ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ Ginlum ကုမ္ပဏီမှ တူးဖော်နေသည်ဟု စွပ်စွဲခံရသည့် Rare Earth သတ္တုတူးဖော်သည့်နေရာကို 2023 ခုနှစ် မေလတွင် မြင်တွေ့ရစဥ်။​

ဇခုန်တိန့်ယိန်းနှင့် သူ့၏ တကျော့ပြန်အင်ပါယာ

စစ်ကောင်စီ၏ မဟာမိတ် ပြည်သူ့စစ်ခေါင်းဆောင် စခုန်တိန့်ယိန်းနှင့်အဖွဲ့သည် ဒေသသယံဇာတဖြစ်သော မြေရှားသတ္တု တူးဖော်ရောင်းချပြီး ကြွယ်ဝချမ်းသာလာခဲ့ကြသည်။​ ၂၀၂၄ ခုနှစ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်၏ ယင်းဒေသကို သိမ်းပိုက်မှုက ၎င်းအဖွဲ့၏ လုပ်ငန်းများကို ဟန့်တားနိုင်စွမ်း ရှိခဲ့ပါသလား။

By EMILY FISHBEIN and JAUMAN NAW | ဖရွန်တီးယား

ဤသတင်းဆောင်းပါးကို Pulitzer Center’s Rainforest Investigations Network ၏ အကူအညီဖြင့် ရေးသား သည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဆိုးဝါးပြင်းထန်သည့် ငလျင်ကြီး လှုပ်ခတ်အပြီး ၃ ရက်အကြာ မတ်လ ၃၁ တွင် ဖေ့စ်ဘွတ်ပေါ်၌ ထူးခြားသည့် ဓာတ်ပုံတစ်ပုံ ပေါ်လာသည်။  အဆိုပါဓာတ်ပုံမှာ ဂျင်းဘောင်းဘီနှင့်ပိုလိုရှပ်ကို ဝတ်ဆင်ထားသူတစ်ဦးက ကျပ် သိန်း ၁,၀၀၀ ဟု စာတန်းကပ်ထားသည့် စက္ကူပုံးကို တိုက်ပုံနှင့်ကချင်ပုဆိုး ဝတ်ထားသောပုဂ္ဂိုလ်တစ်ဦးထံ ပေးအပ်နေသည့်ပုံ ဖြစ်သည်။ နောက်ခံ၌ “ငလျင်ဘေးဒဏ်သင့်ဒေသများသို့ အလှူငွေပေးအပ်ခြင်း အခမ်းအနား မြစ်ကြီးနားမြို့” ဟု ရေးထိုးထားသည်။ အခမ်းအနားအပြင်အဆင်အရ အစိုးရရုံးဌာနတစ်ခု၌ ရိုက်ကူးထားခြင်း ဖြစ်သည်။

အလှူငွေပေးအပ်နေသူမှာ ကချင်ဒီမိုကရေစီပါတီသစ်မှ ဇခုန်ယိန်းဆောင် ဖြစ်သည်။ သူသည် ထင်ရှားသော ကချင်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဇခုန်တိန့်ယိန်း၏သား ဖြစ်သည်။ အလှူငွေ လက်ခံရယူနေသူမှာ စစ်ကောင်စီမှ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားခြင်းခံရသည့် ဦးခက်ထိန်နန် ဖြစ်သည်။

ယင်းဓာတ်ပုံကို ကချင်အထူးဒေသ(၁)၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ထားခြင်းဖြစ်သည်။ အဆိုပါသတင်းစာမျက်နှာကို ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုဟု ဖော်ပြထားပြီး မကြာသေးမီလများအတွင်းကမှ ပေါ်ပေါက်လာသည့် ကချင်အထူးဒေသ(၁)ဟောင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို လွှင့်တင်နေသည့် စာမျက်နှာအများအပြားအနက်မှ တစ်ခုဖြစ်သည်။ 

အထူးဒေသ(၁)နယ်မြေသည် ဇခုန်တိန့်ယိန်း၏ မဟာမိတ်စစ်အုပ်စုများက နှစ် ၃၀ ကျော်ကြာ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး စစ်တပ်နှင့် ပတ်သက်နေမှုအပြင် တရုတ်နယ်စပ် အဆက်အသွယ်ရှိမှုတို့ကို အခွင့်ကောင်းယူ၍ တရားမဝင် လုပ်ငန်းအများအပြားကို လုပ်ကိုင်ရာ နယ်မြေလည်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း လျှပ်စစ်ကား၊ လေအားလျှပ်စစ်တာဘိုင်နှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးပြုသော မြေရှားဒြပ်စင်ဝယ်လိုအား မြင့်မားလာသည့်အခါ အကျိုးအမြတ်ကြီးမားသော မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွင် ၎င်းအဖွဲ့သည် အခရာကျသူများ ဖြစ်လာသည်။ ၎င်းအခြေအနေသည် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုသန့်စင်မှုလုပ်ငန်းများကို ပိုင်ဆိုင်ထားသော တရုတ်နိုင်ငံက မြေရှားထုတ်ယူနိုင်မည့် ရင်းမြစ်အသစ်များကို ရှာဖွေနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းတွင် တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူများအဖို့ ထင်တိုင်းကြဲနိုင်လာကြသကဲ့သို့ မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းလည်း အလွန်ကြီးထွားလာသည်။ အာဏာသိမ်းမှုအလွန် စစ်အာဏာရှင်စနစ် တော်လှန်ရေးအတွက် ဦးဆောင်မှု နေရာမှ ပါဝင်သည့် အဖွဲ့ တစ်ဖွဲ့ ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)သည် ချီဖွေမြို့နယ်၊ ပန်ဝါဌာနချုပ်ကို ယခင်နှစ် အောက်တိုဘာက သိမ်းပိုက်လိုက်သည်။ ဇခုန်တိန့်ယိန်းမှာ တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးသွားသည်ဟု သတင်းများကြားသိရပြီး များမကြာမီ ၎င်း၏ နယ်ခြားစောင့် ပြည်သူ့စစ်တပ်ဖွဲ့များ လုံးဝအရေးနိမ့်ကာ ပန်ဝါကို ကေအိုင်အေ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)က စတင်စီမံအုပ်ချုပ်ခဲ့သည်။ 

ယခုအခါ ဇခုန်တိန့်ယိန်းတစ်ယောက် နယ်မြေလက်မဲ့ ဖြစ်နေသည်မှာ ၉ လကျော်အထိ ကြာမြင့်လာခဲ့ပေပြီ။ သို့ရာတွင် ကချင်အထူးဒေသ(၁) ခေါင်းဆောင်များသည် ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများ ဆက်လက်ရှင်သန်နေစေရန် နိုင်ငံရေးနှင့် လူမှုရေးကွန်ရက်များကို အသုံးချနေကြဆဲဖြစ်ကြောင်း ယခု ငလျင်ဘေးအလှူငွေပေးအပ်ပွဲက သက်သေထူလျက်ရှိသည်။

“ပွဲက မပြီးသေးဘူး။ သူတို့မှာ အကွက်ဖော်ဖို့ ဇာတ်ညွှန်းတွေ ရှိနေသေးတယ်။…သူတို့ရဲ့အနာဂတ်က မြန်မာ့နွေဦး တော်လှန်ရေး ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတဲ့အချက်အပေါ် အတော်လေးမူတည်နေတယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသော ကချင်နိုင်ငံရေးဆန်းစစ်သူတစ်ဦးက ပြောသည်။ 

ယခုဇာတ်လမ်း၌ အဓိကကျသူမှာ ကချင်လူနည်းစုမျိုးနွယ်ဝင် ငေါ့ချန်းလူမျိုးတစ်ဦးဖြစ်သော ဇခုန်တိန့်ယိန်း ဖြစ်သည်။ သူသည် အစောပိုင်းနှစ်များက ကေအိုင်အေ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၁၉၆၈ ခုနှစ်တွင် ကေအိုင်အေနှင့် လမ်းခွဲကာ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သည်။ ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲသွားချိန်၌ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ကို တည်ထောင်သည်။

အဆိုပါနှစ်တွင်ပင် ၎င်း၏ NDA-K သည် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်တလျှောက်နယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ နှစ် ၂၀ ကာလအတွင်း တောင်ကုန်းထူထပ်သော ကချင်အထူးဒေသ(၁)သည် ဘိန်းစိုက်ပျိုးရာ၊ သစ်ခုတ်လှဲရာ အချက်အခြာဒေသတစ်ခု ဖြစ်လာသည်။ 

၂၀၀၉ ခုနှစ်တွင် NDA-K ကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဘိန်းစိုက်ပျိုးရေးနှင့်သစ်ခုတ်လုပ်ငန်းများ မှေးမှိန်လာသည့်အခါ  မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ကြီးထွားလာသည်။ အထူးသဖြင့် ပန်ဝါမြို့အနီးတဝိုက်တွင် သတ္တုတွင်းလုပ်ငန်းများ အများအပြား ပေါ်ပေါက်လာသည်။ ယင်းသတ္တုတွင်းလုပ်ငန်းကြောင့် ဒေသ၏ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်များ အကြီးအကျယ် ပြောင်းလဲသွားသည်။

သတ္တုတွင်းကုမ္ပဏီများက တောင်များကို ဖြိုချပြီး အဆိပ်ဓာတုဆေးများကို မြေကြီးထဲ ထိုးသွင်းကာ ဓာတုဆေးကန်များ၌ မြေရှားသတ္တုများကို အနည်ထိုင်စေသည့်နည်းဖြင့် ထုတ်ယူကြသည်။ အဆိုပါ သတ္တုတွင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအပြင် ကျန်းမာရေးနှင့် လုပ်ငန်းခွင်အန္တရာယ်တို့ ကြီးမားကြောင်း မကြာသေးမီနှစ်များကမှ တစ်စထက်တစ်စ ပိုမိုသိရှိလာကြသည်။ သို့တိုင်အောင်လည်း မြေရှားလုပ်ငန်းနောက်ကွယ်မှ လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများမှာ ယနေ့အချိန်အထိ ပုန်းလျှိုးကွယ်လျှိုးဖြင့် ဆက်လက် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။

မြန်မာ မျိုးကိုကို ကုမ္ပဏီက လုပ်ငန်းလုပ်ကိုင်နေသည်ဟု ဆိုကြသော မြေရှားသတ္တုတွင်းလုပ်ကွက်တစ်ကွက်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လက တွေ့မြင်ရစဉ် (ပေးပို့)

အဆိုပါ လျှို့ဝှက်မြေရှားလုပ်ငန်းကွန်ရက်နှင့်တကွ​ လူနည်းစု အုပ်စုတစ်စုက ကချင်ပြည်နယ်၏ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို မည်သို့မည်ပုံ ချယ်လှယ် အမြတ်ထုတ်နေကြောင်းအပြင် ရရှိလာသည့် ဝင်ငွေများကို ငွေကြေးခဝါချရန်အတွက် မည်သို့ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို ယခု သတင်းဆောင်းပါးတွင် စုံစမ်း ဖော်ထုတ်ရေးသားထားပါသည်။

လက်နက်ကိုင်အဖွဲ့များ ကြီးစိုးရာဒေသရှိ သတ္တုတွင်းလုပ်ငန်းများနှင့် ၎င်းအဖွဲ့များနှင့် ကာလရှည်ကြာ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော တရုတ် ရင်းနှီးမြှုပ်နှံသူများ အကြောင်းကို စုံစမ်းမှုတွင် အထူးအလေးပေး ဖော်ပြထားသည်။

ဤစုံစမ်းမှုကို Justice For Myanmar (JFM)  တက်ကြွလှုပ်ရှားသူများအဖွဲ့နှင့် အတူ Centre for Information Resilience ၏ Myanmar Witness စီမံကိန်းတို့က ပူးပေါင်း ကူညီပေးခဲ့ပြီး အချက်အလက်တစ်ချို့နှင့် ဂြိုဟ်တု ဓာတ်ပုံ ဆန်းစစ်ချက်နှင့် စုံစမ်းစစ်ဆေးရေး အကူအညီများကို ပေးအပ်ခဲ့သည်။

စောင့်ကြည့်ထိန်းကျောင်းသူ ကင်းမဲ့နေခြင်း

မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းသည် မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့် အစောပိုင်းနှစ်များက စတင်ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) အာဏာရလာသော ၂၀၁၆ ခုနှစ်တွင်မှ အရှိန်ရလာခဲ့သည်။ ပွင့်လင်းမြင်သာမှုမရှိသလို ရံဖန်ရံခါ စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များ ပါဝင်ပတ်သက်နေ သော အကျိုးစီးပွားပဋိပက္ခများ ရှိနေသည့် သတ္တုတွင်းကဏ္ဍကို အရပ်သားအစိုးရက အမွေဆက်ခံခဲ့ရသည်။

အန်အယ်ဒီအစိုးရသည် အရပ်ဖက်အဖွဲ့အစည်းများအပြင် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သော တွင်းထွက် သယံဇာတအရင်းအမြစ်တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့ (EITI) တို့နှင့် ပူးပေါင်း၍ သတ္တုတွင်းကဏ္ဍ ထိန်းသိမ်းကြပ်မတ်ရေး အားကောင်းလာရန် ကြိုးပမ်းခဲ့သည်။ အဓိကကျသော ကြိုးပမ်းမှုတစ်ရပ်မှာ ကုမ္ပဏီများကို ၎င်းတို့၏ ပိုင်ရှင်အမည်နှင့် အစုရှယ်ယာရှင် အမည်များကို ထုတ်ဖော် ပြောကြားစေအောင် ဖိအားပေးခြင်း ဖြစ်သည်။ သို့သော် ၎င်းစီမံချက်မှာ အကြီးအကျယ် ကျရှုံးခဲ့ပြီး ပြုပြင်ပြောင်းလဲမှုကို အောင်မြင်စွာ မဆောင်ရွက်နိုင်သည့်အတွက် အန်အယ်ဒီအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

“သတ္တုတွင်း လုပ်ငန်းတစ်ခုလုံးက အကျင့်ပျက်ခြစားနေတာပါ။ ထိန်းကျောင်းမှုစနစ်ဆိုတာ စာရွက်ပေါ်မှာပဲ ရှိတယ်။ ဒါလဲ ဟန်ပြ သက်သက်ပဲ။ ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်နေတဲ့ စနစ်က သီးခြားရှိနေပါတယ်” ဟု လုံခြုံရေးအတွက် အမည်မဖော်လိုသော သဘာဝသယံဇာတလုပ်ငန်းဆိုင်ရာ အရပ်ဖက်အဖွဲ့မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ကချင်အထူးဒေသ(၁)၏ ဝေးလံခေါင်ဖျား အလှမ်းဝေးကွာမှု၊ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေမှုတို့က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ၌ ထင်တိုင်းကြဲလုပ်ခွင့်သာရန် ကန့်လန့်ကာတစ်ခု ထပ်မံ ဖုံးအုပ်ပေးထားသကဲ့သို့ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ အန်အယ်ဒီအစိုးရ၏ အာဏာစက်ပြင်ပတွင် နယ်ခြားစောင့်တပ်က ၎င်းတို့ ကိုယ်ပိုင်နည်းလမ်းဖြင့် ပါမစ်များ ခွင့်ပြုထုတ်ပေးခဲ့ပုံရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အရပ်ဖက်အဖွဲ့အစည်းဝန်ထမ်း၏ အဆိုအရ ကချင်အထူးဒေသ(၁) နယ်မြေအတွင်း မည်သူ့ကို ဝင်ထွက်ခွင့် ပြုမည်/မပြုမည်၊ မည်သည့်လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးမည်/မပေးမည်ဟူသော ဆုံးဖြတ်ချက်ကို ဇခုန်တိန့်ယိန်းတို့ အုပ်စုကသာ ထိန်းချုပ်ထားသည်ဟု သိရှိရသည်။

“ပွင့်လင်းမြင်သာမှု ရှိသလား၊ တာဝန်ခံမှု ရှိသလားလို့ ခင်ဗျားက မေးလာရင် အတော့်ကို အလှမ်းဝေးတဲ့ ကိစ္စပါ။ လုံးလုံး မရှိဘူးလို့ပင် ဆိုနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းမှု ဖြစ်ပွားသောအခါ မြန်မာ့အရပ်ဖက်အဖွဲ့အစည်း၏ လှုပ်သာရှားသာရှိမှု နယ်ပယ် ကျဉ်းမြောင်းသွားရသည်။ အာဏာသိမ်းမှုကြောင့် ကချင်ဒေသ မြေရှားတူးဖော်မှု လုပ်ငန်း၌ လုပ်ကိုင်နေသော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး မျှော်လင့်ချက်များအားလုံး ရေစုန်မျောသွားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“စောင့်ကြည့်သူမရှိ၊ ထိန်းကျောင်းသူ မရှိတဲ့ အခြေအနေပါ။ မြေရှားသတ္တုတူးဖော်ရေးအကြောင်း အစီရင်ခံစာတွေ ထွက်လာပေမဲ့လို့ [ပါဝင်ပတ်သက်သူတွေက] လုံးဝကို ဂရုမစိုက်ကြဘူး။ ကျွန်တော်တို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး” ဟု သူက ဆိုသည်။​

ရာဇဝတ်လုပ်ငန်း အင်ပါယာ

အထက်ပါအရင်းခံအကြောင်းများကြောင့် ကချင်နယ်ခြားစောင့်တပ်၏ စီးပွားရေးကွန်ရက်အကြောင်း ခြေရာခံနိုင် ရန် ခက်ခဲလှသည်။ သို့တိုင်အောင်လည်း တွေ့ဆုံမေးမြန်းချက်များ၊ အွန်လိုင်းသုတေသနပြုမှုများနှင့် ကုမ္ပဏီ မှတ်တမ်းများကို ကွင်းဆက်ဖော်သလို တစ်စစီ တိုက်ဆိုင်စစ်ဆေးဆန်းစစ်ကြည့်သည့်အခါ အချို့ အသေးစိတ် အချက်များကို ဖော်ထုတ်ရရှိလာခဲ့သည်။

ပန်ဝါဒေသ၌ နေထိုင် အလုပ်လုပ်ကိုင်ပြီး သုတေသနဆောင်ရွက်ခဲ့ဖူးသော ရင်းမြစ်များကမူ ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဇခုန်တိန့်ယိန်းသည် နယ်မြေအတွင်း တစ်ချက်လွှတ်အမိန့်ကို ပိုင်ဆိုင်သော အာဏာရှင်ဖြစ်သော်လည်း အသက်အရွယ်အိုမင်းလာသည့်အခါ သမီး ယိန်းမြောနှင့် သားများဖြစ်ကြသော ယိန်းဆောင်နှင့် ယိန်းချန်တို့က မိသားစုလုပ်ငန်းကို ပိုမိုဦးစီးလာကြသည် ဟု ဆိုသည်။

ယမန်နှစ်အတွင်း ကေအိုင်အေ၏ နယ်မြေမှ မောင်းထုတ်ခံရပြီးကတည်းက ဇခုန်တိန့်ယိန်းနှင့် သားသမီးများသည် ခရီးများ တောက်လျှောက်သွား၍ ၎င်းတို့၏ ကွန်ရက်ကို ချဲ့ထွင်နေကြသည်။ (ဖေ့စ်ဘွတ်)

ဇခုန်တိန့်ယိန်းတို့မိသားစုသည် သက်တမ်းကုန်ဆုံးနေသော ကုမ္ပဏီများအပါအဝင် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော ကုမ္ပဏီစုစုပေါင်း ၂၉ ခုတွင် ဒါရိုက်တာများအဖြစ် တာဝန်ယူထားကြကြောင်း Open Corporates နှင့် JFM တို့မှ ရရှိသော အချက်အလက်မှတ်တမ်းများအရ သိရသည်။ အဆိုပါလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ ကျောက်မျက်ရတနာလုပ်ငန်းတို့အပြင် သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ သတ္တုတွင်းနှင့် ဒေသ ဖွံ့ဖြိုးမှုစီမံကိန်း ကုမ္ပဏီများ ပါဝင်ကြသည်။

ပြည်သူ့စစ်ခေါင်းဆောင် မိသားစုနှင့် ဆက်နွှယ်သည့် ကုမ္ပဏီမှတ်တမ်းများအနက် မြေရှားလုပ်ငန်းဆိုင်ရာ တရားဝင်ပါမစ်အတွက် ခြေရာခံနိုင်သည့် ကုမ္ပဏီမှာ “မြန်မာမျိုးကိုကို ဆေးကုသမှုနှင့်ဆိုင်သော ပစ္စည်းကိရိယာ ကုမ္ပဏီ လီမိတက်” တစ်ခုတည်းသာ ရှိသည်။ အဆိုပါ ပါမစ်အချက်အလက်များကို အများပြည်သူ ကြည့်ရှုနိုင်ခြင်း မရှိသော်လည်း အန်ဂျီအိုတစ်ခုက ဖရွန်တီးယားသို့ ပေးပို့လာသော မိတ္တူအရ ၎င်းကုမ္ပဏီအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၆ လတာကာလအတွက် ချီဖွေမြို့နယ်ရှိ လုပ်ကွက် ၅ ခု၊ စုစုပေါင်း မြေ ၁၃၅ ဧက တွင် မြေရှားသတ္တု တူးဖော်ရန် ခွင့်ပြုထားကြောင်း သိရှိရသည်။

စစ်အစိုးရသည် သတ္တုတွင်းပါမစ်အချက်အလက်များကို အာဏာသိမ်းပြီးကတည်းက ထုတ်ပြန် ကြေညာခြင်း မရှိတော့သဖြင့် မြန်မာမျိုးကိုကို၊ သို့မဟုတ် အခြား ကုမ္ပဏီများအား မြေရှားသတ္တုတူးဖော်ရန် ခွင့်ပြုထားခြင်း ရှိ/မရှိ အတည်ပြုရန် ခက်ခဲသည်။ သို့သော် ကချင်ဒေသ မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းကို သုတေသနပြုခဲ့သော အရပ်ဖက်အဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ ဇခုန်တိန့်ယိန်းမိသားစုပိုင် ကုမ္ပဏီများအနက် မြန်မာမျိုးကိုကို၊ ချန်ယင်ခူးနှင့် ဆန်းလင်း ကုမ္ပဏီ (၃)ခုသည် မြေရှားလုပ်ငန်းတွင် လုပ်ကိုင်လျက် ရှိကြောင်း တွေ့ရှိရသည်။

ဇခုန်တိန့်ယိန်းနှင့် ပတ်သက်သော ကုမ္ပဏီ ငါးခုအစုဖြစ်သည့် ချန်ယင်ခူးကုမ္ပဏီနှင့် ကုမ္ပဏီမှတ်တမ်းတစ်ခုက ဖော်ပြသော ၎င်းတို့မိသားစုနှင့် ဆက်နွှယ်နေသည့် ဆန်းလင်းအင်တာနေရှင်နယ်ပို့ကုန်သွင်းကုန် ကုမ္ပဏီလီမိတက်တို့အကြောင်း ဖရွန်တီးယားက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

သို့ရာတွင် မြန်မာမျိုးကိုကိုကုမ္ပဏီတွင် ယမန်နှစ်က ၆ လကြာ အလုပ်လုပ်ခဲ့ဖူးကြောင်း အလုပ်သမား တစ်ယောက်က ဖရွန်တီးယားသို့ ၎င်းပေးပို့လာသည့် ဓာတ်ပုံတွင် မြေရှားသတ္တုလုပ်ငန်း၌ အဓိက အသုံးပြုသော ဓာတုဆေးကန်များကို တွေ့ရသည်။ ဒေသခံ သတင်းဌာနများကလည်း ယမန်နှစ် ဇွန်လ ၄ ရက်က ပန်ဝါမြို့ရှိ မြန်မာမျိုးကိုကို မြေရှားသတ္တုတွင်းလုပ်ကွက်တွင် မြေပြိုမှုဖြစ်ပွားပြီး လူသေဆုံးခဲ့ကြောင်း သတင်း ဖော်ပြကြသည်။ 

မြန်မာမျိုးကိုကို ကုမ္ပဏီအပြင် ဆန်းလင်းနှင့် ချန်ယင်ခူးကုမ္ပဏီများထံသို့ ဖရွန်တီးယားက အီးမေးလ်မှတဆင့် ဆက်သွယ်ကာ ရရှိထားသော သတင်းအချက်အလက်များအပေါ် မှတ်ချက်တောင်းခံခဲ့သော်လည်း အကြောင်းပြန်ကြားစာ မရရှိခဲ့ပါ။

ဇခုန်တိန့်ယိန်းမိသားစု အသိုင်းအဝိုင်း၏ မြေရှားသတ္တုကြောင့် ကျိကျိတက် ချမ်းသာကြွယ်ဝမှုသည် စစ်တပ်နှင့် မဟာမိတ်ပြုထားသော ရင်းနှီးသည့် အဆက်အသွယ်များနှင့် တိုက်ရိုက်တိုက်ဆိုင်နေကြောင်း JFM က ဆိုသည်။

“ဇခုန်တိန့်ယိန်းက ရာဇဝတ်လုပ်ငန်းအင်ပါယာကြီးကို တည်ထောင်ထားတယ်။ အဲ့ဒီ အင်ပါယာက ရပ်ရွာလူထုနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး တရားမဝင် သတ္တုလုပ်ငန်းက ရရှိတဲ့ ငွေမည်းတွေကို သူ့ မိသားစုနဲ့ တခြားရာဇဝတ်သားတွေဆီ ပြန်လည် ခွဲဝေပေးတာ ဖြစ်ပါတယ်။” ဟု JFM ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ပြောသည်။ 

“ဒီလို ဖြန့်ဝေဖို့ဆိုတာ မြန်မာ စစ်ဗိုလ်ချုပ်တွေ မပါဝင်ဘဲ လုပ်လို့မရတဲ့ လုပ်ငန်းပါ” ဟု ရတနာမောင်က ဆိုသည်။

ကချင်အထူးဒေသ (၁)တွင် ဇခုန်တိန့်ယိန်းသည် အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း နယ်မြေအတွင်းရှိ စစ်ဘုရင်မှာ ၎င်းတစ်ဦးတည်းမဟုတ်ပေ။ ဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်နှင့် မဟာမိတ်ပြုထားသော ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်နေသည့် လဂွေဘန်လန်း (Lagwi Bawm Lang) သည်လည်း မြေရှားသတ္တုလုပ်ငန်းတွင် ထင်ရှားသူတစ်ဦးဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဇာတိဖြစ်သူ လဂွေဘန်လန်းသည် ပန်ဝါဒေသ၌ လူများစုဖြစ်သည့် လရှီးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် ဇခုန်တိန့်ယိန်းက ၎င်းကို ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်စေရာမှ စတင်အာဏာရလာသည်ဟု ဒေသခံများက ဆိုသည်။ နောက် ၁၀ နှစ်အကြာတွင် လဂွေဘန်လန်း သည် ပန်ဝါ၌ ဩဇာတိက္ကမအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။

ပြည်သူ့စစ်ခေါင်းဆောင် လဂွေဘန်လန်း သည် ယမန်နှစ်က ကေအိုင်အေ လက်အောက် မကျရောက်မီအထိ ပန်ဝါဒေသ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း၌ တန်ခိုးအထွားဆုံးသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် မြေရှားတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ (ဖေ့စ်ဘွတ်)

သက်တမ်းကုန်နေသော လုပ်ငန်းအချို့အပါအဝင် အနည်းဆုံး မြန်မာကုမ္ပဏီ ၁၂ ခု၌ လဂွေဘန်လန်းသည် ဒါရိုက်တာတစ်ဦးဖြစ်ကြောင်း ကုမ္ပဏီမှတ်တမ်းများအရ သိရှိရသည်။ အဆိုပါကုမ္ပဏီများတွင် သတ္တုတွင်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကုမ္ပဏီများ ပါဝင်သည်။ ၎င်းကုမ္ပဏီများအနက် ဆန်းလင်းနှင့် ဘွန်မြန်း ကုမ္ပဏီတို့မှာ ပန်ဝါဒေသ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွင် ပါဝင် ပတ်သက်နေကြသည်ဟု အရပ်ဖက်အဖွဲ့နှင့် တက်ကြွလှုပ်ရှားသူ ရင်းမြစ်များက ပြောကြားသည်။

၎င်းဖော်ပြချက်များကို ဖရွန်တီးယားက သီးခြား အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။​ အဆိုပါကုမ္ပဏီ နှစ်ခုသို့ မှတ်ချက်ပြုရန် ဖရွန်တီးယားက အီးမေးများ ပေးပို့ခဲ့သော်လည်း အကြောင်းပြန်ကြားချက် မရရှိခဲ့ပါ။​ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သော Global Witness ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာ၌ ကုမ္ပဏီမှတ်တမ်းများအရ လဂွေဘန်လန်းနှင့် ဆက်နွှယ်သည့် စင်ကြိုင်ကုမ္ပဏီမှ မြေရှားသတ္တုတွင်းလုပ်သားတစ်ဦးကို မြေရှားသတ္တုတွင်းနေရာ ဓာတ်ပုံများနှင့်အတူ ကိုးကားဖော်ပြထားသည်။ ၎င်းကုမ္ပဏီသည်လည်း မှတ်ချက် ပေးရန် အီးမေး ပေးပို့မှုကို အကြောင်းပြန်လာခဲ့ခြင်း မရှိပါ။

ကချင်နယ်ခြားစောင့်တပ်၏ လက်တံသည် စစ်ကောင်စီအဖွဲ့ သို့တိုင် ရှည်လျားသည်။ ၎င်းမှာ လက်ရှိ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မန်ရှန်တိန့်ဆောင် ဖြစ်သည်။ ဦးတိန့်ဆောင်သည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မိုင်းကိုးမြို့မှ လရှီးတိုင်းရင်းသားတစ်ဦးဖြစ်ကာ ဇခုန်တိန့်ယိန်း၏ NDA-K တပ်ဖွဲ့တွင် တပ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု မြန်မာနောင်းက ရေးသားသည်။ ဦးတိန့်ဆောင်သည် ၂၀၁၅ ခုနှစ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲအထိ တာဝန်ထမ်းဆောင်ခဲ့ကာ ဇခုန်တိန့်ယိန်းက နာယကအဖြစ် ဆောင်ရွက်သော ကချင်ဒီမိုကရေစီသစ်ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ကုမ္ပဏီမှတ်တမ်းများအရ တိန့်ဆောင်ကို လဂွေဘန်လန်း နှင့် ယှဉ်တွဲ၍ ဘွန်မြန်းနှင့် “စင်ကြိုင်”အမည်ပါ အခြားကုမ္ပဏီ ၅ ခုတွင် ဒါရိုက်တာအဖြစ် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် မတ်လတွင် တိန့်ဆောင်သည် စစ်အစိုးရ၏ ကချင်ပြည်နယ်အစိုးရ ဝန်ကြီးတစ်ဦးအဖြစ် ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းများသို့ သွားရောက် စစ်ဆေးကြည့်ရှုခဲ့သည်။

ကချင်ဒေသ သယံဇာတမှ ရရှိသော ဝင်ငွေများကို စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များထံ အသေအချာ ရောက်ရှိစေရန် တိန့်ဆောင်က ကူညီရသည်ဟု JFM က ဆိုသည်။

“စစ်ကောင်စီလက်အောက်မှာ ပြည်နယ်ဝန်ကြီး တစ်ဦးဖြစ်နေတဲ့အချက်က ဇခုန်တိန့်ယိန်းရဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်သော အကျိုးစီးပွားရှိနေတဲ့အချက်အပြင် စစ်တပ်ရဲ့ စနစ်တကျ အကျင့်ပျက်ခြစားမှုမှာ သူ ပါဝင်ပတ်သက်နေကြောင်း သက်သေထူနေပါတယ်” ဟု ရတနာမောင်က ပြောကြားသည်။

သတ္တုတွင်း လုပ်ငန်းရှင်၊ ထင်ပေါ်ကျော်ကြားသူနှင့် ရှော့ပင်းစင်တာပိုင်ရှင်

ဇခုန်တိန့်ယိန်း၏ ကွန်ရက်အတွင်းမှ နောက်ထပ်ထင်ရှားသော လုပ်ငန်းရှင်တစ်ဦးမှာ မန်ရှန်းဒိန်ယိန်း ဖြစ်သည်။ ၎င်းသည် လရှီးမျိုးနွယ်စုဝင် တစ်ဦးဖြစ်ပြီး NDA-K  ၏ စီးပွားရေးဌာနကို ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်အစောပိုင်းနှစ်များက ဦးဆောင်ခဲ့သည်။ နောက်ပိုင်းတွင် NDA-K မှ နုတ်ထွက်သွားခဲ့သည်ဟု သတင်းများက ဆိုသည်။

“မန်ရှန်းဒိန်ယိန်းဟာ စေ့စပ်ဆွေးနွေးရေးသမားကောင်း၊ ဒါမှမဟုတ် စစ်တပ်နဲ့ ဆက်ဆံရေး အတော်ကောင်းသူတစ်ဦးပါ” ဟု စကားစရင်း သူသည် ဇခုန်တိန့်ယိန်း၏ အသိုင်းအဝန်းအတွင်း အယုံကြည်ရဆုံး ပုဂ္ဂိုလ်ဖြစ်သလို တရုတ်လုပ်ငန်းရှင်များနှင့် လုပ်ငန်းလုပ်ကိုင်ခဲ့သူဟု ထိုစဉ်က ၎င်းကို သိကျွမ်းသော သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

မန်ရှင်းဒိန်ယိန်းသည် ၂၀၀၄ ခုနှစ်တွင် ဇခုန်ယိန့်ဆောင်၊ ဇခုန်တိန့်ယိန်း၏ ဇနီးနှင့် စောနိုင် ဆိုသော ပုဂ္ဂိုလ်တို့ နှင့်အတူ မြန်မာအေပက်စ် (ပန်ဝါ) သတ္တုတွင်းကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့သည်ဟု မှတ်တမ်းများက ဆိုသည်။ ရင်းမြစ်တစ်ခုထံမှ ရရှိသော မြန်မာသတ္တုတွင်းခွင့်ပြုပေးမှု အချက်အလက်များအရ ကုမ္ပဏီသည် ပန်ဝါဒေသတွင် ခဲနှင့် သံဖြူတူးဖော်ရန် ခွင့်ပြုချက်သုံးစောင်ကို ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအေပက်စ်ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ်တွင် တရားဝင်ဖျက်သိမ်းလိုက်သော်လည်း ဒိုန်ယိန်းတွင် စင်္ကာပူ အခြေစိုက်ကုမ္ပဏီနှစ်ခု ကျန်ရှိသည်။ ၎င်းတို့မှာ မြန်မာအေပက်စ် (ပန်ဝါ) သတ္တုတွင်း Pte လီမိတက်နှင့် ပန်ဝါသယံဇာတ Pte လီမိတက်တို့ဖြစ်ကာ ၎င်းကုမ္ပဏီများသည်လည်း လုပ်ငန်းကွန်ရက်တစ်ခုတည်းအတွင်း ချိတ်ဆက်မှုရှိနေကြသည်။ စတုတ္ထကုမ္ပဏီဖြစ်သော ပန်ဝါသယံဇာတ Pte (ယူအက်စ်အေ) လီမိတက်ကို ၂၀၁၈ ခုနှစ်တွင် ကာလီဖိုးနီးယားပြည်နယ်၌ မှတ်ပုံတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က လုပ်ငန်းလိုင်စင်ကို ရပ်ဆိုင်းခဲ့သည်။

ဤကုမ္ပဏီများသည် မန်ရှန်းဒိန်ယိန်း၏ လက်တံကျယ်လှသော လုပ်ငန်းကွန်ရက်ကြီးမှ အစိတ်အပိုင်းငယ် တစ်ခုမျှသာ ဖြစ်သည်။ ၂၀၀၇ ခုနှစ်က တည်ထောင်ခဲ့သော ၎င်း၏ ဒယ်လကို (Developers Entrepreneurs Liaison Construction Organizers) လီမိတက်ကုမ္ပဏီသည် သံဖြူ၊ အဖြိုက်နက်နှင့် သတ္တုအရော တူးဖော်၊ သန့်စင်၊ ထုတ်လုပ်ရေးလုပ်ငန်း၌ မြန်မာနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီဖြစ်သည်ဟု ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တစ်ချိန်က NDA-K  ၏ စီးပွားရေးဌာနကို ဦးဆောင်ခဲ့သလို သတ္တုတွင်းလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သော မန်ရှန်းဒိန်ယိန်းသည် ကချင်ဒေသ မြေရှားသတ္တုလုပ်ငန်းအတွက် မည်သူမှ မရနိုင်သော အထူးလုပ်ပိုင်ခွင့်များကို ရရှိနေဖွယ်ရှိသည်။ (ဖေ့စ်ဘွတ်)

မန်ရှင်းဒိန်ယိန်းသည် ဇခုန်တိန့်ယိန်းအုပ်စုနှင့် တရားဝင် အဆက်အသွယ်များ ဖြတ်တောက်ထားလင့်ကစား NDA-K  တွင် ၎င်းတာဝန်ထမ်းဆောင်စဉ်က ထူထောင်ခဲ့သော အချိတ်အဆက်များမှနေ၍ အကျိုးခံစားခွင့်များ ဆက်လက်ခံစားနေနိုင်သည်ဟု ဤစုံစမ်းမှုအတွက် တွေ့ဆုံမေးမြန်းခဲ့သော ဒေသခံစီးပွားရေးကွန်ရက်နှင့် နီးစပ်သူ သတင်းရင်းမြစ်အများအပြားက ယူဆကြသည်။

အချို့ကဆိုလျှင် ယမန်နှစ် ကေအိုင်အေတို့၏ သိမ်းပိုက်ခံရချိန်အထိ ကချင်အထူးဒေသ(၁)၌ မန်ရှန်းဒိန်ယိန်းသည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေဆဲ ဖြစ်လိမ့်မည်ဟု သံသယရှိကြသည်။ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ၎င်း၏ ပတ်သက်မှုကို သက်သ ထူနိုင်မှု တစ်စုံတစ်ရာမရှိသော်လည်း ၎င်း၏ အတွေ့အကြုံဖြတ်သန်းမှုနှင့် ကွန်ရက်များအရ မြေရှားလုပ်ငန်း၌ အထူး သီးသန့်အခွင့်အရေးများ ရရှိနေနိုင်သည်ဟု ၎င်းတို့က ထင်မြင်ကြသည်။

ဒယ်လကိုကုမ္ပဏီ၏ ဝဘ်ဆိုက်မှတစ်ဆင့် မန်ရှင်းဒိန်ယိန်းထံသို့ Frontier က အီးမေးဖြင့် မေးခွန်းများ ပေးပို့မေးမြန်းထားသော်လည်း ပြန်ကြားချက်ကို လက်ခံရရှိခြင်း မရှိပါ။

ကချင်မြေရှားလုပ်ငန်းနှင့် ပတ်သက်နေနိုင်ပြီး ယခင်သတင်းများတွင် မတွေ့ရဖူးသေးသည့် အခြား အရေး ပါသော ပုဂ္ဂိုလ် နှစ်ဦးကိုလည်း ဤစုံစမ်းမှုက ဖော်ထုတ် ရရှိသည်။ ၎င်းတို့ နှစ်ဦးစလုံး၏ အမည်မှာ ဇွမ်းဇန်ဒေါင်လွမ်း (Jung Zang Dau Lum) ဖြစ်သည်။ တစ်ဦးမှာ ကျော်ကြားသော ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော်ဖြစ်၍ ဂျေဇက် ဒေါင်လွမ်း ဟု ခေါ်ကြသည်။ အခြား တစ်ဦးမှာ ဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်တွင် ယမန်နှစ် ကေအိုင်အေ သိမ်းယူချိန်အထိ တာဝန်ထမ်းခဲ့သော ဒေါင်လွမ်း ဖြစ်သည်ဟု ရင်းမြစ်များက ဆိုသည်။ ကချင်လော်ဝေါ်မျိုးနွယ်စုဝင်များဖြစ်ကြသော ၎င်းတို့ နှစ်ဦးသည် ဂင်းလွမ်းဟု အမည်ပေး ထားသည့် ကုမ္ပဏီမှတစ်ဆင့် မြေရှားသတ္တုအကျိုးအမြတ်များကို ပူးတွဲရရှိနေသော အမျိုးတော်စပ်သူများ ဖြစ်သည်ဟု သိရသည်။

၂၀၁၅ ခုနှစ်က ရန်ကုန်တွင် မှတ်ပုံတင်ခဲ့သော ဂင်းလွမ်း ကုမ္ပဏီတွင် ဒါရိုက်တာ ၄ ဦး ရှိကြောင်း ကုမ္ပဏီမှတ်တမ်းများက ဆိုသည်။ ဤစာရင်းကို လူမှုမီဒီယာပို့စ်များ၊ အင်တာဗျူးများဖြင့် ဖရွန်တီးယား က အပြန်ပြန် အလှန်လှန် တိုက်ဆိုင် စစ်ဆေးသည့်အခါ ဒါရိုက်တာများမှာ ဂျေဇက် ဒေါင်လွမ်း၊ ဇွန်မိုင်ဟု ခေါ်သော ၎င်း၏ ဇနီးဖြစ်သူ စုမွန်လှအောင်၊ အမ်ကေမီဒီယာ ရုပ်ရှင်ထုတ်လုပ်ရေးနှင့် အွန်လိုင်းချန်နယ်လုပ်ငန်းများ၌ ဂျေဇက် ဒေါင်လွမ်းနှင့် အချိတ်အဆက်ရှိသူ ဇော်ထွန်းဦးနှင့် နယ်ခြားစောင့်တပ်မှ ဒေါင်လွမ်း ၏ ဇနီး လာရေ ဇီနောတို့ ဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။

ယမန်နှစ်က လုပ်ငန်းပိတ်သိမ်းချိန်အထိ ဂင်းလွမ်းမြေရှားသတ္တုတွင်း၌ အလုပ်လုပ်ကိုင်ခဲ့ဖူးသည်ဟု အလုပ်သမားတစ်ဦးက ဆိုသည်။ ၂၀၂၃ ခုနှစ် မေလအတွင်း ၎င်းရိုက်ကူးခဲ့သော ဓာတ်ပုံများ၌ ဓာတုဆေးပိုက်များနှင့် ဓာတုဆေးကန်များကို တွေ့ရှိရသည်။

ဂျေဇက်ဒေါင်လွမ်း နှင့် ပတ်သက်သော ဂင်းလွမ်းကုမ္ပဏီတစ်ခုသည်လည်း မြစ်ကြီးနားရှိ ဈေးဝယ်စင်တာကို တည်ဆောက်ပေးခဲ့သည်ဟု စစ်အစိုးရ၏ ကချင်ပြည်နယ်အစိုးရဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဂျေဇက် စင်တာဟု ခေါ်ဆိုသော အဆိုပါ ဈေးဝယ်စင်တာဖွင့်ပွဲကို မတ်လက ကျင်းပခဲ့သည်။ ၎င်းတွင် ဂျေဇက်ဘားအရက်ဆိုင်၊ စားသောက်ဆိုင်၊ ဂျေဇက် ဇိမ်ခံရုပ်ရှင်ရုံ၊ ဂျေဇက် အစားအသောက်တန်း၊ ကျောက်မျက်ရတနာလက်လီဆိုင်များ၊ အထည်အလိပ်နှင့် မိုဘိုင်းဖုန်းဆိုင်များ ပါဝင်သည်။

ဂင်းလွမ်းကုမ္ပဏီနှင့် ဂျေဇက်စင်တာတို့ကို ဖရွန်တီးယားက အီးမေးဖြင့် ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်စာ မရရှိခဲ့ပါ။

မြစ်ကြီးနားမြို့ရှိ ဂျေဇက်စင်တာကို တည်ဆောက်ခဲ့သော ဂင်းလွမ်းကုမ္ပဏီသည်လည်းကချင်ပြည်နယ် မြေရှား သတ္တုလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်။ (ဖေ့စ်ဘွတ်)

လက်ရှိအချိန်တွင် ဇခုန်တိန့်ယိန်းသည် နယ်မြေလက်မဲ့ ဖြစ်နေသော်လည်း ၎င်းနှင့် ၎င်း၏ရင်းနှီးသူမိတ်ဆွေ များမှာမူ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြပြီး မြေရှားသတ္တုမှ ရရှိမည့် စည်းစိမ်ခွဲတမ်းအတွက် တစ်ဖက်က ညှိနှိုင်းရင်း အခြားတစ်ဖက်တွင်လည်း ရွှေတူးဖော်ရေး၊ ရေနံလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများ၌ ပြန်လည် ရင်းနှီးမြှုပ်နှံ နေကြဖွယ်ရှိသည်ဟု ဒေသလုပ်ငန်းများနှင့် နီးစပ်သောရင်းမြစ်များက ဆိုသည်။

အဆိုပါ သတင်းကို ဖရွန်တီးယားက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသော်လည်း Myanmar Witness နှင့် ပူးပေါင်း၍ ဤသတင်ဆောင်းပါးကို ရေးသားသူများ၏ အများသုံး လူမှုမီဒီယာ ပို့စ်များအပေါ် လေ့လာဆန်းစစ်ချက်အရ ဇခုန်နှင့် လဂွေးမိသားစုများသည် ကေအိုင်အေကို အရေးနိမ့်ပြီးကတည်းက ခရီးအကြိမ်ကြိမ်ထွက်ကာ အဆက်အသွယ်ကွန်ရက်များ တည်ဆောက်နေကြကြောင်း တွေ့ရှိရသည်။

ဇခုန်တိန့်ယိန်း၏ သားဖြစ်သူ ယိန့်ဆောင်ကလည်း ၎င်း၏ ဖေ့စ်ဘွတ်တွင် ဗီဒီယိုကလစ်အချို့ တင်ထားရာ ကလစ်တစ်ခုတွင် တောတွင်း စစ်ရေးလေ့ကျင့်မှု စခန်းတစ်ခုကို ပြသထားသလို အခြား ကလစ်တစ်ခုကို “အထူးဒေသဆီသို့ ချီတက်ခြင်း” ဟု ခေါင်းစည်းတပ်ထားသည်။ ထို့အတူ စစ်အစိုးရက ဇူလိုင်လ ၃၁ ရက်တွင် ချီဖွေ အပါအဝင် ကချင်ပြည်နယ်ရှိ မြို့နယ်ငါးခုကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရာ ဒေသအတွင်းသို့ တိုက်ပွဲများ တစ်ဖန် ပြန်ရောက်လာနိုင်ချေရှိကြောင်း ၎င်းသတင်းများက ဖော်ညွှန်းနေကြသည်။

ဇခုန်တိန့်ယိန်းနှင့် ၎င်း၏ ကွန်ရက်များသို့ တရားမဝင် ငွေကြေးစီးဆင်နေမှုများ ရပ်တန့်သွားအောင် နိုင်ငံတကာက ပိုမိုအားထည့်လုပ်ဆောင်ရန် JFM က တောင်းဆိုလိုက်သည်။

“ကချင်နယ်ခြားစောင့်တပ်ဟာ စစ်ပွဲမှာ ရှုံးနိမ့်သွားတယ်ဆိုပေမဲ့ သူတို့ရဲ့ စီးပွားရေးအင်ပါယာကြီးကိုပါ ဖြိုခွဲပစ်ဖို့ လိုအပ်နေပါသေးတယ်” ဟု ရတနာမောင်က ပြောသည်။

“ကချင် နယ်ခြားစောင့်တပ်ရဲ့ စီးပွားရေးကွန်ရက်ကို ပစ်မှတ်ထားပြီး အရေးယူ ပိတ်ဆို့ရမယ်။ ဇခုန်တိန့်ယိန်းနဲ့ သူ့အပေါင်းပါတွေကို သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူခိုင်းရမှာ ဖြစ်သလို့ သူတို့ ခိုးယူသွားတဲ့ ဥစ္စာပစ္စည်းတွေကို သိမ်းယူပြီး သူတို့ကြောင့် ဒုက္ခခံစားခဲ့ရသူတွေဆီ ပြန်လည် ဝေမျှပေးရမှာ လည်း ဖြစ်ပါတယ်” ဟု ရတနာမောင်က ဆိုသည်၊

ဤသတင်းဆောင်းပါးကို ဇောင် (Zau)က ပံ့ပိုး ကူညီရေးသားသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.