စစ်တွေသို့ ရောက်ရှိနေသည့် မစ္စယန်ဟီလီနှင့်တွေ့ဆုံရန် ရခိုင်အမျိုးသားပါတီ ငြင်းဆို

စစ်တွေ၊ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနိုင်အထက်ပြုကျင့်မှုများ ရှိနေသည်ဆိုသည့် စွပ်စွဲချက်များအပေါ် စုံစမ်းရန် လာရောက်သည့် ကုလသမဂ္ဂကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ငြင်းဆိုလိုက်သည်ဟု ရခိုင်အမျိုးသားပါတီ (အေအင်န်ပီ) က ယနေ့ပြောကြားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံရေးသားသူ မစ္စယန်ဟီလီသည် ရခိုင်ပြည်နယ်ရှိ မငြိမ်သက်မှုများ ဖြစ်ပေါ်နေသည့် ဒေသများသို့ စနေနေ့တွင် မသွားရောက်မီ အေအင်န်ပီမှ တာဝန်ရှိသူများနှင့် စစ်တွေမြို့တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သည်။

“သူတို့ဘက်ကနေ ကျွန်တော်တို့နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ သူတို့နဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိပါဘူး” ဟု အေအင်န်ပီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးခိုင်ပြည်စိုးက အေအက်ဖ်ပီကို ပြောကြားသည်။

“သူတို့နဲ့ အစည်းအဝေးက သိပ်ပြီး အရေးကြီးတယ်လို့တော့ ကျွန်တော်မထင်ပါဘူး” ဟုလည်း ၎င်းကပြောသည်။

စစ်တွေမြို့သို့ ယနေ့ရောက်ရှိလာသည့် မစ္စယန်ဟီလီသည် အစိုးရအဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့ပြီးနောက် စစ်တွေမြို့တွင် တစ်ခုတည်းသော ကျန်ရှိသည့် မွတ်ဆလင်ရပ်ကွက်သို့ သွားရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်က လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် မွတ်ဆလင်ရိုဟင်ဂျာ ထောင်ပေါင်းများစွာမှာ ယာယီစခန်းများတွင် သွားရောက်နေထိုင်နေကြရသည်။

“ကျွန်တော်တို့အတွက် ဘာမှ မပြောင်းလဲသေးဘူးဆိုတာကို သူကို ပြောကြားခဲ့ပါတယ်” ဟု ဒေသခံ မွတ်ဆလင်တစ်ဦးဖြစ်သူ ဇော်ဇော်က အေအက်ဖ်ပီကို ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ကလေးတွေကို ကျောင်းတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ပညာသင်ကြားစေချင်ပြီး အရင်ကလိုပဲ ကျွန်တော်တို့ အလုပ်အကိုင်တွေ ပြန်ရချင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

မစ္စယန်ဟီလီသည် ၎င်း၏ ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၉ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်သည်။ ယခုခရီးစဉ်သည် ၎င်း၏ ပဉ္စမအကြိမ်မြောက် သတင်းအချက်အလက် စုဆောင်းမှုပြုလုပ်ရန် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၂၀ ရက်နေ့အထိ နေထိုင်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့အပြင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဖားကန့်နှင့် လိုင်ဇာနှင့် ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောတို့သို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ဖားကန့်နှင့် လိုင်ဇာသို့ မသွားရောက်ရန် အစိုးရက တားမြစ်ခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း မြန်မာနိုင်ငံသို့ မလာရောက်မီ ၎င်းကပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေအပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ မြင့်တက်လာတာဟာ အရပ်သားတွေအပေါ် ရှောင်လို့မရတဲ့ ထိခိုက်မှုတွေနဲ့အတူ အစိုးရသစ်က ပထမနှစ်အတွင်းမှာ လုပ်ဆောင်နေတဲ့ ဦးတည်ချက်အပေါ် စိုးရိမ်စရာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar