အောက်တိုဘာ ၂၇
ဇီကာရောဂါဖြစ်ပွားနေသည့် နိုင်ငံခြားသူတစ်ဦးအား ရန်ကုန်မြို့တွင် တွေ့ရှိပြီးနောက် လိုအပ်သော ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
အသက် ၃၂ နှစ်ရှိ ကိုယ်ဝန်ဆောင် နိုင်ငံခြားသူတွင် ဇီကာရောဂါလက္ခဏာ သံသယရှိသဖြင့် လိုအပ်သော ဓါတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ ရောဂါဖြစ်ပွားလျှက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် အဆိုပါအမျိုးသမီးမှာ မည်သည့်နိုင်ငံသားဖြစ်သည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် ဇီကာရောဂါနှင့်ပတ်သက်ပြီး လိုအပ်သော ကာကွယ် ထိန်းချုပ် နှိမ်နှင်းရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အထူးအလေးထား ဆောင်ရွက်လျှက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စက်တင်ဘာလ အစောပိုင်းက ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူများ ရှိခဲ့ပြီးနောက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို အစိုးရက အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။
စက်တင်ဘာလ အစောပိုင်းက စင်ကာပူနိုင်ငံတွင် မြန်မာတစ်ဦးနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာတစ်ဦးတို့ ဇီကာပိုး ကူးစက်ခံထားရပြီဖြစ်ရာ အဆိုပါဒေသများသို့ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ မလာရောက်ရန် သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် လေဆိပ်၊ ရေဆိပ်နှင့် နိုင်ငံတကာဝင်ပေါက်များတွင် ကိုယ်အပူချိန် ထောက်လှမ်းရေး ကိရိယာများဖြင့် စောင့်ကြပ်ကြည့်ရှုနေပြီး၊ ဇီကာသယ်ဆောင်သည့် ခြင်၏ ပိုးလောက်လန်း၊ ခြင်ဥများကိုလည်း သက်ဆိုင်ရာနည်းပညာဖြင့် ထောက်လှမ်းကာ ကာကွယ်နိုင်ရန် အရှိန်မြှင့် ဆောင်ရွက်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းက Frontier ကို ထိုစဉ်က ပြောကြားခဲ့ဖူးသည်။
သံသယရှိသည့် လူနာတွေ့ရှိပါကလည်း စစ်ဆေးနိုင်မည့်ဓာတ်ခွဲခန်းကို ရန်ကုန်မြို့တွင် အဆင်သင့် ပြင်ဆင်ပြီးပြီဖြစ်ကာ ကနဦးစစ်ဆေးချက်များကို ယင်းနေရာတွင် ဆောင်ရွက်နိုင်ပြီဟု ဝန်ကြီးဌာနမှ သိရသည်။
ခြင်မှတဆင့် ကူးစက်တတ်သော အဆိုပါရောဂါအတွက် ကာကွယ်ဆေး မထွက်ပေါ်သေးပဲ ရောဂါ လက္ခဏာသက်သာစေရန်သာ ကုသနိုင်သေးသည်။ ကူးစက်ခံရပါက သားသမီးမွေးသောအခါ ဦးနှောက် သေးငယ်သော ကလေးငယ်များ မွေးဖွားမည်ဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပင် ကုလသမဂ္ဂက နှိုးဆော်တပ်လှန့်ထားသည်။
အဆိုပါရောဂါကို သယ်ဆောင်သည့်ခြင်မှာ သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် အေဒီးစ် ခြင်ကျားအမျိုးအစားဖြစ်သည်ဟု ဝန်ကြီးဌာနမှ သိရသည်။