အနိမ့်ဆုံးလုပ်ခ (ဝါ) ဒီမိုကရေစီနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် ရှေ့ခြေလှမ်း

ရိုရီ မန်ဂါးဗင် ရေးသားသည်။

အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခသစ်အဖြစ် တစ်ရက်ကျပ် ၄,၈၀၀ ကို မြန်မာအစိုးရက ယခုနှစ် မေလ တတိယပတ်အတွင်းက ကြေညာခဲ့သည်။ နှုန်းထားသစ်သည် မြင့်လွန်းသည်၊ သို့မဟုတ် နိမ့်လွန်းသည်ဟု အလုပ်ရှင်နှင့် အလုပ်သမားများထံမှ အသံအမျိုးမျိုး ကြားနေရသည်။

သို့ရာတွင် အနိမ့်ဆုံးလုပ်ခသည် တစ်ဖက်မှကြည့်လျှင် ဆင်းရဲမှုနှင့် မညီမျှမှုှုကို လျော့ကျစေသည့်အပြင် အခြားတစ်ဖက်တွင်လည်း ဒီမိုကရေစီရေးနှင့် လူမှုရေးဆိုင်ရာ အစိုးရနှင့်ဆွေးနွေး၊ ညှိနှိုင်းအဖြေရှာမှုများ၌ အပြုသဘောဆောင်မှုများ ရှိသည်ဟူသောအချက်ကို မျက်ခြည်မပြတ်သင့်ပေ။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အနိမ့်ဆုံးလုပ်ခကို စတင်သတ်မှတ်နိုင်ခဲ့ခြင်းသည် အလုပ်သမားဈေးကွက် ပြုပြင်ပြောင်းလဲမှုများအတွက် ထင်ရှားသည့် အစောဆုံးမှတ်တိုင်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ အနိမ့်ဆုံးလစာ ကွန်ဗင်းရှင်း ၁၃၁ ကို အသိအမှတ်ပြုလက်မှတ် မရေးထိုးရသေးသော်လည်း မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခဥပဒေသည် လိုအပ်ချက်များကို အများဆုံး ရောင်ပြန်ဟပ်နိုင်ခဲ့သည်။ ထိုအချက်များအနက် အရေးအကြီးဆုံးအချက်မှာ  အနိမ့်ဆုံးလုပ်ခသည် အစိုးရ၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားအဖွဲ့အစည်းတို့၏ လွတ်လပ်ပွင့်လင်းသော သုံးပွင့်ဆိုင် လူမှုရေးလုပ်ငန်းစဉ်ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်အတွင်း သုံးပွင့်ဆိုင် အမျိုးသားအနိမ့်ဆုံးလုပ်ခ ကော်မတီက ၂၀၁၅ ခုနှစ်က ချမှတ်ခဲ့သော အဆင့်ကို ပြန်လည်သုံးသပ်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ညှိနှိုှုင်းဆွေးနွေးခဲ့သည်။ နောက်ဆုံး၌ မေလ တတိယပတ်က ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာတွင် အကြောင်းကိစ္စများစွာကို ခက်ခဲစွာ ချိန်ညှိယူခဲ့ရသည်။ ထိုအထဲတွင် အလုပ်သမားများနှင့် သူတို့မိသားစုများ၊ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် ရေရှည်တည်တန့်ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရေး၊ အလုပ်အကိုင် မြင့်မားစွာရရှိမှုကို ထိန်းသိမ်းရေးနှင့် ဒေသတွင်း စီးပွားရေးတွင် ယှဉ်ပြိုင်နိုင်မှုရှိရေး စသည့်အချက်များ ပါဝင်သည်။ အနိမ့်ဆုံးလုပ်ခသည် အမျိုးအစားစုံလင်ပြီး တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက်သဖွယ် ဖြစ်နေသည့်ရည်မှန်းချက်များကို ဖြေရှင်းရန် တစ်ခုတည်းသော လက်နက်ဖြစ်သည်။

သို့သော် အနိမ့်ဆုံးလစာကို ဦးစွာစတင်ဆောင်ရွက်ခဲ့သော နှစ်နှစ်အတွင်း  ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများကို တိုက်ဖျက်ရာ၌ အပြုသဘောရလဒ်များ ရရှိခဲ့သည်ဟူသောအချက်ကို အိုင်အယ်လ်အို၏ သုတေသနများက ပြသလျက်ရှိသည်။

ပထမဆုံးအချက်မှာ အနိမ့်ဆုံးလုပ်ခသည် အနိမ့်ဆုံးအမှတ်ဖြစ်ကြောင်း၊ ကျွမ်းကျင်မှုနှင့် ကုန်ထုတ်စွမ်းအားကို အခြေခံပြီး ယင်းကို ပိုမိုမြင့်မားအောင် အလုပ်ရှင်နှင့် အလုပ်သမားတို့ သဘောတူညီမှုရအောင် လုပ်ယူနိုင်ကြောင်းတို့ကို မေ့မထားရန်လိုသည့် အမှတ်အသား တစ်ခုဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။ အလုပ်သမားများကို အုပ်စုနှစ်စု အညီအမျှခွဲ၍တွက်ချက်သည့် ကြားခံပျမ်းမျှလုပ်ခမှာ ကျပ် ၃,၅၀၀ မှနေ၍ ကျပ် ၄,၀၀၀ သို့ တိုးမြင့်ရောက်ရှိခဲ့ဖူးသည်။

ဒုတိယအချက်မှာ အားလုံးခြုံကြည့်ပါက လုပ်ခဖြန့်ကျက်မှုသည် အောက်ဆုံးအခြေမှ အလယ်အလတ် အဆင့်အထိ ပိုမိုညီမျှလာသည်ဟူသော အချက်ပင်ဖြစ်သည်။

တတိယအချက်မှာ အနိမ့်ဆုံးလုပ်ခမှာ ထုံးတမ်းနည်းလမ်းနှင့်အညီ ဆောင်ရွက်ရသောကဏ္ဍများ(formal sector) တွင်သာ အရေးယူဆောင်ရွက်နိုင်သည်ဟုဆိုသော်လည်း ထုံးတမ်းနည်းလမ်းနှင့်အညီ မဟုတ်သောကဏ္ဍ(informal sector ) တွင်ပါ နေ့စားလုပ်ခကို တိုးမြှင့်ပေးနိုင်သော “lighthouse effect” ဟုခေါ်သည့် ဖြန့်ကျက်အကျိုးခံစားနိုင်မှုကို ရရှိစေမည်ဟူသော အချက်ဖြစ်သည်။

ကျားမကွဲပြားမှုရှုထောင့်မှကြည့်ပါက အမျိုးသမီးလစာနှင့် အမျိုးသားတို့ရရှိသော ပျမ်းမျှလုပ်ခ ကွာဟချက်သည် ၂၀၁၅ ခုနှစ်က ၂၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ အနိမ့်ဆုံးလုပ်ခသည် လူငယ်အလုပ်သမားများနှင့် ကျွမ်းကျင်မှုနိမ့်ကျသော လုပ်သားများအတွက် အထောက်အကူဖြစ်စေသည်။

အလုပ်သမားဈေးကွက်အတွက် ရှင်းလင်းပြတ်သားသော ရည်ညွှန်းချက်အမှတ် ပြတ်ပြတ်သားသား မရှိဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမားတိုင်းတွင် မည်၍မည်မျှ ငွေကြေးရှင်းလင်းရမည်ဟူသော အချက်နှင့်ပတ်သက်၍ တသမတ်တည်းတူညီသော ညွှန်ပြချက်တစ်ခု ရရှိထားပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် လုပ်ခနှင့် ကုန်ထုတ်လုပ်မှုအတွက် စုပေါင်းညှိနှိုင်းနိုင်သည့် အခြေခံတစ်ခုကို ရနိုင်ပေသည်။

အမှန်စင်စစ် အလုံးစုံ အကျိုးသက်ရောက်မှုရှိသော အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပေးရေးမှာ ကြီးမားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ရန်ကုန်မြို့ကဲ့သို့သော မြို့ပြဗဟိုဌာနများနှင့် ပြည်နယ်များနှင့် ဒေသကြီးအသီးသီးရှိ ကျယ်ပြောလှသော စီးပွားရေးလုပ်ငန်းများအကြား တည်ရှိနေသော မတူညီမှုများက ကြီးမားစွာ တည်ရှိနေသည်။

အလုပ်သမား စစ်ဆေးရေးစနစ်မှာ ထောက်ပံ့ကူညီမှု နည်းပါးပြီး လုပ်ငန်းသဘာဝက ကြီးမားကာ မနိုင်မနင်း ဖြစ်လျက်ရှိသည်။ ထို့ပြင် အစိုးရက အလုပ်သမား အင်အားစစ်တမ်းကို ပုံမှန်ဆောင်ရွက်နေသော်လည်း ရှေ့အလားအလာကို ခန့်မှန်းတွက်ချက်နိုင်ရန် ပိုမိုအသေးစိတ်ကျပြီး အချိန်နှင့်တပြေးညီဖြစ်သော ကိန်းဂဏန်း အချက်အလက်များရှိရန် လိုအပ်နေသည်။

အစိုးရသည် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့်အညီ ချမှတ်ထားသော မြန်မာ့ရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းသစ်တွင် အနိမ့်ဆုံးလုပ်ခ အကောင်အထည်ဖော်ရေးကို ဦးစားပေးအဖြစ် အမှန်အကန် ချမှတ်ထားသည်။ ဤအချက်ကို အထောက်အပံံ့ဖြစ်စေရန် အစိုးရသည် ယင်း၏ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုကို ခြေရာခံနိုင်ရေးနှင့် အနာဂတ်တွင် ပြန်လည်သုံးသပ်နိုင်မည့် စောင့်ကြည့်ရေးယန္တရား တစ်ခုထူထောင်ရေးအတွက် ရင်းနှီးမြှုပ်နှံသင့်သည်။

သို့သော် ယခုအခါ ရေရှည်ဖွံ့ဖြိုးမှုနှင့် သင့်တော်သောလုပ်ငန်းမျိုးကို လုပ်ကိုင်နိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်နိုင်မည့် ခြေလှမ်းတစ်ရပ်အဖြစ် အနိမ့်ဆုံးလုပ်ခစနစ်ကို ချမှတ်နိုင်သည့်အတွက် မြန်မာနိုင်ငံကို ချီးကျူးသင့်ပေသည်။

ထို့အပြင် သုံးပွင့်ဆိုင် လူမှုရေးဆိုင်ရာ အစိုးရနှင့်ဆွေးနွေး၊ ညှိနှိုင်းအဖြေရှာမှုများမှတဆင့် အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကဲ့သို့သော ရှုပ်ထွေးလှသည့် အရာတစ်ခုကို ဆုံးဖြတ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ယဉ်ကျေးမှုသစ် ထူထောင်ရာတွင် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ် ဖြစ်ပေသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.