စစ်ကိုင်း အလုပ်သမားသပိတ် အဖွဲ့ဝင်များ တရားခွင် နှောက်ယှက်မှုဖြင့် ပြစ်ဒဏ်ချခံရ၊ အစာငတ်ခံ ဆန္ဒပြမည်ဟုဆို

နေပြည်တော်သို့ ချီတက်လာရင်း ဖမ်းဆီးခံလိုက်ရသည့် စစ်ကိုင်းအလုပ်သမားသပိတ် အဖွဲ့ဝင်များကို တရားခွင် အနှောက်အယှက်ပေးမှု (ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၀) ဖြင့် တပ်ကုန်းမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၅,၀၀၀ သို့မဟုတ် အလုပ်မဲ့ထောင်ဒဏ်တစ်လ ကျခံစေရန် ယနေ့ ဇူလိုင် ၁၃ ရက်နေ့က အမိန့်ချမှတ်လိုက်သည်။

တရားခွင်တွင် ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ နောက်ကျောပေး ထိုင်နေခြင်းနှင့် ဆူညံမှုမပြုရန် တားမြစ်မှုကို လစ်လျူရှုခဲ့ကြ၍ဖြစ်သည်ဟု နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် တရားသူကြီး ဦးအောင်ကျော်ဦးက ပြောသည်။

“သုံးကြိမ်သုံးခါတိတိ သတိပေးပေမယ့် တရားသူကြီးအသံကိုလွှမ်းမိုးပြီး ဆက်ပြီး အနှောက်အယှက်ပေးနေတယ်။ တရားရုံး လေးချိန်းရှိပြီ။ မစစ်နိုင်ဘူးဆိုတော့ တရားရုံးရဲ့ ဂုဏ်သိက္ခာ ကျဆင်းလာတဲ့အတွက် အသက်ညှာဆုံး ပြစ်ဒဏ်ပါ” ဟု ၎င်းက ဆိုသည်။

အလုပ်သမား ၁၆၁ ဦး အလုပ်ထုတ်ခံလိုက်ရသည့် စစ်ကိုင်းစက်မှုဇုန်ရှိ Myanmar Veneer သစ်ပါးလွှာစက်ရုံကိစ္စ ဖြေရှင်းပေးရန် နေပြည်တော်သို့ သပိတ်တပ်ဖွဲ့ ချီတက်လာစဉ် ဖမ်းဆီးခံလိုက်ရသည့် အလုပ်သမား၊ ကျောင်းသားနှင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၅ ဦးထဲမှ အချို့ကမူ တရားရုံးက ထိုသို့ ချမှတ်လိုက်သည့် ပြစ်ဒဏ်အပေါ် မအံ့သြဟု ပြောကြားကြသည်။

“အစကတည်းက ကျွန်တော်တို့ ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရပြီး ဖြစ်လာတဲ့ တရားစီရင်ရေးစနစ်ကို ရင်ဆိုင်စရာမလိုဘူး” ဟု ဖမ်းဆီးခံ တက်ကြွလှုပ်ရှားသူ ကိုရန်နိုင်ထွန်းက ဆိုသည်။ ၎င်းတို့က တရားရုံး ထုတ်လာစဉ်အတွင်း “မတရားဥပဒေ ဖီဆန်ရေး၊ ဒို့အရေး ဒို့အရေး” စသည့် ကြွေးကြော်သံများကို သံပြိုင် ဟစ်ကြွေးနေခဲ့ကြသည်။

ထို့အပြင် ၎င်းတို့ ဖမ်းဆီးခံထားသည့် ကိစ္စအပေါ် ဖြေရှင်းရန် သပိတ်တပ် နေပြည်တော်၊ တပ်ကုန်းမြို့နယ်အနီးသို့ ရောက်ရှိလာစဉ် ကြားဝင်ညှိနှိုင်းပေးခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အချို့ကို အချိန် ၁၀ ရက်ပေးမည်ဖြစ်ပြီး ထူးခြားမှုမရှိပါက အစာငတ်ခံ ဆန္ဒပြမည်ဟုလည်း ကိုရန်နိုင်ထွန်းက ဆိုသည်။

နေပြည်ကောင်စီနယ်မြေ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့ကမူ အလုပ်သမားသပိတ် အဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် မေ ၁၈ ရက်နေ့မတိုင်မီအချိန်အတွင်း ယင်းကိစ္စအပေါ် လွှတ်တော်တွင်း ကြားနာပွဲလုပ်ပေးနိုင်ရန် လွှတ်တော်သို့ စာပေးပို့ပါဟု အလုပ်သမားတို့ကို ဆိုခဲ့သော်လည်း မလိုက်နာခဲ့ဟု ဖြိုခွင်းမခံရမီ တစ်ရက်အလိုတွင် Frontier ကို ပြောကြားခဲ့ဖူးသည်။

လက်ရှိအခြေအနေတွင် သပိတ်တပ်ဖွဲ့ဝင်များသည် တရားခွင်ချိန်းဆိုမှု လေးကြိမ်လုံးကို သပိတ်မှောက်ထားကြသည်။ မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးကမူ ထိုသို့သောအခြေအနေနှင့် ဆူပူမှုများဆက်လက် ရှိနေပါက ယနေ့ချမှတ်သည့် ပြစ်ဒဏ်ကဲ့သို့ ပြစ်ဒဏ်များကို ဆက်လက်ချမှတ်ရဖွယ်ရှိသည်ဟုဆိုသည်။ သပိတ်တပ်ဖွဲ့ဝင်တို့ကမူ ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်အထိ ဒဏ်ငွေပေးဆောင်မည်မဟုတ်ဟု ကြွေးကြော်နေကြဆဲဖြစ်သည်။ ၎င်းတို့က အလုပ်သမားကိုယ်စားလှယ်များ ပါဝင်သည့် ကြားနာပွဲ လွှတ်တော်တွင် လုပ်ပေးရန်၊ အလုပ်သမားဥပဒေပြင်ပေးရန်နှင့် လက်ရှိဖမ်းဆီးခံထားရသည့် အခြေအနေကို လွှတ်တော်က အဆိုတင်သွင်းပြီး ဖြေရှင်းပေးရန်တို့ကို ကြွေးကြော်ခဲ့ကြသည်။

အလုပ်သမားသပိတ်တပ်သည် မိုင် ၂၀၀ ကျော်ကွာဝေးသည့် စစ်ကိုင်းမြို့မှ နေပြည်တော်သို့ မေလအစောပိုင်းက ချီတက်လာခြင်းဖြစ်သည်။ ဖြိုခွင်းခြင်းမခံရမီ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်ကိုယ်စားလှယ်တို့နှင့် မေ ၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြသေးသော်လည်း မပြေလည်ခဲ့ကြပေ။

ထို့နောက် နေပြည်တော်နယ်မြေအတွင်း ချီတက်ရန် ဝင်ရောက်လာစဉ် ဖြိုခွင်းခံလိုက်ရပြီး အလုပ်သမားခြောက်ဦး၊ ကျောင်းသား ငါးဦးနှင့် ဝန်းရံပြည်သူလေးဦး တို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အသိပေးနေသည်ကို သိလျက်နှင့် ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှု ပုဒ်မ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု ပုဒ်မ ၁၄၇ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar