စာရွက်အချို့ ရရှိပြီးနောက် ချက်ချင်းအဖမ်းခံခဲ့ရဟု ရိုက်တာသတင်းထောက်များ ပြောကြား

သွားရောက်တွေ့ဆုံခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးထံမှ စာရွက်စာတမ်းအချို့ လက်ခံရရှိပြီးနောက် ချက်ချင်း အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးက ၎င်းတို့အား ပြောကြားကြောင်း မိသားစုဝင်များက ပြောကြားသည်။

အသက် ၃၁ နှစ်အရွယ် ကိုဝလုံးနှင့် အသက် ၂၇ နှစ်အရွယ် ကိုကျော်စိုးဦးတို့မှာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည်ဟူသည် သံသယဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ “ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီး လုံခြုံရေးစာရွက်စာတမ်း အထောက်အထားများကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့သည်” ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်က ဆောင်ရွက်နေသည့် စစ်ဆင်ရေးများအတွင်း ထွက်ပြေးခဲ့ကြရသည့် ရိုဟင်ဂျာမူဆလင် ၆၅၀,၀၀၀ ကျော်နှင့် ပတ်သက်ပြီး ရိုက်တာ၏ သတင်းတင်ပြမှုများအတွက် အဆိုပါ သတင်းထောက်နှစ်ဦးက လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး သတင်းထောက်များကိုယ်တိုင် ပထမဆုံးထုတ်ဖော် ပြောကြားခဲ့ရာတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ယခင်က တွေ့ဖူးခြင်းမရှိသည့် ရဲအရာရှိနှစ်ဦးအား ဒီဇင်ဘာ ၁၂ ရက်နေ့က စားသောက်ဆိုင်တစ်ခုတွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု ၎င်း၏ ခင်ပွန်းဖြစ်သူက ပြောကြားကြောင်း ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်က ဒီဇင်ဘာ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရဲများက လိပ်ထားသည့် စာရွက်အချို့ကို ၎င်းတို့အား ပေးအပ်ခဲ့ပြီးနောက် အိမ်သို့ယူသွားကာ အိမ်ရောက်မှ ဖွင့်ကြည့်ရန် ပြောကြားခဲ့သည်ဟု ၎င်းခင်ပွန်း၏ ပြောကြားချက်ကို မပန်းအိမွန်က ပြန်လည်ပြောကြားသည်။

“စာရွက်လိပ်တွေကို သူတို့ယူ၊ ငွေရှင်းပြီး ဆိုင်ထဲကနေ ထွက်လာခဲ့ကြပါတယ်။ ချက်ချင်းပဲ သူတို့ကို ရဲ ခုနစ်ယောက်၊ ရှစ်ယောက်လောက်က လက်ထိပ်ခတ်ပြီး ဖမ်းဆီးခဲ့တယ်လို့ သူကပြောပါတယ်” ဟု မပန်းအိမွန်က ပြောသည်။

၎င်း၏ အကိုဖြစ်သူကလည်း ထိုကဲ့သို့ ပြောကြားခဲ့သည်ဟု ကိုကျော်စိုးဦး၏ ညီမဖြစ်သူ မညိုညိုအေးက ပြောကြားသည်။

အဆိုပါပြောကြားချက်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့အား တစ်စုံတစ်ရာ မေးမြန်းနိုင်ခြင်းမရှိပေ။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်ထွေးကမူ “သူတို့ ကျူးလွန်တဲ့အတွက် ကျွန်တော်တို့ အရေးယူခဲ့တာပါ။ ဒါကို တရားရုံးမှာ ရှင်းရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

သတင်းထောက်နှစ်ဦးနှင့်အတူ ရဲနှစ်ဦးကိုလည်း အရေးယူထားသည်ဟု အစိုးရက ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့၏အခြေအနေနှင့် ပတ်သက်ပြီး သတင်းထပ်မံ ထုတ်ပြန်ခြင်းမရှိသေးပေ။ အဆိုပါ ရဲနှစ်ဦးမှာ သတင်းထောက်များ သွားရောက်တွေ့ဆုံခဲ့သည့် ရဲများ ဟုတ်မဟုတ်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရုံးထုတ်ကာ နောက်ထပ်နှစ်ပတ် ထပ်မံ ချုပ်ထားရန် ရမန်ယူခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဖမ်းဆီးခံရချိန်က စတင်ကာ ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့အား မိသားစုဝင်များနှင့် ရှေ့နေတို့က တရားရုံးတွင် တွေ့ဆုံခွင့်ရရှိခဲ့သည်။

2017-12-27t051228z_1_lynxmpedbq06m_rtroptp_4_myanmar-journalists.jpg

 title=

title=

ထို့ပြင် မိသားစုဝင်များနှင့် ရိုက်တာက စီစဉ်ပေးထားသည့် ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်တို့သည် ဒီဇင်ဘာ ၂၈ ရက်နေ့က အင်းစိန်ထောင်အတွင်းတွင် သတင်းထောက်နှစ်ဦးအား တစ်နာရီခွဲခန့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

လူသတ်မှု၊ မူးယစ်ဆေးမှုများဖြင့် ထောင်ကျနေသူများနှင့် အတူတူ ၎င်းတို့အား ထားရှိသည့်အတွက် အခန်းပြင်ပသို့ ထွက်ရန်ပင် ကြောက်ရွံ့နေသည်ဟု သတင်းထောက်နှစ်ဦးက ၎င်းအား ပြောကြားကြောင်း ဦးသန်းဇော်အောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့က ရုံးထုတ်လာစဉ် ၎င်းတို့နှစ်ဦးက ဖမ်းဆီးထားစဉ်အတွင်း ၎င်းတို့အား နှိပ်စက်ခဲ့ခြင်းမျိုးမရှိဟု ပြောကြားခဲ့သည်။

“အခြေအနေက အဆင်ပြေပါတယ်” ဟု တရားရုံး ကြားနာမှုအပြီးတွင် ကိုဝလုံးက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ထားတဲ့အတွက် ကျွန်တော်တို့ အကောင်းဆုံး ရင်ဆိုင်သွားမှာပါ” ဟု ၎င်းကပြောကြားသည်။ မီဒီယာဥပဒေကိုရော၊ ကျင့်ဝတ်ကိုပါ ကျွန်တော်တို့ ဘယ်တော့မှ မဖောက်ဖျက်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ဆက်လုပ်သွားမှာပါ” ဟု ကိုဝလုံးက ပြောသည်။

ကိုလိုနီခေတ်က ပြဌာန်းခဲ့သည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေသည် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါအပါအဝင် နိုင်ငံကြီးအချို့မှ အစိုးရတာဝန်ရှိသူများ၊ ကုလသမဂ္ဂ ထိပ်တန်း ခေါင်းဆောင်များကလည်း သတင်းထောက်နှစ်ဦးအား လွှတ်ပေးရန် တောင်းဆိုထားကြသည်။ ဖမ်းဆီးမှုမှာ သတင်းလွတ်လပ်ခွင့်အား တိုက်ခိုက်ခြင်းဖြစ်သည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဂျာနယ်လစ်အဖွဲ့အစည်းများက ပြောကြားထားကြသည်။

သတင်းထောက်များအား လွှတ်ပေးရေးအတွက် ရိုက်တာ၏ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၇ ရက်နေ့က ထပ်မံ တောင်းဆိုလိုက်သည်။

“သတင်းထောက်နှစ်ဦးဟာ သူတို့အလုပ် သူတို့လုပ်ရုံနဲ့ပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့အမှားအယွင်း မလုပ်ခဲ့ကြပါဘူး။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ အချိန်တန်ပါပြီ” ဟု ၎င်းကပြောကြားသည်။

သတင်း-ရိုက်တာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar