ငွေကြေးတန်ဖိုး တည်ငြိမ်အောင် ဗဟိုဘဏ် မထိန်းနိုင်ဘူးလား

စည်သူအောင်မြင့် ရေးသားသည်။

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးကို သတိကြီးကြီးထားပြီး ဆောင်ရွက်နေကြချိန် စီးပွားရေးဆိုင်ရာ ကဏ္ဍမှာ ပေါ်ပေါက်လာတဲ့ ပြဿ     နာကြီးတစ်ခုကတော့ မြန်မာကျပ်ငွေ တန်ဖိုး မတည်မငြိမ် ဖြစ်မှုပါ။

ဒီတစ်ကြိမ် ငွေကြေးတန်ဖိုး မတည်မငြိမ်ဖြစ်မှု အတိုင်းအတာကို တွက်ချက်ကြည့်ရင် တစ်ပတ်ကနေ ၁၀ ရက်တာ ကာလအတွင်း မြန်မာကျပ်ငွေ တန်ဖိုးဟာ အမေရိကန် တစ်ဒေါ်လာကို အမြင့်ဆုံး ကျပ် ၁,၃၀၀ နီးပါးနဲ့ အနိမ့်ဆုံး ၁,၂၀၅ ကျပ် အထိ ကွာခြားမှု ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စပါ။ ရက်တိုလေး အတွင်းမှာ ငွေကြေးတန်ဖိုး ကွာခြားချက် ၇ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်ပေါ်ခဲ့တာကြောင့် အလှုပ်အယမ်းများတဲ့ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။

ဒီကာလအတွင်း နိုင်ငံခြားငွေ လဲလှယ်ခွင့် ရထားတဲ့ ဘဏ်တွေဘက်ကလည်း ငွေလဲလှယ်တာကို လုပ်တဲ့အခါလုပ်၊ ပိတ်တဲ့အခါ ပိတ်၊ စိစစ်တဲ့အခါ စိစစ်၊ ဈေးနှုန်းကိုလည်း အချိန်နဲ့အမျှ အပြောင်းအလဲတွေလုပ် စသဖြင့် အမျိုးမျိုး လုပ်ကိုင်ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။

လက်ရှိ စီးပွားရေး ဈေးကွက်ထဲမှာ မြန်မာကျပ်ငွေ ဈေးနှုန်း ဘာကြောင့် မတည်မငြိမ် ဖြစ်ရတာလဲ၊ အဲလို မတည်မငြိမ် ဖြစ်မှုကြောင့် ဘာ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်သလဲ၊ ဒါကို ဘာကြောင့် အစိုးရ ဗဟိုဘဏ်က မထိန်းသိမ်းနိုင်ရတာလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ကျပ်ငွေတန်ဖိုး မတည်မငြိမ် ဖြစ်မှုအခြေအနေတွေကို ကြည့်ရင် ဗဟိုဘဏ်က ကောင်းကောင်း မထိန်းချုပ်နိုင်တာနဲ့ ဈေးကစား အမြတ်ရှာစားသူတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဈေးကစား အမြတ်ရှာသူတွေဆိုတာ အရင်က သာမန် စီးပွားရေးသမားတွေ၊ ငွေမည်း ပိုင်ဆိုင်ထားသူတွေလောက်ပဲ လုပ်ကိုင်နေကြရာကနေ အခု သမ္မတ ဦးသိန်းစိန်ခေတ်မှာတော့ ဘဏ်လုပ်ငန်းနဲ့ နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး တရားဝင် လုပ်ကိုင်ခွင့်ရလာကြတဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေကပါ ဝင်ရောက် လုပ်ကိုင်လာကြလို့ပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေကြောင့်ပဲ နိုင်ငံခြား ငွေကြေး မှောင်ခိုရောင်းဝယ်နေကြသူတွေကို အစိုးရ အာဏာပိုင်တွေက အရေးယူခြင်း မလုပ်နိုင်တာပါ။

ဖြစ်ပုံက ဒီလိုပါ။ လက်ရှိ မြန်မာကျပ်ငွေနဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်းထားတွေကို ဗဟိုဘဏ်က သတ်မှတ်ပါတယ်။ နေ့စဉ် လေလံစနစ်နဲ့ သတ်မှတ်တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားငွေ လဲလှယ်ခွင့်လုပ်ငန်း လိုင်စင်ရထားတဲ့ ပုဂ္ဂလိက ဘဏ်တွေ၊ ငွေလဲကောင်တာတွေဟာ ဗဟိုဘဏ်က သတ်မှတ်တဲ့နှုန်းထား တစ်ခုနဲ့ ဒေါ်လာငွေကို ဖြစ်စေ၊ ကျပ်ငွေကို ဖြစ်စေ လေလံဆွဲ ဝယ်ယူနိုင်ပါတယ်။ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဟာ လိုအပ်တဲ့ ကျပ်ငွေနဲ့ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က သတ်မှတ်တဲ့ နှုန်းထားနဲ့ ဝယ်ယူပြီးပြီဆိုရင် အဲဒီ နှုန်းထားကို အခြေခံတဲ့ ရောင်းဈေး၊ ဝယ်ဈေး အတိုင်း ပြည်သူတွေကို ပြန်ရောင်းပေး၊ ဝယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်လောက်ပဲ ဖြစ်ပြီး ဗဟိုဘဏ် ကိုယ်တိုင်က အဲဒီ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်ကို လိုက်နာနိုင်တာ မတွေ့ရပါဘူး။

အကြောင်းကတော့ တချို့ကာလ တချို့နေ့တွေမှာ ဗဟိုဘဏ်က သတ်မှတ်တဲ့ နိုင်ငံခြားငွေ တန်ဖိုးဟာ ပြင်ပ ပေါက်ဈေးထက် နိမ့်နေတာကြောင့်  ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေက ဒေါ်လာနဲ့ နိုင်ငံခြားငွေ အများအပြား ဝယ်ယူလိုပါတယ်။ ဒီအခါ ဗဟိုဘဏ်က ရောင်းမပေးနိုင်ပါဘူး။ အဲလို ကာလမျိုးမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေကို ခွဲတမ်းနဲ့ပဲ ရောင်းပေးတဲ့အတွက် ဒါကို အကြောင်းပြပြီး ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကလည်း ပြည်သူတွေကို သတ်မှတ်ဈေးအတိုင်း ဒေါ်လာနဲ့ နိုင်ငံခြားငွေ လုံလုံလောက်လောက် ပြန် ရောင်းမပေးတာမျိုး လုပ်ပါတယ်။

ဗဟိုဘဏ်ကနေ သူတို့ခွဲတမ်းနဲ့ ဝယ်ယူခွင့်ရတဲ့ ဒေါ်လာငွေတွေကို တရားဝင် သတ်မှတ်ဈေးနဲ့ ကောင်တာတွေမှာ မရောင်းတော့ဘဲ သေချာပေါက် အမြတ်ပြန်ရတဲ့ မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းရင်း အမြတ်အစွန်း အလွန်ရကြပါတယ်။ ပြောရရင် ဗဟိုဘဏ်ဟာ သူကိုယ်တိုင် ချထားတဲ့ စည်းမျဉ်းစည်းကမ်း သူကိုယ်တိုင် မလိုက်နာနိုင်တော့ ကျန် ငွေလဲလှယ်ခွင့် လိုင်စင်ရထားတဲ့ ပုဂ္ဂလိကဘဏ် ၂၄ ခုနဲ့ ငွေလဲကောင်တာပေါင်းများစွာကို ပြန်ကြီးကြပ်တာ မလုပ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ပြည်သူတွေဟာ ငွေလဲကောင်တာတွေရဲ့ ထင်သလို ချယ်လှယ်တာကို ခံကြရတာ ဖြစ်ပါတယ်။

အလားတူ မှောင်ခိုဈေးကွက်မှာ ဒေါ်လာနဲ့ နိုင်ငံခြားငွေ အရောင်းအဝယ် လုပ်ကြသူတွေကလည်း တရားဝင် ငွေလဲကောင်တာက ဈေးနှုန်းတွေနဲ့ မတူအောင် ဈေးဖွင့် ရောင်းဝယ်မှုတွေ လုပ်ကြပါတယ်။ သူတို့ဆီမှာကတော့ ဝယ်ဈေး ရောင်းဈေး သတ်မှတ်ပြီး ရောင်းကြ ဝယ်ကြတာပဲ ရှိပြီး မရောင်းဘူး၊ မဝယ်ဘူး၊ အရောင်းပိတ်တယ် ဆိုတာမျိုး၊ ဘယ်လို အထောက်အထားတွေပါမှ ရောင်းမယ် ဝယ်မယ် ဆိုတာမျိုး၊ ဘယ်လောက် ပမာဏ ပဲ ရောင်းမယ် ဝယ်မယ် ဆိုတာမျိုး မရှိတဲ့အတွက် အဓိက ဈေးကွက်ကြီးသဖွယ် ပြန်ဖြစ်နေပါတယ်။

ငွေဈေး မတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းလည်း မတည်ငြိမ်တာပါ။ မတည်ငြိမ်ဘူး ဆိုတာထက် မြန်မာကျပ်ငွေ တန်ဖိုး ကျသွားရင် ကုန်ဈေးနှုန်း သေချာပေါက် တက်ပြီး ကျပ်ငွေ တန်ဖိုးတက်ပေမယ့် ကုန်ဈေးနှုန်း မကျ ဖြစ်တာမျိုးပါ။

အရင် ဒေါ်လာကို တရားဝင် ကိုင်ဆောင်ခွင့်မရှိတဲ့ ခေတ်ကအတိုင်း ဖြစ်နေတာမျိုးပါ။ တကယ်တော့ ဒီ မှောင်ခိုဈေးကွက်ကို အာဏာပိုင်တွေ နှိမ်နင်းဖမ်းဆီးချင်ရင် လွယ်လွယ်လေးပါ။ အသွင်ယူ ဖမ်းဆီးနှိမ်နင်းရင် လျော့နည်းသွားနိုင်ပါတယ်။ ဒါပေမဲ့ အဲလို တရားမဝင် နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူ ထိပ်သီးကြီးတွေထဲမှာ ပုဂ္ဂလိကဘဏ်တွေ၊ ငွေလဲကောင်တာတွေ ကိုယ်တိုင် ပါဝင်ပတ်သက်မှုကြောင့် သွားပြီး မတို့ မထိရဲတာလည်း ဖြစ်နိုင်ပါတယ်။

အကျိုးဆက်ကတော့ ငွေကြေးဈေးကွက်မှာ မတည်မငြိမ်ဖြစ်ပြီး ပြည်သူတွေပဲ ဒုက္ခ ရောက်ရတာပါ။ ဒေါ်လာရောင်းလိုတဲ့ လူတွေ၊ ဝယ်လိုတဲ့ လူတွေ၊ နိုင်ငံခြားသားတွေ အားလုံးဟာ တရားဝင် ဈေးကွက်မှာ သတ်မှတ်နှုန်းထားနဲ့ ဝယ်မရ၊ ရောင်းမရ ဖြစ်ပြီး ကိုယ်လိုရင် ဈေးကြီး၊ ကိုယ်ရောင်းရင် ဈေးနှိမ်ခံရ ဆိုတာမျိုး ကြုံကြရပါတယ်။

နောက်တစ်ချက်ကတော့ ငွေဈေး မတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းလည်း မတည်ငြိမ်တာပါ။ မတည်ငြိမ်ဘူး ဆိုတာထက် မြန်မာကျပ်ငွေ တန်ဖိုး ကျသွားရင် ကုန်ဈေးနှုန်း သေချာပေါက် တက်ပြီး ကျပ်ငွေ တန်ဖိုးတက်ပေမယ့် ကုန်ဈေးနှုန်း မကျ ဖြစ်တာမျိုးပါ။ ဈေးကွက် မတည်ငြိမ်မှုက ကုန်ဈေးနှုန်းကို အတက်ဘက်ကိုချည်းပဲ ရောက်အောင် တွန်းပို့နေတာပါ။

ဒိထက် ပိုဆိုးတာကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အကြီးစားတွေကိုလည်း ထိခိုက်စေတာပါ။ မတည်ငြိမ်တဲ့ ငွေကြေးဈေးကွက်အောက်မှာ အလုပ်လုပ်ရတာ အလွန်ခက်ခဲပါတယ်။ ငွေကြေးပမာဏ အတော်များများဟာ ဈေးကစားသူတွေ လက်ထဲ ဖိတ်စင် ရောက်သွားစေလို့ ဖြစ်ပါတယ်။

ပြောရရင် ငွေကြေးဈေးကွက် အခြေအနေ တည်ငြိမ်ဖို့ ဗဟိုဘဏ်နဲ့ အစိုးရမှာပဲ လုံးလုံးလျားလျား တာဝန်ရှိပါတယ်။ ဗဟိုဘဏ်ဟာ သူကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို သူကိုယ်တိုင် လိုက်နာရမှာ ဖြစ်ပြီး မလိုက်နာတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကိုလည်း ထိထိရောက်ရောက် အရေးယူရပါမယ်။ တစ်ပြိုင်နက်တည်း မှောင်ခို ငွေကြေးဈေးကွက်ကို ထိထိရောက်ရောက် တိုက်ဖျက်မှု လုပ်မှသာလျှင် အခုလို ပြဿ     နာမျိုးကနေ ရှောင်လွဲှနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar