စစ်ဘေးရှောင်များ နေရပ်သို့ အမြန်ဆုံး ပြန်ကြစေလိုဟု ကာကွယ်ရေးဦးစီးချုပ် ပြော

ကချင်ပြည်နယ်မှ စစ်ဘေးရှောင်များအနေဖြင့် နေရပ်သို့ အမြန်ဆုံးပြန်ကြစေလိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပြီး ဝိုင်းဝန်းကူညီပေးရန် ဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်ဘာသာရေးဆိုင်ရာအဖွဲ့ခေါင်းဆောင်များနှင့် ဖေဖော်ဝါရီ ၅ ရက်နေ့က တွေ့ဆုံစဉ် ၎င်းကထိုသို့ ပြောကြားခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

“စစ်ဘေးရှောင် စခန်းများမှ ပြည်သူများ မိမိအိမ်၊ မိမိနေရပ်သို့ အမြန်ဆုံးပြန်လာနိုင်ပြီး မိမိအလုပ်ကိုမိမိ စိတ်အေးချမ်းသာစွာ လုပ်ကိုင်ကြစေလိုကြောင်း” ၎င်းကပြောသည်။

ထို့ပြင် စစ်ဘေးရှောင်စခန်းများကိုအကြောင်းပြု၍ တိုင်းရင်းသားပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆင်ခြင်ကြရန် လိုအပ်သည်ဟုလည်း ၎င်းကပြောကြားသည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)တို့အကြား ၁၇ နှစ်ကြာ တည်မြဲခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၁ ခုနှစ်တွင် ကျိုးပျက်သွားခဲ့ပြီးနောက် ကချင်ပြည်နယ်တွင် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။

ထိုတိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံပြည်သူ တစ်သိန်းကျော် ရှိနေပြီဖြစ်သည်။ စစ်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသူများမှာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်မည့် အရိပ်အယောင် မရှိသေးသည့်အတွက် ၎င်းတို့၏ မိသားစု အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများရှိနေကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် လေးလကြာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)တို့အကြား တိုက်ပွဲများ ထပ်မံဖြစ်ပေါ်ခြင်းမရှိပေ။

ထိုသို့ အပစ်အခတ်ရပ်စဲ ပေးထားသည့်ကာလအတွင်း ငြိမ်းချမ်းရေးအတွက် အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့သေးသည်။

ကချင်ပြည်နယ်ရှိ စခန်းတစ်ခုတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးလထော်ဂမ်က မငြိမ်သက်မှုများ ရှိနေသေးခြင်းကြောင့် အိမ်ပြန်ရန် စစ်ဘေးရှောင်အချို့က စိုးရိမ်နေကြသော်လည်း သူ့အတွက် အကြီးမားဆုံးမျှော်လင့်ချက်မှာ အိမ်ပြန်ရေးသာဖြစ်သည်ဟု ပြောသည်။

“ပြန်ဖို့ကတော့ အစိုးရဘက်ကတော့ ခဏခဏ လာပြောတယ်ပဲ။ ဒါပေမယ့် ဒီဘက်က မပြန်ရဲဘူးဖြစ်နေတာ” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar