ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိုးနှက်လိုက်တဲ့ ဝ တပ်ဖွဲ့ရဲ့ ခြေလှမ်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အင်န်စီအေမှာ လက်မှတ်ထိုးမထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဝ တပ်ဖွဲ့တို့ ဆွေးနွေးမယ့်ပွဲ မတိုင်ခင် ကြိုတင်ဖြန့်ဝေခဲ့တဲ့ ဝ တပ်ဖွဲ့ရဲ့စာတမ်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယပတ်က  ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ဝ ဒေသ ပန်ဆန်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးစည်းဝေးပွဲ ကျင်းပပါတယ်။

ဝ တပ်ဖွဲ့ UWSA က ကမကထလုပ် ကျင်းပတာဖြစ်ပြီး အဓိကအားဖြင့် အစည်းအဝေးကို ကေအိုင်အေ ကချင်လက်နက်ကိုင် အပါအဝင် အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ကြပါတယ်။

အဲဒီ အစည်းအဝေးမတိုင်ခင် ဇန်နဝါရီ ၁၅ ရက်ကတည်းက လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဘက်က အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဝ တပ်ဖွဲ့က ဘယ်လို သဘောထားတယ်၊ အင်န်စီအေ အပစ်ရပ်စာချုပ်ကို ဘယ်လိုရှုမြင်တယ်၊ ဒါကြောင့် နောင် မြန်မာအစိုးရနဲ့ ရင်ဆိုင်ရာမှာ ဘယ်လိုစုဖွဲ့၊ ဘယ်လိုအချက်တွေ ကိုင်စွဲရမလဲ ဆိုတာတွေကို အစည်းအဝေးမှာ ဆွေးနွေးချင်တယ်ဆိုတဲ့ စာမျက်နှာ ၂၂ မျက်နှာပါ စာတမ်းတစ်စောင် ပြုစုပြီး ကြိုတင် ဖြန့်ဝေခဲ့ပါတယ်။

ဒီစာတမ်းကို လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား သူပုန်အဖွဲ့ရဲ့ ခြေလှမ်းဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို ကြီးကျယ်တဲ့ စိန်ခေါ်မှု ဖြစ်စေပါလိမ့်မယ်။ စာတမ်းထဲမှာ ဘာတွေပါသလဲ၊ အစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘာ ဆက်ဖြစ်လာနိုင်သလဲဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

စာတမ်းရဲ့ အစမှာကိုပဲ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ အရင် စစ်အစိုးရ အဆက်ဆက်တုန်းကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ခဲ့တဲ့အကြောင်း၊ မအောင်မြင်ကြောင်း၊ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ အင်န်စီအေစာချုပ်ကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချမှတ် အကောင်အထည်ဖော်ခဲ့တဲ့အကြောင်း၊ မအောင်မြင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရအကြီးအကဲ ဖြစ်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင် အကောင်အထည်ဖော်တဲ့အခါ တိုင်းရင်းသားတွေက မျှော်လင့်ချက် ထားခဲ့ကြတဲ့အကြောင်း၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဗမာပဲ ဖြစ်တဲ့အတွက် အရင် အစိုးရတွေနဲ့ သိပ်ပြီး မထူးခြားတဲ့အကြောင်း၊ သူအကောင်အထည်ဖော်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း တိုင်းရင်းသားတွေအတွက် အကျိုးမရှိဘူးလို့ ဝေဖန်ထိုးနှက်ထားပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်တဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပင်လုံစိတ်ဓာတ်ဆိုတဲ့ စကားလုံးကို ဝေဖန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ ပင်လုံစိတ်ဓာတ်ဆိုတာဟာ အရင် သမိုင်းမှာ ချုပ်ဆိုခဲ့ဖူးတဲ့ ပင်လုံစာချုပ်နဲ့ ကွာခြားနေကြောင်း၊ အဓိပ္ပာယ် မတူတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပင်လုံစိတ်ဓာတ်မှာ ခွဲထွက်ခွင့်ဆိုတာ ပါမလာတော့ကြောင်း၊ တိုင်းရင်းသား အခွင့်အရေး ဆိုတာလည်း မရှိကြောင်း၊ ဒါတောင် တိုင်းရင်းသားတွေက အဲဒီကိစ္စ ဆွေးနွေးတယ်လို့ မကြားသိရကြောင်း၊ ဒါကြောင့် ထိပ်သီးအစည်းအဝေးမှာ အဲဒီ စကားလုံးကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ ကြိုးစားမယ်ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒီအခါ ပြည်နယ်လို့ နာမည်တပ်ထားတဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဆင့်လောက် တောင်းဆိုနေတဲ့ ဝ တပ်ဖွဲ့ရဲ့ တောင်းဆိုမှုကို အစိုးရတင်မက တခြားတိုင်းရင်းသားတွေကပါ လက်မခံနိုင်တဲ့ အနေအထားမျိုး ရောက်သွားနိုင်ပါတယ်။ ဒီစိုးရိမ်ချက်အပေါ်မှာ ဝ တပ်ဖွဲ့ဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ နိုင်ငံရေးမှာ ဝင်ရောက်လှုပ်ရှားဖို့ အစပြုလာတာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

နောက်တော့ အင်န်စီအေစာချုပ်ကို ဝေဖန်ပါတယ်။ အင်န်စီအေစာချုပ်ဟာ စစ်ရေးအတွက် ချုပ်ဆိုထားတဲ့ စာချုပ်မဟုတ်သလို၊ နိုင်ငံရေးအရ သဘောတူညီချက်တွေလည်း မပါကြောင်း၊ ဟိုမရောက် သည်မရောက် စာချုပ်ပဲ ဖြစ်ကြောင်း၊ စာချုပ်ထဲမှာပါတဲ့ အချက်တွေကလည်း လိုသလို အဓိပ္ပာယ် ဖွင့်နိုင်တဲ့အကြောင်း၊ ဒါကြောင့် မြန်မာ့တပ်မတော်က အင်န်စီအေစာချုပ်ကို လိုရာ အဓိပ္ပာယ်ဖွင့်တာ ကြားရကြောင်း ဖော်ပြထားပါတယ်။

ဒါတင်မက အင်န်စီအေစာချုပ်ဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို အုပ်စု သုံးစုဖြစ်အောင် ခွဲလိုက်တဲ့ စာချုပ်ဖြစ်ကြောင်း၊ တစ်စုက ကေအင်န်ယူဦးဆောင်တဲ့ အင်န်စီအေကို လက်မှတ်ထိုးတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒုတိယ တစ်စုက ကေအိုင်အေဦးဆောင်တဲ့ အင်န်စီအေကို ပြင်ချင်တဲ့ အဖွဲ့တွေ ဖြစ်ကြောင်း၊ တတိယ တစ်စုကတော့ သူတို့ ဝ တပ်ဖွဲ့အပါအဝင် အဆင့်သုံးဆင့် ငြိမ်းချမ်းရေး စာချုပ်ကို လက်ခံတဲ့ အဖွဲ့တွေ ဖြစ်ကြောင်း၊ တကယ့်တကယ်မှာတော့ မြန်မာတွေဟာ ပင်လုံစာချုပ်နေရာမှာ အင်န်စီအေစာချုပ်ကို အစားထိုးလိုက်တာပဲ ဖြစ်ကြောင်း၊ တစ်နေ့နေ့ ပင်လုံစာချုပ်အကြောင်း ပြန်ပြောရင် အင်န်စီအေစာချုပ်နဲ့ အစားထိုးပြီးဖြစ်တယ်လို့ ပြောမှာဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာတွေက အင်န်စီအေစာချုပ်ကို လက်မှတ်ထိုးဖို့ အတင်းတိုက်တွန်းနေကြကြောင်း၊ သူတို့ ဝ တပ်ဖွဲ့ကိုလည်း အကြိမ်ကြိမ် ဖိအားပေးကြောင်း ဖော်ပြထားပါတယ်။ နောက်ဆုံး နိဂုံးမှာတော့ မြန်မာတွေကို နိုင်ငံရေးအရ အရေးဆိုနိုင်ဖို့၊ စကားပြောနိုင်ဖို့ ဝ တပ်ဖွဲ့နဲ့ အင်န်စီအေလက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေ ပေါင်းပြီး အဖွဲ့သစ်တစ်ခု ဖွဲ့သင့်တဲ့အကြောင်း ဖော်ပြထားပါတယ်။

ပြောရရင် ဝ တပ်ဖွဲ့ရဲ့ နောက်ဆုံးသဘောထားဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်အကောင်အထည် ဖော်နေတဲ့ အင်န်စီအေစာချုပ်မှာ လက်မှတ်ထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေးဆိုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပယ်ချလိုက်တာပါပဲ။ အရင်တုန်းကတော့ ဝ တပ်ဖွဲ့ဟာ ပြည်ထောင်စု၊ တနည်းအားဖြင့် တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေးကနေ ဝေးဝေးနေပြီး ကိုယ့်လက်နက် ကိုယ်ကိုင်၊ ကိုယ့်နယ်မြေ ကိုယ်ထိန်းချုပ်ပြီး သူတို့လိုချင်တဲ့ အနေအထား တောင်းဆိုတာမျိုးပဲ လုပ်ခဲ့တာပါ။

အင်န်စီအေစာချုပ် လက်မှတ် မထိုးရတာကလည်း သူတို့အနေနဲ့ အပစ်ရပ်ပြီးသား ဖြစ်လို့၊ နှစ်ပေါင်းများစွာ အတွင်း တိုက်ပွဲတွေ မဖြစ်လို့ ထိုးဖို့ မလိုလို့ မထိုးတာလောက် ပြောဆိုပြီး အင်န်စီအေစာချုပ်ကို အပြစ်တင်တာ၊ ဝေဖန်တာမျိုး မလုပ်ခဲ့ပါဘူး။ အခုတစ်ကြိမ်ကျမှသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကိုရော၊ ပင်လုံစိတ်ဓာတ်ကိုရော၊ အင်န်စီအေစာချုပ်ကိုပါ ဝေဖန်ထိုးနှက်ပြီး အပစ်မရပ်သေးတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်း၊ အစိုးရနဲ့ ညှိနှှိုင်းဆွေးနွေးနိုင်မယ့် လမ်းကြောင်းသစ် တစ်ခု ဖော်ထုတ်ဖို့ ကြိုးစားလာတဲ့ သဘောပါပဲ။

ဝ တပ်ဖွဲ့ အဲသလို ခြေလှမ်းလှမ်းလာရတာကလည်း အကျိုးအကြောင်း ရှိပါတယ်။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကသာ စည်းရုံးနိုင်မယ်ဆိုရင် ကေအိုင်အေအပါအဝင် အင်န်စီအေလက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ၊ အင်န်စီအေမှာ လက်မှတ်ထိုး၊ ပင်လုံညီလာခံတွေမှာ ပါဝင်ပြီး နိုင်ငံရေးအရ ဆွေးနွေးပွဲဝင်းထဲ ရောက်သွားခဲ့ရင် ဝ တပ်ဖွဲ့ အထီးကျန် ဖြစ်သွားနိုင်ပါတယ်။

ဒီအခါ ပြည်နယ်လို့ နာမည်တပ်ထားတဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဆင့်လောက် တောင်းဆိုနေတဲ့ ဝ တပ်ဖွဲ့ရဲ့ တောင်းဆိုမှုကို အစိုးရတင်မက တခြားတိုင်းရင်းသားတွေကပါ လက်မခံနိုင်တဲ့ အနေအထားမျိုး ရောက်သွားနိုင်ပါတယ်။ ဒီစိုးရိမ်ချက်အပေါ်မှာ ဝ တပ်ဖွဲ့ဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ နိုင်ငံရေးမှာ ဝင်ရောက်လှုပ်ရှားဖို့ အစပြုလာတာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

ဝ တပ်ဖွဲ့ရဲ့ စည်းရုံးမှု အောင်မြင်သွားရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ နောက်ထပ် အခက်အခဲကြီးတစ်ရပ် ပေါ်ပေါက်လာနိုင်သလို၊ တစ်တိုင်းပြည်လုံး အပစ်ရပ်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာရေးဆိုတဲ့ လုပ်ငန်းစဉ်လည်း အများကြီး နှောင့်နှေးသွားနိုင်ကြောင်းပါ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar