ရွာသားငါးဦးအား စစ်ဆေးနေစဉ် သေဆုံးသွားခဲ့သည်ဟု တပ်မတော်က ဝန်ခံလိုက်ပြီး ကျူးလွန်သူများအား အရေးယူသွားမည်ဟု ပြောကြားလိုက်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု စွပ်စွဲခံရနေရသည့် တပ်မတော်က ထိုသို့သော ဖြစ်ရပ်မျိုးကို ထူးထူးခြားခြား ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံအား ၂၀၁၁ ခုနှစ် မတိုင်မီအထိ နှစ်ပေါင်း ၅၀ ခန့် အုပ်ချုပ်ခဲ့သည့် တပ်မတော်က ထိုသို့သော ဖြစ်ရပ်များကို ယခင်က ဝန်ခံ ထုတ်ဖော်ပြောကြားလေ့ မရှိခဲ့ပေ။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှေ့တန်း ပြည်နယ်များတွင် တပ်မတော်က လူ့အခွင့်အရေး လိုက်နာမှုများအား အားနည်းလေ့ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားလေ့ရှိသည်။
ထို့ပြင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် နယ်စပ်ဒေသများ၌ ကလေးစစ်သားများ အသုံးပြုမှုမှသည် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုများအထိ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု စွပ်စွဲထားကြသည်။
သို့သော် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ တိုက်ပွဲဖြစ်ပွားနေသော ဒေသတွင် တပ်မတော်သားများက ရွာသားငါးဦးအား စစ်ဆေးနေစဉ် သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ဇူလိုင် ၂၀ ရက်နေ့တွင် ဝန်ခံလိုက်သည်။
ရွာသားများအား ဖမ်းဆီးသွားခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် မြှတ်နှံထားသည့် ၎င်းတို့၏ ရုပ်အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ ထို့နောက် မုံယောကျေးရွာဒေသခံများက အဆိုပါ ရွာသားများအား တပ်မတော်က သတ်ဖြတ်လိုက်သည်ဟု စွပ်စွဲခဲ့ကြသည်။
ဖြစ်စဉ်အား တပ်မတော် ခုံရုံးက အချက်အလက်များအား စစ်ဆေးသည့်အခါ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ အဆိုပါဒေသတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းမှုများ ဆက်လက် ပြုလုပ်ရာမှ ထိုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။
တပ်မတော်သားများက လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိခဲ့သည့်အတွက် သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ဆေးချက်များအရ စည်းကမ်းနှင့် မကိုက်ညီသော အချက်အလက်များ တွေ့ရှိရသည့်အတွက် တာဝန်ရှိသူများအားလုံးအား ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
“ရွာသူရွာသားတွေ၊ သောင်းကျန်းသူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ လိုက်နာရပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။