ငြိမ်းချမ်းရေး တိုးတက်နေသလား

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေအဆုံးသတ်ဖို့ မျှော်လင့်ချက်နဲ့ ဆွေးနွေးနေကြရာမှာ ငြိမ်းချမ်းရေးရလဒ်ကောင်းတွေ အရှိန်အဟုန်နဲ့ ရရှိလာစေဖို့ အစိုးရနဲ့တပ်မတော်တို့ကလည်း ညှိနှိုင်းဆွေးနွေးကြရပါလိမ့်မယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အစိုးရနဲ့ ကေအိုင်အိုအပါအဝင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် လေးဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ထုံးစံအတိုင်း ဒီအစည်းအဝေး ကျင်းပတဲ့မူဆယ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ဂေါင်ရှန် H.E Mr. Sun Guoxiang ဦးဆောင်တဲ့အဖွဲ့လည်း ရောက်လာပြီး နှစ်ဖက်အစုအဖွဲ့တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ပါတယ်။

ဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ရာမှာ နားလည်မှုတွေ ပိုရလာတယ်၊ တိုးတက်မှု တစုံတရာရှိတယ်၊ နောက်ထပ် တွေ့ဆုံမှုတွေကို မေလထဲမှာ ဆက်လုပ်သွားမယ် အစရှိသဖြင့် ထုတ်ပြန်ခဲ့သလို တပ်မတော်ဘက်ကလည်း အဲဒီဆွေးနွေးပွဲ ရလဒ်တွေဟာ အပေါင်းလက္ခဏာ ဖြစ်တာကြောင့် သူတို့ ကြေညာထားတဲ့ အပစ်အခတ် ရပ်စဲရေးကို နောက်ထပ်သက်တမ်း ၂ လ တိုးပေးမယ်ဆိုပြီးလည်း ကြေညာခဲ့ပါတယ်။

အစည်းအဝေး ကျင်းပပုံတွေ၊ ထုတ်ပြန်ချက်တွေကို ကြည့်ရင်တော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်နေတယ်လို့ မှတ်ထင်စရာပါပဲ။ တကယ်ပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေတဆင့် တိုးတက်မှုတွေ ရနေပါရဲ့လား၊ ဘာတွေများ လိုအပ်ချက်ရှိနေမလဲဆိုတာ လေ့လာသုံးသပ်ကြည့်ပါမယ်။

လက်ရှိတွေ့ဆုံမှုဟာ အစိုးရဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့  ကချင်လက်နက်ကိုင်အဖွဲ့ KIO ၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့၊ တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ PNLO ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တွေ တွေ့ဆုံကြတဲ့ပွဲပါ။

ဆွေးနွေးပွဲမှာ အစိုးရဘက်က အဓိကဦးတည်တာက အဲဒီအဖွဲ့တွေ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ထိုးရေးပါ။ ဒါပေမဲ့ကေအိုင်အိုအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အဆိုပြုချက်ကတော့ ပထမအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် Bilateral Ceasefire Agreement ထိုးရေး ဖြစ်ပါတယ်။

ကေအိုင်အိုဘက်က တင်ပြချက်မှာဆိုရင် အစိုးရနဲ့ သူတို့ ကချင် လက်နက်ကိုင်အဖွဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ရေးထိုးထားမယ်၊ အဲလိုအပစ်ရပ်ထားပြီးရင် စစ်ဘေးရှောင်စခန်းတွေ ရောက်နေတဲ့ ဒုက္ခသည်ပြည်သူတွေ သူတို့နေရပ် သူတို့ပြန်လာနိုင်ရေး နှစ်ဖက်ပူးပေါင်း အကောင်အထည်ဖော်ကြမယ် ဆိုတာမျိုးပါ။

အခုဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က သူတို့ရေးဆွဲထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် စာချုပ်မူကြမ်းတွေ အစိုးရဘက်ကို ပေးပါတယ်။ ဒီစာချုပ်မူကြမ်းတွေကို အခုဆွေးနွေးပွဲမှာမှ ပေးလာတဲ့အတွက် အစိုးရဘက်က အဲဒါကိုယူသွားပြီး သူ့သက်ဆိုင်ရာမှာ ဆက်ချပြ ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့်တော့ အစိုးရဘက်က ဒီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဖို့ကိစ္စ မငြင်းပယ်ပါဘူး။ ဒါပေမဲ့ အဲဒီစာချုပ်ထဲမှာ နှစ်ဖက် အပစ်အခတ်ရပ်စဲပြီး အချိန်ကာလ တစ်ခုရောက်ရင် NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့အချက် ထည့်သွင်းလိုတယ်လို့ အစည်းအဝေးမှာ ပြောပါတယ်။ ဒါတွေကိုတော့ နောက်တကြိမ်ကျမှ ဆက်ပြီးဆွေးနွေးကြရဦးမယ့်သဘောပါ။

ဒီဆွေးနွေးပွဲကနေ NCA စာချုပ်ထဲ လက်မှတ်ရေးထိုးနိုင်ရေးအထိ ဆက်ဆွေးနွေးဖို့ လိုအပ်တာကြောင့် လတ်တလော အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ထားတာကို နောက်ထပ်သက်တမ်း ၂ လ တိုးပေးမယ်လို့ တပ်မတော်ဘက်က ကြေညာပါတယ်။ ဒါပေမဲ့ အဲဒီအပစ်အခတ်ရပ်စဲရေးဟာ နဂိုကြေညာထားတဲ့ စစ်တိုင်း ၅ တိုင်းပဲ ပါဝင်ပြီး လက်ရှိတိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ပါဝင်ခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တိုက်ပွဲတွေ ဖြစ်ပွားနေတာ နည်းနည်းပါးပါး မဟုတ်ပါဘူး။ တပ်မတော်ဘက်က တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ အတွဲလိုက်ပစ်ရတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရတဲ့အထိ ပြင်းထန်တဲ့တိုက်ပွဲမျိုးတွေပါ။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက်ကလည်း နှစ်သောင်းခွဲ သုံးသောင်းဝန်းကျင်အထိ ရောက်လာပြီလို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောနေကြပါပြီ။

အခြားတစ်ဖက်မှာလည်း ရခိုင်၊ ကိုးကန့်နဲ့ တအာင်း လက်နက်ကိုင် စစ်ရေးမဟာမိတ် ၃ ဖွဲ့ကနေ ဧပြီ ၂၄ ရက်က ကြေညာချက် တစ်စောင် ထုတ်ပြန်ထားပါသေးတယ်။ အဲဒီကြေညာချက်ထဲမှာ တပ်မတော်ကနေ ရခိုင်ပြည်နယ်ထဲမှာ AA ကို တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။ တကယ်လို့များ ဧပြီ ၃၀ နောက်ပိုင်းအတွက် တပ်မတော်ကကြေညာမယ့် အပစ်ရပ်ထုတ်ပြန်ချက်မှာ အခုလိုပဲ ရခိုင်ပြည်နယ်ကို ဆက်ပြီးချန်လှပ်ထားဦးမယ်ဆိုရင် သူတို့ စစ်ရေးမဟာမိတ် သုံးဖွဲ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို မလွဲမရှောင်သာ လုပ်သွားမယ်၊ တနည်းအားဖြင့် သူတို့အခြေစိုက်ရာ ဒေသတွေမှာ တိုက်ပွဲဖော်ကောင်း ဖော်နိုင်တယ်လို့ သတိပေးထားပါတယ်။

သူတို့ကြိုပြောခဲ့တဲ့အတိုင်း တပ်မတော်ဘက်ကလည်း အပစ်ရပ်စစ်တိုင်းတွေထဲမှာ ရခိုင်ပြည်နယ်ကို ချန်လှပ်ထားဆဲ၊ ချန်လှပ်ထားမြဲပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ရှေ့လာမယ့်ကာလတွေမှာ ငြိမ်းချမ်းရေးအတွက် အခြေအနေကောင်းတွေ ရလာလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။

အလားတူ NCA လက်မှတ်ထိုးထားတဲ့ KNU လို လက်နက်ကိုင်အဖွဲ့ကြီးနဲ့ အလွတ်သဘော ဆွေးနွေးနေတဲ့ဆီမှာလည်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မတွေ့ရသေးသလို၊ တရားဝင်ဆွေးနွေးပွဲတွေ ဘယ်တော့ ပြန်စ နိုင်မလဲဆိုတာကိုလည်း မပြောနိုင်သေးပါဘူး။ ဒီအတွက် ၂၁ ရာစု ပင်လုံညီလာခံလိုမျိုး ဆက်ကျင်းပဖို့ဆိုတာကလည်း ဝေးနေဆဲအခြေအနေ ဖြစ်ပါတယ်။

ဒီကြားထဲမှာ အင်အားထုတ်ပြလိုက်တာကတော့ ဝ လက်နက်ကိုင်တပ်ဖွဲ့ UWSA ပါ။ အစိုးရကို ဆန့်ကျင်နေတဲ့ သူပုန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ မတူလောက်အောင် လက်နက်၊ လူသူအင်အား တောင့်တင်းတာကိုပြတဲ့ ပွဲတစ်ခုကို သူတို့ဌာနချုပ် ပန်ဆန်းမှာ ဧပြီ ၁၇ ရက်က လုပ်ပြခဲ့ပါတယ်။ လေယာဉ်ပစ် စက်သေနတ်ကြီးတွေ၊ လေယာဉ်ပစ်အမြောက်တွေ၊ ဒရုန်းလေယာဉ်ပျံတွေကိုပါ ပြသခဲ့တဲ့၊ မြန်မာနိုင်ငံလို နိုင်ငံငယ်လေး တစ်ခုအဖို့ဆိုရင် ကြီးကျယ်ခမ်းနားလှတဲ့ စစ်ရေးပြပွဲကနေ သူတို့အနေနဲ့ အစိုးရတပ်မတော်ကို မမှုတဲ့အကြောင်း၊ သူတို့ကို လာတိုက်မှာကိုလည်း ပူပန်မှုရှိမနေကြောင်း၊ လက်နက်ကိုင်ထားတဲ့ အခြေအနေကို ထိန်းသိမ်းထားပြီး သူတို့လိုလားတဲ့ ကွန်ဖက်ဒရေးရှင်းဆန်ဆန် လွတ်လပ်တဲ့ပြည်နယ်ရသည်အထိ တောင်းဆိုသွားမယ်ဆိုတဲ့အကြောင်း သတင်းစကားပါးတာ တွေ့ကြရပါတယ်။

အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာ့ငြိမ်းချမ်းရေး အခြေအနေဟာ ကျေနပ်အားရစရာ ကောင်းမနေပါဘူး။ NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော၊ ထိုးမထားတဲ့ အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာမှာ တိုးတက်မှုရှိမနေပါဘူး။ တိုးတက်ခဲ့တဲ့ အချိန်ကာလက တချို့အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ဆုတ်ယုတ်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီအတွက် အစိုးရနဲ့ တပ်မတော်ဟာ ငြိမ်းချမ်းရေးကို တကယ်အရယူချင်တယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘက်ကပဲ စ ပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲပြတာမျိုး၊ လက်ရှိ ကေအိုင်အိုကတောင်းဆိုတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို စေ့စပ်ညှိနှိုင်းလက်ခံပြီး စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်အောင် အကူအညီပေးတာမျိုး၊ အပစ်ရပ်ထားပြီးသား အခြေအနေ ခိုင်မြဲအောင်လုပ်တာမျိုး စ ပြီး လုပ်ပြဖို့လိုပါတယ်။ အစိုးရဘက်ကလည်း လုပ်ပြနိုင်တာ အများကြီးရှိပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ထဲမှာပဲ ဖက်ဒရယ်ပြည်ထောင်စု ပုံသဏ္ဍာန်ကို ရနိုင်သလောက် ကျင့်သုံးပြဖို့ပါ။

တိုင်းရင်းသား အခွင့်အရေး၊ ပြည်နယ်အခွင့်အရေးဆိုတာမျိုးကို တောင်းသူရှိမှ မဟုတ်ဘဲ၊ ကိုယ် တည်ဆောက်လိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပုံစံအတိုင်း ပေးလို့ရသမျှပေးပြီး ကိုယ့်ရဲ့သဘောထားကို ပြသဖို့ပါ။ NCA ထိုးထားပြီးသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့သက်ဆိုင်တဲ့ နယ်မြေတွေ၊ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့သက်ဆိုင်တဲ့ နယ်မြေတွေမှာ အေးချမ်းတည်ငြိမ်စေတာ၊ ပြည်သူတွေ လွတ်လပ်မှုခံစားနိုင်အောင် ဆောင်ကြဉ်းပေးတာ၊ သူတို့ သဘောတူညီချက်တွေနဲ့အတူ ထင်သာမြင်သာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုရလာအောင် ကူညီပေးတာ စတာတွေ လုပ်ပြဖို့လိုပါတယ်။

အဲဒီလို ငြိမ်းချမ်းရေးအတွက် ပိုင်းဖြတ်တဲ့စိတ်ဆန္ဒ၊ လက်တွေ့ပါတဲ့ လုပ်ဆောင်ချက်တွေကနေ တဆင့်မှသာ ငြိမ်းချမ်းရေးကို တိုးတက်အောင် ဆောင်ကြဉ်းနိုင်မှာဖြစ်ကြောင်းပါ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar