စေတနာဖြင့် ပျိုးထောင်မှ ပညာရေး အခြေခိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နေပြည်တော်၊ ဇူလိုင် ၂၁

ကလေးငယ်များအား စေတနာ၊ ဝါသနာ၊ မေတ္တာဖြင့် လေ့ကျင့် သင်ကြား ပျိုးထောင်ပေးကြမှသာ ပညာရေး အခြေခိုင်မည်ဟု အခြေခံပညာ ဆရာဆရာမများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်သည်။

“အခြေခံခိုင်မာအောင် လုပ်ပေးရမယ့် ပုဂ္ဂိုလ်တွေအားလုံး၊ ပညာရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ အခြေခံ ခိုင်အောင်လုပ်ပေးဖို့ စေတနာ၊ ဝါသနာ၊ အနစ်နာတို့ လိုအပ်တယ်” ဟု နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအနီးရှိ အားကစားရွာတွင် ယနေ့ပြုလုပ်သော အခြေခံပညာရေးကဏ္ဍ မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ၎င်းကပြောကြားသည်။

ကလေးမိဘများသည် သားသမီးများကို ပညာရေး ပြုစုပျိုးထောင်ရာတွင် အခြေခံပညာသင်ကျောင်းများကို အားကိုးပြုကြသည်ဖြစ်၍ စာသင်ကျောင်းများနှင့် ဆရာဆရာမများကလည်း အားကိုး၊ လေးစား၊ တန်ဖိုးထားထိုက်အောင် ပြုမူနေထိုင်သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သည်။

ထို့အတူ အစိုးရနှင့် ပညာရေးဝန်ကြီးဌာန၏ တာဝန်ရှိမှုကိုလည်း သိရှိထားပြီးဖြစ်၍ မိဘများ မျှော်လင့်နေသည့် ကလေးများအတွက် အကျိုးပြုပညာရေးစနစ်ကို ထူထောင်နိုင်ရန် ဝိုင်းဝန်း စဉ်စားကြစေလိုကြောင်းလည်း ၎င်းက ပြောကြားသည်။ ထို့ကြောင့် အထက်တန်း၊ တက္ကသိုလ်အဆင့်နှင့် မူလတန်းအဆင့် ဆရာဆရာမများအကြား လစာခံစားခွင့်နှင့် အဆင့်အတန်း သတ်မှတ်မှု ကွာခြားနေခြင်းကစ၍ ပြန်လည်သုံးသပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒီအလုပ်လုပ်ရတာ အလယ်တန်းမှာ၊ အထက်တန်းမှာ မသင်နိုင်လို့ မူလတန်းမှာ သင်ရတာ ဆိုတဲ့ မကျေနပ်စိတ်နဲ့ သင်နေတဲ့ဆရာ၊ ဆရာမတွေဟာ ဘယ်လိုမှ စေတနာပါနိုင်မှာ မဟုတ်ပါဘူး။ ငါတို့အလုပ်လောက် မွန်မြတ်တဲ့ အလုပ်မရှိဘူး၊ ငါတို့ဟာ ငါတို့ရဲ့ နောက်မျိုးဆက်တွေကို ပြုစုပျိုးထောင်ပေးမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက် ပေါ်မှာ အခြေခံပြီး စေတနာနဲ့ လုပ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာနှင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ကြသည်။ ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ အခြေခံပညာကဏ္ဍ၌ ၂၀၁၅-၁၆ ပညာသင်နှစ်အတွင်း ကျောင်းပေါင်း ငါးသောင်းခန့်တွင် ကျောင်းသား၊ ကျောင်းသူ ကိုးသန်းခန့် တက်ရောက် ပညာသင်ကြားခဲ့ပြီး ဆရာ၊ ဆရာမ လေးသိန်းခန့်ဖြင့် သင်ကြားပေးနေကြောင်း သိရသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar