ငှက်ဖျား တိုက်ဖျက်မည့် ပိုးသတ်ဝတ်စုံ

ရာဘာခြံလုပ်သားများကို ပိုးသတ်ဆေးစိမ် အဝတ်အစားဖြင့် စမ်းသပ်ခြင်းက မြန်မာနိုင်ငံအတွင်းရှိ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အထောက်အကူ ပြုလိမ့်မည်ဟု ကျွမ်းကျင်ပညာများက  မျှော်လင့်လျက်ရှိသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

နောင်လာမည့် ၁၅ နှစ်တွင် မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါကို အမြစ်ဖြတ် တိုက်ဖျက်ရာ၌ အထောက်အကူ ပြုလိမ့်မည်ဟု ပညာရှင်များက ယုံကြည်ထားသော လေ့လာမှုတစ်ရပ်တွင် မွန်ပြည်နယ်မှ ရာဘာခြံ လုပ်သားများက ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ဗြိတိန်အခြေစိုက် ငှက်ဖျားရောဂါ ပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့က ခြင်ကိုက်မခံရစေရေးအတွက် ပိုးသတ်ဆေးစိမ် အဝတ်အစား(ITC – insecticide-treated clothing)၏ ထိရောက်မှုအပေါ် လေ့လာရန် ရာဘာခြံအလုပ်သမားနှင့် အလုပ်သမများထံမှ စစ်တမ်းကောက်ယူခဲ့ပြီးဖြစ်သည်။ ရာဘာခြံလုပ်သားများမှာ ညအချိန်တွင် အလုပ်လုပ်သောကြောင့် ငှက်ဖျားရောဂါ အန္တရာယ်ပိုများသည်ဟု သတ်မှတ်ခံထားရသည်။ ငှက်ဖျားပိုး သယ်ဆောင်သည့် ခြင်များမှာ ညအချိန်၌ အတက်ကြွဆုံး ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ချုပ်လုပ်ထားသော အဝတ်အထည်များကို ဆေးစိမ်ခြင်ထောင်တွင် သုတ်လိမ်းသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်သော ပါမီသရင်း Permethrin ဖြင့် ဆေးစိမ်နိုင်ရန် ပြည်ပသို့ ပေးပို့နေရဆဲပင် ဖြစ်သည်။

“ဒါရဲ့အားသာချက်ကတော့ ကိုက်တတ်တဲ့ အင်းဆက်ပိုးတွေကို အလျင်အမြန် မောင်းထုတ်ဖို့ပဲ ဖြစ်ပါတယ်” ဟု ငှက်ဖျားရောဂါအဖွဲ့မှ ရောဂါသယ်ဆောင် ပိုးမွှားထိန်းချုပ်ရေးဆိုင်ရာ အကြီးတန်း ကျွမ်းကျင်ပညာရှင် ဒေါက်တာဂျက်ဖရီဟီက ပြောကြားသည်။

“ဒီအင်္ကျီက အရောင်အနံ့ ကင်းစင်ပြီး ဘေးကင်းလုံခြုံသလို လူ့အသားအရေကို ယားယံစေတာမျိုးလည်း မရှိပါဘူး။ ခင်ဗျားရဲ့ အဝတ်အစားပေါ်မှာ ဒါကို သုတ်လိမ်းထားမယ်ဆိုရင် ထူးခြားသိသာတဲ့ ပြုမူနေထိုင်ပုံ ပြောင်းလဲမှုတွေ ခင်ဗျားလုပ်ဖို့ မလိုအပ်ပါဘူး။ မနက်မိုးလင်းလို့ အိပ်ယာထချိန်မှာ ဒီအဝတ် ဝတ်ထားတာက ခင်ဗျားသွားတိုက်သလို လုပ်နေကျ အလုပ်တစ်ခုကို သဘာဝကျကျ လုပ်လိုက်တဲ့ပုံစံပါပဲ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ ယနေ့အချိန်ထိ ဆောင်ရွက်လျက်ရှိသော ငှက်ဖျားရောဂါထိန်းချုပ်ရေး အစီအစဉ်အများစုမှာ အိမ်တွင်းတွင် ပေါက်ဖွားရှင်သန် နားခိုနေသည့် ခြင်များအတွက် ဇောင်းပေးဆောင်ရွက်လျက်ရှိကြောင်း ကျွမ်းကျင်ပညာများက ပြောဆိုထားသည်။

“ကျွန်တော်တို့ အိမ်တွင်းကူးစက်မှုအကြောင်းကို စဉ်းစားပြီးပြီ ဆိုပေမဲ့ အိမ်ပြင်ပကူးစက်မှုကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရဦးမှာပါ” ဟု မွန်ပြည်နယ် အများပြည်သူကျန်းမာရေးဌာနတွင် ငှက်ဖျားရောဂါဆိုင်ရာ ဒေသန္တရအရာရှိတစ်ဦးဖြစ်သူ ဒေါက်တာဉာဏ်ဆင့်က ဆိုသည်။

“ခုချိန်ထိတော့ ခြင်နိုင်ဆေးတွေကိုပဲ အသုံးပြုနေပါသေးတယ်။ ဒါပေမဲ့ ဒီနည်းက နာရီနည်းနည်းပဲ ခံတာပါ။ ရာဘာခြံတွေထဲက လုပ်သားတွေကို ခြင်နိုင်ဆေး အသုံးပြုခွင့် မပေးပါဘူး။ ဒါကြောင့် အဲဒီလို နေရာတွေမှာ ခြင်နိုင်ဆေးတွေနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ ITC ကို အသုံးပြုနေတာပါ” ဟုလည်း ၎င်းက ထပ်လောင်းရှင်းပြသည်။

လွန်ခဲ့သောနှစ်များက မြန်မာနိုင်ငံရှိ ငှက်ဖျားရောဂါတွေ့ရှိမှု ဖြစ်ရပ်အရေအတွက်မှာ သိသိသာသာ လျော့ကျခဲ့ပြီး ဖြစ်သည်။ သို့သော် ဤရောဂါမှာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသေးသည်။ မြန်မာ့ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ တစ်စောင်တွင် မြန်မာနိုင်ငံမှာ ပိုမိုကျယ်ပြန့်သော မဲခေါင်ဒေသခွဲ၌ ငှက်ဖျားရောဂါဖြစ်ရပ်များနှင့် သေဆုံးမှုများ၏ ၇၅ ရာခိုင်နှုန်းနှင့် သက်ဆိုင်လျက်ရှိသည်ဟု ဖော်ပြထားသည်။ ကျွမ်းကျင်ပညာရှင်များကလည်း ရောဂါကုသမှုဒဏ်ခံနိုင်သည့် မျိုးရိုးဗီဇ ပျံ့နှံ့မှုကို မဖြစ်မနေ တိုက်ဖျက်ရမည်ဟု ဆိုကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများတွင် ၂၀၁၄ ခုနှစ်၌ ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၁၅၂,၁၉၅ မှု တွေ့ရှိခဲ့ရသော်လည်း အမှန်တကယ် ဖြစ်ပွားနေသည့်နှုန်းထားမှာ ယခုပမာဏထက် အဆများစွာ ပိုမိုနိုင်ချေရှိသည်ဟု ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ်တွင် ငှက်ဖျားရောဂါဖြင့် သေဆုံးရသည့် အမှုပေါင်း ၉၂ မှု ရှိခဲ့သည်။

ငှက်ဖျားရောဂါ ပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့ အဆိုအရ ငှက်ဖျားရောဂါမှာ အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ သစ်တောဖုံးလွှမ်း ဒေသများရှိ စခန်းများအတွင်း သစ်ခုတ်နေသော၊ သို့မဟုတ် သတ္တုတူးနေသော ရွှေ့ပြောင်းလုပ်သားများ၊ ဆီအုန်းခြံ၊ ရာဘာခြံနှင့် ဆောက်လုပ်ရေးနေရာများတွင် အလုပ်လုပ်ကိုင်နေကြသူများ အပါအဝင် အချို့သောလူစုများတွင် သိသိသာသာ အတွေ့ရများသည်ဟု သိရသည်။

ညအချိန် နေအိမ်ပြင်ပ၌ အလုပ်လုပ်နေသူများသည် ငှက်ဖျားရောဂါ ကာကွယ်ရန် ယနေ့ထိ ခြင်ဆေးခွေကိုသာ အသုံးပြုနေသေးသော်လည်း ခြင်ဆေးခွေ တစ်ခုတည်းဖြင့် လုံလောက်သော ကာကွယ်မှုကို မပေးနိုင်ဟုလည်း ဒေါက်တာဟီက ပြောကြားသည်။

အမေရိကန်စစ်တပ်အတွက် ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် အသားအရေပေါ်၌ တိုက်ရိုက် သုတ်လိမ်းရသော ခြင်နိုင်ဆေးသည် ခြင်ကိုက်ခံရမည့်အန္တရာယ်မှ ၉၅ ဒသမ ၇ ရာခိုင်နှုန်းသာ ကာကွယ်ပေးနိုင်ပြီး ITC အဝတ်တစ်ခုတည်းဖြင့်ဆိုလျှင် ၉၉ ဒသမ ၉ ရာခိုင်နှုန်းမျှ ကာကွယ်ပေးနိုင်ကြောင်း ဆိုသည်။

A group of rubber tappers trialling mosquito-repellent clothing in Mon State. (Supplied)

A group of rubber tappers trialling mosquito-repellent clothing in Mon State. (Supplied)

သို့သော် စိန်ခေါ်ချက်များ ရှိနေသေးသည်ဟု ဒေါက်တာ ဟီက ဝန်ခံပြောကြားသည်။

“ဒီနည်းပညာက ရာနှုန်းပြည့် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာကိုတော့ ကျွန်တော်တို့ သတိပြုမိပါတယ်။ မကြာမကြာ လျှော်ဖွတ်မယ်ဆိုရင် ခြင်နိုင်ဆေးက ပွန်းပဲ့ကြွေသွားပြီး ထပ်မံ သုတ်လိမ်းဖို့ လိုပါလိမ့်မယ်။ သုံးလလောက်ကြာတဲ့အခါမှာတော့ လူတွေက သူတို့ရဲ့ခြင်ကာအင်္ကျီကို စွန့်ပစ်ပြီး အခြား အသစ်တစ်စုံ ဝယ်ယူရမယ့် အခြေအနေကို ကျွန်တော် မျှော်မှန်းထားပါတယ်။ ဒါကြောင့် ထိလွယ်ရှလွယ်တဲ့ ညစ်ညမ်းတဲ့ အခြေအနေတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ပြုပြင်စီမံမှုကို တိုးမြှင့်ဖို့နည်းလမ်းတွေကို ကျွန်တော်တို့ ရှာဖွေဖို့ လိုပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

အခြားစိန်ခေါ်မှုတစ်ရပ်မှာ ခြင်နိုင်ဆေး စီမံထားသောအဝတ်၏ ကုန်ကျစရိတ်ပင် ဖြစ်သည်။ စိုက်ပျိုးရေး လုပ်သားများမှာ ရှပ်အင်္ကျီနှင့် ဘောင်းဘီတစ်ထည်အတွက် ကျပ်ငွေ ၄,၀၀၀ နှင့် ၅,၀၀၀ ကြားသာ ပေးလိုကြကြောင်း စစ်တမ်းတစ်ရပ်တွင် လေ့လာတွေ့ရှိခဲ့ရသည်။ ထိုသို့သော အဝတ်အစားတစ်စုံ ထုတ်လုပ်ရေးအတွက် ကုန်ကျစရိတ်မှာ ပို့ဆောင်ခနှင့် အခွန်အခ အပါအဝင် ကန်ဒေါ်လာ ၃၀ (မြန်မာကျပ်ငွေ ၃၆,၆၆၀ ခန့်) ဖြစ်သည်။

ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့သည် အဝတ်အစားများကို ငွေကြေးအရ ပိုမိုအဆင်ပြေသော အနေအထားဖြင့် ထုတ်လုပ်ရေးကို အထောက်အကူ ပြုနိုင်မည့် ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ နှစ်ခုစလုံးဖြင့် လှုပ်ရှားခြင်း၌ ပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။

တိုးတက်လာနေသည့် ပြည်တွင်းအထည်ချုပ်ကဏ္ဍသည်လည်း ဈေးနှုန်းလျော့ကျစေရန် အထောက် အကူ ပြုနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးဝါးသုတေသနဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဖုန်းကျော်က ပြောကြားသည်။

“ကျွန်တော်တို့မှာ ကိုယ်နိုင်ငံသားတွေအတွက် ထုတ်လုပ်တဲ့ ဒေသတွင်း အထည်ချုပ်စက်ရုံတွေ ရှိပါတယ်။ အဲဒီနေရာ (မွန်ပြည်နယ်) မှာလည်း အဝတ်အစား ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိပါတယ်။ ဒါကြောင့် ဒေသဖြစ် အထည်တွေကိုသာ ထုတ်လုပ်နိုင်မယ်ဆိုရင် ဈေးပိုပေါပါလိမ့်မယ်” ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ကင်းစင်သောနိုင်ငံ ဖြစ်လာစေရန် စီစဉ်ထားပြီး လောလောဆယ်အထိ အခြေအနေများ ကောင်းမွန်လျက်ရှိသည်။ ကုလသမဂ္ဂအဖွဲ့ချုပ် ထောင်စုနှစ် ရည်မှန်းချက်များ၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာနိုင်ငံမှ ၂၀၀၄ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အကြား  ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ထက်ဝက်ခန့် လျှော့ချရေးကို ဆောင်ရွက်နိုင်ခဲ့ပြီး ဤအောင်မြင်မှုမှာ ၂၀၁၂ ခုနှစ်တွင် နှစ်နှစ်စောကာ အောင်မြင်ခဲ့သော ရည်မှန်းချက်တစ်ရပ်ဖြစ်သည်ဟု ဒေါက်တာ မြတ်ဖုန်းကျော်က ဆိုသည်။

“ခုဆိုရင်တော့ ကျွန်တော်တို့က ငှက်ဖျားရောဂါ အမြစ်ပြတ်ချေမှုန်းရေးကို တစ်ဆင့်ချင်း ချဉ်းကပ်နေပါပြီ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန်တွေက ကမ္ဘာ့ရည်မှန်းချက်နဲ့ အတူတူ ဖြစ်တာကြောင့် ကျွန်တော်တို့ နိုင်ငံမှာ ၂၀၃၀ ပြည့်နှစ်ဆိုရင် ငှက်ဖျားရောဂါ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒီလို ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်း(လုပ်သား) လူဦးရေအပေါ် မဖြစ်မနေ အာရုံပြုရပါလိ့မ်မယ် ” ဟု ၎င်းက ဆိုသည်။

ITC မှာ မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါ တိုက်ဖျက်မည့် မဟာဗျူဟာ တစ်ခုမျှသာ ဖြစ်သည်ဟု ကျွမ်းကျင် ပညာရှင်များက ဖွင့်ဟပြောကြားသည်။ အခြားမဟာဗျူဟာများတွင် ခြင်များ၏ မျိုးရိုးဗီဇ  ထိန်းချုပ်ပြုပြင်ခြင်းနှင့် အစ်ဗာမက်တင်းဟု ခေါ်ဆိုသည့် ရောဂါပိုးကာကွယ်ဆေးတို့လည်း ပါဝင်သည်။

“အစ်ဗာမက်တင်းက လူမှာ ကူးစက်နိုင်တဲ့ ပိုးတွေကို သတ်ဖြတ်ပေးနိုင်ရုံတင် မကပါဘူး၊ သူတို့ရဲ့ ဆေးရောနေတဲ့သွေးကို သောက်သုံးတဲ့ခြင်ကိုလည်း သေစေနိုင်တာကြောင့် ခြင်အကောင်ရေ  လျော့ကျသွားစေနိုင်ပါတယ်။ ဒီဆောင်ရွက်မှုက ငှက်ဖျားရောဂါ ကူးစက်မှုကို နှေးကွေးစေခြင်း၊ သို့မဟုတ် ရပ်တန့်ခြင်းတို့ကို ပေါ်ပေါက်စေနိုင်တယ် ဆိုတာကို လေ့လာတွေ့ရှိချက်တွေအရ သိရပြီးပါပြီ” ဟုလည်း ဒေါက်တာဟီက ပြောကြားသည်။

အောင်မင်း ဘာသာပြန်သည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.