းအဝိုင်းထဲက တစ်ယောက်က ဖုန်းတစ်လုံး ခိုးသွားတယ်လို့ စွပ်စွဲခံထားရပြီး သူခိုးဖမ်းဖို့ စောင့်ကြည့်နေတဲ့အဖွဲ့တစ်ဖွဲ့က အဲဒီသူခိုးကို လိုက်ရှာနေခဲ့တဲ့အချိန်ပါ။

လာခေါ်သူတွေနဲ့ လိုက်ပါဖို့ ငြင်းဆန်တဲ့အခါမှာတော့ အဖွဲ့ထဲက တစ်ယောက်က သူရဲ့ပါးစပ်ကို လက်သီးနဲ့ ထိုးခဲ့ပါတယ်။ ပြီးတော့ ဓားတစ်ချောင်းနဲ့အတူ စောင့်နေတဲ့ သူတို့အဖော်တစ်ဦးရှိရာ ကားနားကို တရွတ်တိုက် ဆွဲခေါ်သွားပါတယ်။

အဲဒီလူက မခိုင်ဇေယျာရဲ့လည်ပင်းကို ဓားနဲ့ထောက်ပြီး “ဖုန်းကို ဘယ်သူခိုးသွားတာလဲဆိုတာ ပြောစမ်း။ မဟုတ်ရင်တော့ ငါတို့ မင်းကို သတ်ပစ်မယ်” လို့ ပြောလိုက်ပါတယ်။ သူကတော့ ဘာမှမသိဘူးလို့ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တအောင့်လောက်ကြာတော့ ရဲတွေ ရောက်လာခဲ့ပါပြီ။ ညှင်းပန်းနှိပ်စက်သူတွေလက်ကနေ မခိုင်ဇေယျာကို ကယ်တင်ဖို့တော့ မဟုတ်ခဲ့ပါဘူး။ သူတို့က ညှှင်းဆဲနေတဲ့သူတွေကို ကူညီဖို့ ရောက်လာတာပဲ ဖြစ်ပါတယ်။ ရဲအရာရှိတစ်ဦးက မခိုင်ဇေယျာကို လက်ထိပ်ခတ်ဖို့ ကြိုးစားတဲ့အခါ မခိုင်ဇေယျာက အဲဒီရဲအရာကို တောင်းပန်ခဲ့သလို သူ သူခိုးမဟုတ်ပါဘူးလို့လည်း ငြင်းဆိုခဲ့ပါတယ်။ ရဲအရာရှိဖြစ်သူက “လျှာမရှည်နဲ့” လို့  ပြောပြီး မခိုင်ဇေယျာရဲ့ခေါင်းကို နံပါတ်တုတ်နဲ့ ခွပ်ခနဲမြည်အောင် ရိုက်လိုက်ပါတယ်။ အရမ်းပြင်းတဲ့အတွက် သူလည်း လဲကျသွားခဲ့ရတယ်။ သတိရလာတော့ ရဲစခန်းကို ရောက်နေပါပြီ။

ရန်ကုန်မြို့ အနောက်မြောက်ဘက်ဆင်ခြေဖုံးက ရာဇဝတ်မှု ထူပြောတယ်လို့ နာမည်ကြီးနေတဲ့ လှိုင်သာယာက လိင်ပြောင်းလဲထားသူတွေဟာ အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်ငွေညှစ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှုတွေကို စဉ်ဆက်မပြတ် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ သူတို့အသိုင်းအဝိုင်းဟာ လိင်တူဆက်ဆံသူတွေကို ကြောက်ရွံ့တဲ့ လူရမ်းကားဂိုဏ်းတွေနဲ့ အကျင့်ပျက်အကြမ်းဖက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားမှာ ဘေးကြပ်နံကြပ် ဖြစ်နေရတယ်လို့ Frontier ရဲ့အင်တာဗျူးကို ဖြေကြားခဲ့တဲ့သူတွေက ပြောဆိုခဲ့ကြပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က ယောက်ျားစိတ်ပေါက်နေသူ၊ မိန်းမစိတ်ပေါက်နေသူ၊ လိင်စိတ်နှစ်မျိုးစလုံးအပေါ် တိမ်းညွှတ်နေသူတွေနဲ့ လိင်ပြောင်းထားသူတွေ LGBTs ရဲ့ အသိုင်းအဝိုင်းအတွက် သူတို့အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောကြားနိုင်ဖို့ သိသိသာသာ လွတ်လပ်လာတယ်ဆိုပေမယ့် အမုန်းတရားနဲ့ ဖိစီးနှိပ်စက်မှုတွေက မခိုင်ဇေယျာလို လိင်ပြောင်းထားသူ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝထဲက အစိတ်အပိုင်းတစ်ရပ်အဖြစ် ကျန်ရှိနေပါသေးတယ်။

“ဒီလိုအဖြစ်အပျက်မျိုးတွေက တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ဖြစ်နေပါတယ်” လို့ သက်တန့်ရောင်စဉ်များ Colors of Rainbow လို့ အမည်ပေးထားတဲ့ လှိုင်သာယာမြို့နယ်ထဲမှ လိင်ပြောင်းထားသောလိင်လုပ်သားတွေကို ကိုယ်စားပြုတဲ့ LGBT အခွင့်အရေးအဖွဲ့နဲ့အတူ လိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေရေးရာအကူ ဦးသော်က ဆိုပါတယ်။ မှားယွင်းဖမ်းဆီးတာတွေ၊ အကြောင်းမဲ့ရိုက်နှက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာအရ တိုက်ခိုက်စော်ကားတာတွေကို ပုံမှန် တွေ့နေရတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ 

typeof=

လူဦးရေခုနှစ်သိန်းနီးပါးရှိတဲ့ လှိုင်သာယာမြို့က ဖောက်ထွင်းမှု၊ အဓမ္မမှု၊ ရိုက်နက်မှု၊ လူသတ်မှုတို့နဲ့ အရုပ်ဆိုး အကျည်းတန်နေပြီး အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် စိတ်မသက်သာဖွယ် ကောင်းလောက်အောင် လက်နက် ပြည့်စုံမှုမရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ အစောင့်အရှောက်အောက်မှာ ရှိနေပါတယ်။

“ညပိုင်းတွေမှာ ခင်ဗျားတို့ နောက်တစ်ခါ ထပ်မလာသင့်ဘူး။ သိပ်အန္တရာယ် များတယ်ဗျ” လို့ Frontier သတင်းထောက်နဲ့ အတူ လိုက်ပါလာပြီး လှိုင်သာယာရဲ့ မီးလည်းမရှိ၊ ခလုတ်ကန်သင်းတွေလည်း များလှတဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေတဲ့ စကားပြန်ဖြစ်သူကို အငှားလိုက်လာတဲ့ တက္ကစီယာဉ်မောင်းက ပြောလိုက်ပါတယ်။

လိင်လုပ်သားတွေလို ထိရှလွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် မင်းမဲ့စရိုက်ဆန်မှုဆိုတာ အန္တရာယ်များတဲ့ ဖြစ်တည်မှု တစ်ခုလို့ အဓိပ္ပာယ် ရပါတယ်။ လိင်ပြောင်းထားတဲ့ လိင်လုပ်သားတွေနဲ့ သူတို့အခွင့်အရေးအတွက် လိုက်ပါဆောင်ရွက်ပေးနေသူတွေရဲ့ ပြောဆိုချက်အရ လိင်တူဆက်ဆံမှုကို ကြောက်စိတ်အရမ်းလွန်ကဲခြင်းနဲ့ အမျိုးသမီးပြည့်တန်ဆာတွေအတွက် ခေါင်းလုပ်နေသူတွေရဲ့ ရန်လိုမှုတွေက သူတို့ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေပါပဲတဲ့။  

ရဲစခန်းမှာ သတိရလာပြန်တော့လည်း မခိုင်ဇေယျာဟာ ထပ်မံရိုက်နှက်ခံရခြင်းတွေနဲ့ လိင်တူဆက်ဆံမှုအပေါ် စော်ကားမော်ကား ပြစ်တင်မောင်းမဲခံရခြင်းတွေကို ကြုံတွေ့ ခံစားရပြန်ပါတယ်။

ရဲအမှုထမ်းတစ်ဦးက “ယောက်ျားဖြစ်ပါရက်နဲ့ ဘာဖြစ်လို့ ဒီလိုအလုပ်တွေကို လုပ်နေတာလဲ” လို့ ပြောရင်းနဲ့ သူ့ရဲ့ ပေါင်ကို ပိတ်ကန်ထည့်လိုက်ပါတယ်။ အဲဒီရဲက “ငါတို့ကို စိတ်နောက်အောင် မလုပ်နဲ့” လို့ ပြောကြားပြီးနောက်မှာ မိန်းမလိုဝတ်ထားတဲ့ ယောက်ျားတွေကို စစ်ဆေးရတာ ရဲတွေကို အရှက်ရစေတယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။

မတရားပြုကျင့်မှုကို ရဲတပ်ဖွဲ့ဝင်တွေက ကိုင်တွယ်ဖြေရှင်းမှု မရှိဘူးဆိုရင် လမ်းဘေးလူရမ်းကားတွေအနေနဲ့ လူသိရှင်ကြား အရေးယူခံရတာမျိုး မရှိဘဲ လုပ်ချင်တာ လုပ်လို့ ရနေသူတွေ ဖြစ်နေပါတယ်။

“လူတွေကိုကာကွယ်ဖို့က ရဲတပ်ဖွဲ့ရဲ့ တာဝန်လို့ ဆိုနိုင်ပေမဲ့ သူတို့က ကျွန်မတို့ကို ကာကွယ်မပေးပါဘူး” လို့ လိင်ပြောင်းထားတဲ့ လိင်လုပ်သားတစ်ဦးဖြစ်သူ မကျော်ဆုက ဆိုပါတယ်။ ဖုန် တလိပ်လိပ် ထနေတဲ့ လှိုင်သာယာလမ်းသွယ်တစ်ခုပေါ်က အလှပြင်ဆိုင် တစ်ဆိုင်ထဲမှာ ထိုင်နေစဉ် ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေကို သူ့ရဲ့ မျက်လုံးပေါ်က ဖယ်ရှားရင်း ပြောဆိုလိုက်တာပါ။

သူက မြန်မာနိုင်ငံရဲ့ မကောင်းသတင်းနဲ့ ကျော်ကြားနေတဲ့ “မှောင်ရိပ်ခိုမှု” နဲ့ ထောင်တစ်လ ကျခံရပြီးနောက် မကြာသေးမီကမှ လွတ်မြောက်လာသူ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ကိုလိုနီခေတ်အတွင်းက ရဲအရေးပိုင်တဲ့ အက်ဥပဒေတစ်ရပ်ဖြစ်ပြီး ရဲဝန်ထမ်းတွေကို ညအချိန် “သင်္ကာမကင်းဖွယ်” ပြုမူသူတိုင်းအား ဖမ်းဆီးခွင့်ပြုထားတဲ့ ဥပဒေတစ်ရပ်လည်း ဖြစ်ပါတယ်။

ဦးသော်ရဲ့အဆိုအရ လိင်ပြောင်းထားသူတွေကို နှိပ်ကွပ်ဖို့ ဒီဥပဒေကို အများဆုံး အသုံးပြုနေပါတယ်တဲ့။ လိင်တူဆက်ဆံခြင်းက တရားမဝင်ဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေပြဖို့အတွက် ခက်ခဲလို့ပါပဲ။

“မိန်းမစိတ်ပေါက်နေသူတွေကိုဖမ်းဆီးဖို့အတွက် အသုံးပြုနိုင်တဲ့ တစ်ခုတည်းသော ဥပဒေဟာ အဲဒီမှောင်ရိပ်ခိုမှု ဥပဒေပါပဲ” လို့လည်း ဦးသော်က ဆိုပါတယ်။

ရန်ကုန်မြို့ အင်းစိန်ထောင်က လွတ်လာပြီးစ အောက်တိုဘာလကုန်ပိုင်းလောက်မှာ မကျော်ဆုထံကို ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အရပ်ဝတ် ရဲသတင်းပေးတစ်ယောက်နဲ့အတူ ထပ်ရောက်လာပြန်ပါတယ်။ မကျော်ဆုက “သူတို့ကို ပိုက်ဆံမယူဘဲ လိင်ဆက်ဆံခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်” လို့ Frontier ကို ပြောပြပါတယ်။

မကျော်ဆုက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ကို ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဖမ်းဆီးလက်ထိပ်ခတ်ပြီး ရပ်ထားတဲ့ ထရပ်ကားတစ်စီးရဲ့ နောက်ခန်းထဲကို ခေါ်ဆောင်သွားခဲ့ပါတယ်။

“သူတို့က ကျွန်မကို ဒူးထောက်ထိုင်စေပြီး ပါးစပ်နဲ့ လိင်ဆက်ဆံပေးဖို့ အဓမ္မ စေခိုင်းခဲ့ပါတယ်” လို့လည်း မကျော်ဆုက ပြောပါတယ်။

လိင်ပြောင်းထားတဲ့ လိင်လုပ်သား နောက်တစ်ဦးကလည်း တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ အလားတူဖြစ်ရပ်ရဲ့ သားကောင်းတစ်ဦး ဖြစ်ခဲ့ရပုံကို ဖွင့်ဟပြောဆိုလိုက်ပါသေးတယ်။ အရပ်ဝတ် ရဲသတင်းပေးတစ်ဦးနဲ့အတူ ရောက်လာတဲ့ ရဲအမှုထမ်းနှစ်ဦးက သူ့ကို လက်ထိပ်ခတ်ပြီးနောက် တံတားအောက်ကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ အဲဒီနေရာကို ရောက်တဲ့အခါ ပါးစပ်နဲ့ သံဝါသပြုပေးဖို့ ဖိအားပေးခဲ့ကြကြောင်း ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

သို့ပေမဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေအပေါ် စွပ်စွဲပြောဆိုမှုတွေဟာ “အကြီးအကျယ် လိမ်လည်ပြောဆိုမှုတွေပါ” လို့ လှိုင်သာယာရဲစခန်းတစ်ခုမှ စခန်းမှူးတစ်ဦးဖြစ်သူ ဦးချစ်ကိုကိုက Frontier ကို တုံ့ပြန်ဖြေကြားထားပါတယ်။

 “ကျွန်တော်တို့က လိင်လုပ်သားတွေကို ဥပဒေနဲ့အညီ ဖမ်းဆီးတာတွေ တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်” လို့လည်း အဲဒီစခန်းမှူးက ဆိုပါတယ်။ “ဒါကြောင့်လည်း ရဲတပ်ဖွဲ့ဝင်တွေက အနိုင့်အထက် စော်ကားမော်ကား ပြုလုပ်နေတယ်လို့ သူတို့စွပ်စွဲနေတာပါ။ ကျွန်တော်တို့က ပြည်သူ့အမှုထမ်းကောင်းတွေပါ”

အခုလို ဖမ်းဆီးအရေးယူမှုတွေ မြင့်တက်လာတယ်ဆိုတဲ့ အချက်ကိုတော့ လိင်လုပ်သားတွေက ငြင်းဆိုမှု မရှိပါဘူး။ ပိုမိုလွတ်လပ်တဲ့ လူ့ဘောင်သစ်တစ်ရပ်ဆီသို့ ချီတက်တဲ့ မြန်မာ့ခရီးရှည်ထဲက မှတ်တိုင် တစ်တိုင်ဖြစ်တယ်လို့ လူအများရဲ့ ချီးမွမ်းခြင်းကိုခံနေရတဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲက လိင်ပြောင်းထားသူတွေရဲ့ အသိုင်းအဝိုင်းအတွက် ပြဿနာတွေ ပိုများလာစေတယ်လို့ အဓိပ္ပာယ်ဖော်ဆောင်နေခဲ့ပါပြီ။

ရွေးကောက်ပွဲက ရုတ်တရက်နှိပ်ကွပ်မှုတစ်ခုကို အားပေးမြှင့်တင်ခဲ့တယ်လို့ ဦးသော်က ဆိုပါတယ်။ ယခုနှစ်အစပိုင်းက အင်းစိန်ထောင်ထဲမှာရှိတဲ့ လိင်ပြောင်ထားသူ အကျဉ်းသားအရေအတွက်ဟာ ၁၆ ဦးထက် မကျော်ခဲ့ပါဘူး။ ရွေးကောက်ပွဲရက်နဲ့ နီးလာတဲ့အချိန်မှာတော့ အကျဉ်းသား ၅၀ ဦး ရှိခဲ့တယ်ဆိုတာ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံပြောဆိုရာက ရလာတဲ့ စာရင်းဇယားတွေကို ကိုးကားပြီး ဦးသော်က ပြောပြနေတာပါ။

 “ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို ရာဇဝင်လူဆိုးတွေလို့ သတ်မှတ်ထားပါတယ်။ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခု ရှိလာပြီဆိုရင် ရဲအမှုထမ်းတွေက သူတို့ကို ဝိုင်းဝန်းဖမ်းဆီးပြီး အကျဉ်းထောင်ထဲကို ထည့်ထားလိုက်ပါတယ်” လို့လည်း ဦးသော်က ဆိုပါတယ်။

မတော်မတရားပြုကျင့်တဲ့ အကြောင်းတွေက လှိုင်သာယာ၊ ဒါမှမဟုတ် ရန်ကုန်မှာတင် ဖြစ်ပျက်နေတဲ့ ပြဿနာရပ်တွေ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်က မန္တလေးမြို့မှာ လိင်လုပ်သား ၁၂ ဦးကို ဖမ်းဆီးပြီး အကျဉ်းထောင်ထဲကို ခေါ်ဆောင် သွားခဲ့ဖူးပါတယ်။ အဲဒီမှာ သူတို့တွေ ရိုက်နှက်စော်ကားခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ရဲအရာရှိတွေက သူတို့ရဲ့ရင်သားကို ပွတ်သပ်ကိုင်တွယ်တာတွေ၊ ဝတ်လစ်စလစ် ချွတ်ခိုင်းတာတွေ၊ ဖားခုန် ခုန်ခိုင်းတာ တွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

သြဂုတ်လထဲမှာ ပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွင်းက မေးခွန်းတစ်ရပ်ကို ဖြေကြားရာမှာ လုံခြုံရေး ဆိုင်ရာ ဝန်ကြီးက လိင်ပြောင်းထားသူတွေ ရှိနေတာကို “လက်ခံနိုင်ဖွယ်ရာ မရှိဘူး” လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါကြောင့် “မိန်းမစိတ်ပေါက်နေသူတွေ” ကို ရဲတပ်ဖွဲ့ဝင်တွေက ဆက်တိုက်ဖမ်းဆီး ထိန်းသိမ်းနေတာလို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဦးသော်ရဲ့အမှုသည်တွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်မှုကိုတင် ခံနေရတာမဟုတ်ပါဘူး။ တခြားလိင်လုပ်သားခေါင်းတွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ခံနေရသူတွေပါ။ မိန်းမ “စစ်စစ်” တွေက လိင်ပြောင်းထားတဲ့ သူတို့ရဲ့ ပြိုင်ဘက်တွေကို စိတ်အနှောက်အယှက် ဖြစ်စရာတစ်ခုအဖြစ် မှတ်ယူကြပါတယ်။ ဖောက်သည်တွေ ရရှိဖို့အတွက် သူတို့နဲ့ ပြိုင်ဆိုင်နေရလို့ပါပဲ။

ဖောက်သည်တွေလို ဟန်ဆောင်ထားတဲ့ ပြည့်တန်ဆာခေါင်းတွေက လိင်ပြောင်းထားသူ လိင်လုပ်သားတွေထံကို တိုက်ခိုက်ဖို့ တစ်ခုတည်းအတွက် ချဉ်းကပ်ကြတယ်လို့ ဆိုပါတယ်။ လုံခြုံတဲ့ ခြုံကွယ်နား ရောက်ပြီဆိုတာနဲ့ ဝေးရာမှာ နေဖို့ သတိပေးတာတွေ ပြုလုပ်ပါတယ်လို့လည်း ဦးသော်က ဆိုပါတယ်။

ပြည့်တန်ဆာခေါင်းတွေ အဓိက မကျေမနပ် ဖြစ်နေတာတွေထဲမှာ ပါဝင်တဲ့အချက်တစ်ချက်က လိင်ပြောင်းထားသူ လိင်လုပ်သားတွေက သူတို့ရဲ့ဈေးကွက်ကို လိုက်ဖျက်နေတယ်ဆိုတာပါပဲ။

“အမျိုးသမီးတွေက တစ်ကြိမ်ကို တစ်သောင်းတောင်းတယ်ဆိုရင် လိင်ပြောင်းထားတဲ့ ကျွန်မတို့က ငါးထောင် တောင်းပါတယ်။ ပြီးတော့ ပါးစပ်နဲ့ လိင်စိတ်ဖြေဖျောက်ဖို့ ဆောင်ရွက်ပေးတဲ့နေရာမှာလည်း ကျွန်မတို့က သာပါတယ်” လို့ မကျော်ဆုက ဆိုပါတယ်။

လှိုင်သာယာနဲ့ တခြားနေရာတွေက လိင်ပြောင်းထားသူတွေရဲ့ဘဝတွေဟာ အန္တရာယ်များနေဆဲ ဖြစ်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ပြိုကမ်းပြိုအနိုင်ရလိုက်တာက သူတို့ရဲ့မျှော်လင့်ချက်တွေကို မြင့်တက်စေခဲ့ပါပြီ။ သူတို့ကို ဥပဒေချိုးဖောက်သူတွေအဖြစ် သတ်မှတ်နေတဲ့ ဥပဒေအဖြစ်ကနေ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေ အဖြစ် မကြာမီမှာ အသုံးပြုလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေပဲ ဖြစ်ပါတယ်။

မခိုင်ဇေယျာက “ပြောင်းသွားလိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ “ဒေါ်စုကအိုဘားမားနဲ့ မိတ်ဆွေရင်းချာတွေလေ။ အမေရိကမှာ မိန်းမစိတ်ပေါက်နေသူတွေနဲ့ လိင်ပြောင်းထားတဲ့သူတွေကို ဥပဒေကြောင်းအရ ခွင့်ပြုထားတယ်လေ။ ဟုတ်တယ် မဟုတ်လား”

(မီဒီယာကို ရင်ဖွင့်ပြောကြားတဲ့အတွက် အရေးယူ ဒဏ်ခတ်ခံရမှာ ကြောက်ရွံ့တဲ့ လိင်လုပ်သားများရဲ့ တောင်းဆိုမှုအရ အမည်တွေကို ပြောင်းလဲအသုံးပြုထားပါတယ်။)

အောင်မင်း ဘာသာပြန်သည်။

 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar