နေပြည်တော်၊ မေ ၁၈
နေပြည်တော်သို့ ချီတက်လာသည့် အလုပ်သမားသပိတ်မှ အဖွဲ့ဝင် ၆၀ ဦးအား ယနေ့ ဖမ်းဆီးခဲ့သည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က အေအက်ဖ်ပီကို အတည်ပြု ပြောကြားခဲ့သည်။
“ဘယ်သူမှ ထိခိုက်ဒဏ်ရာရရှိခြင်းမဖြစ်အောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။
စစ်ကိုင်းစက်မှုဇုံရှိ Myanmar Veneer သစ်ပါးလွှာစက်ရုံမှ အလုပ်သမားများသည် အလုပ်သမားအခွင့်အရေးများ တောင်းဆိုရာတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ တာဝန်ရှိသူများနှင့် နှစ်လနီးပါးခန့် ညှိနှိုင်းဖြေရှင်းသော်လည်း မပြေလည်ကြသဖြင့် နေပြည်တော်ရှိ အာဏာပိုင်များထံ တောင်းဆိုရန် ချီတက်လာကြခြင်း ဖြစ်သည်။
၎င်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့က ညှိနှိုင်း ဖြေရှင်းပေးသော်လည်း ပြေလည်မှုမရရှိပဲ နေပြည်တော်အထိ ချီတက်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့က နေပြည်တော်တွင် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံခွင့်ရရန် မေ ျှာ်လင့်ထားကြသည်။
နေပြည်တော်သို့ ဆန္ဒပြအလုပ်သမားများ မဝင်ရောက်နိုင်စေရန် ရဲတပ်ဖွဲ့က နေပြည်တော်အဝင် တပ်ကုန်းမြို့အစပ်တွင် အတားအဆီးများ ချထားကာ တားဆီးရန် ပြင်ဆင်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများကလည်း အလုပ်သမားများနှင့် မေ ၁၈ ရက်က တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းရန် ကြိုးစားခဲ့ကြသော်လည်း ပြေလည်မှုမရရှိခဲ့ကြသဖြင့် ယနေ့ဆက်လက် ချီတက်လာရာမှ တားဆီးထားသော ရဲတပ်ဖွဲ့နှင့် တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။
“ဆူပူမှုဖြစ်အောင် လုပ်တဲ့လူတွေကလွဲလို့ ကျန်တဲ့လူတွေအားလုံးကို ကျွန်တော်တို့ အရေးယူမှာ မဟုတ်ပါဘူး” ဟု ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။
အလုပ်သမားများအား လူစုခွဲရန် ရဲတပ်ဖွဲ့က ပြောကြားသော်လည်း လူစုမခွဲသည့်အတွက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့မဝင်မီတွင် ရဲတပ်ဖွဲ့က လူစုခွဲကာ အလုပ်သမားများအား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည့်ဟု နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြာသတင်းတွင် ထုတ်လွှင့်သွားခဲ့သည်။
အလုပ်သမားများက နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်အား လာရောက်ဖြေရှင်းပေးရန် တောင်းဆိုသော်လည်း ဒေါက်တာမျိုးအောင်က လာရောက်ခဲ့ခြင်းမရှိဟု သတင်းအချို့တွင် ဖော်ပြထားပြီး အချို့သတင်းများတွင်မူ ဒေါက်တာမျိုးအောင်က လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း အလုပ်သမားများက သွားရောက်ခြင်းမရှိဟု ရေးသားထားကြသည်။
သတင်း- Frontier