ဆက်သွယ်ရေးတာဝါတိုင်တွေကြောင့် ပြည်သူတွေ ကျန်းမာရေးမထိခိုက်နိုင်ဟု ဝန်ကြီးအာမခံ

000_hkg10126712_preview.jpg

 title=

title=

နေပြည်တော်၊ မေ ၂

ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တပ်ဆင်ထားတဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး မထိခိုက်နိုင်ပါဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အာမခံလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ အော်ပရေတာတွေ သုံးတဲ့နည်းပညာနဲ့ စက်ပစ္စည်းတွေဟာ နိုင်ငံတကာ စံသတ်မှတ်ချက်များနဲ့ ညီညွတ်ကြောင်း တိုင်းတာချက်များအရ တွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး တာဝါတိုင်တွေက ထုတ်တဲ့ ရေဒီယိုလှိုင်းတွေဟာ အလွန်နည်းတဲ့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်တာမျိုး နိုင်ငံတကာက သုတေသနပြုချက်တွေမှာလည်း မတွေ့ရရဘူးလို့ ဦးသန့်စင်မောင်က ပြောတယ်။

နေပြည်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့ အစီအစဉ်မှာ ပခုက္ကူမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးပိုက်ကိုရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရင်း ထည့်သွင်း ပြောဆိုခဲ့တာပါ။

မေးခွန်းရှင်က ဆက်သွယ်ရေးကွန်ရက်တွေကို ရပ်ကွက်တွေ ကျေးရွာတွေအနီး တိုးချဲ့ဆောက်လုပ်ရာတဲ့အတွက် ဘယ်လောက်အကျိုးရှိပါသလဲဆိုတာနဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ရှိမရှိကို ပြည်သူတွေ ရှင်းလင်းစွာ သိနိုင်ဖို့ မြန်မာ့အသံနဲ့ အခြားမီဒီယာတွေက ပညာပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့တာပါ။

၂၀၁၅ ဖေဖော်ဝါရီမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ တာဝါတိုင်တွေက ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်းတွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပူးပေါင်းကွင်းဆင်းတိုင်းတာပြီးဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့ပါသေးတယ်။

ဖြေကြားမှုအပြီးမှာတော့ မေးခွန်းရှင် ဦးပိုက်ကိုက နောင်အအခါ ရပ်ကွက်ကျေးရွာတွေမှာ တာဝါတိုင် ဆောက်မယ်ဆိုရင် ဒေသခံတွေကို ခေါ်ယူရှင်းလင်းပေးဖို့ အကြံပြုတာကိုတော့ ဝန်ကြီး ဦးသန့်စင်မောင်က လက်ခံ ဆောင်ရွက်ပေးပါ့မယ်လို့ သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပအော်ပရေတာတွေဖြစ်တဲ့ အော်ရီဒူး၊ တယ်လီနောနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနရဲ့ မတ် ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံ၊ Viettel ကုမ္ပဏီကိုလည်း တင်ဒါလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်တွင်း လုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ငန်းအဖြစ် လုပ်ပိုင်ခွင့်ထပ်ပေးနိုင်ဖို့ အသေးစိတ် ညှိနှိုင်းဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ ဝန်ဆောင်မှုလုပ်ငန်းကို ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ချပေးခဲ့ပြီးနောက် လူဦးရေရဲ့ ၄၅ ဒသမ ၄၂ ရာခိုင်နှုန်းအထိ မိုဘိုင်းဖုန်းအသုံးပြုနိုင်ပြီလို့ ဝန်ကြီးဌာနရဲ့ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၂၂ ခုမှာ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်အသုံးပြုနိုင်ဖို့ ဆက်သွယ်ရေး စခန်း စုစုပေါင်း ၆,၁၃၅ ခု အထိ တည်ဆောက်ထားပြီး မိုဘိုင်းဖုန်းအလုံးရေ ၂၃ ဒသမ ၄၀ သန်းကျော်အထိ အသုံးပြုနေကြတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar