ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်တယ်လို့ ဝေဖန်ခံရတဲ့ ရုပ်ရှင်

မြန်မာ့တပ်မတော်အကြောင်း ရိုက်ကူးထားသည့် ဒါရိုက်တာက ၎င်းအနေဖြင့် တပ်မတော်သားများ၏ ဘဝကို မှတ်တမ်းတင်ရန်အတွက်သာ ဖြစ်သည်ဟု ပြောကြားသော်လည်း တပ်မတော်ကို အမွှန်းတင်ရန် ကြိုးစားထားသည့် အဆိုပါ ရုပ်ရှင်ဇာတ်ကားကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်သည်ဟု ဝေဖန်ခံနေရသည်။

ကျော်လင်းထွန်း ရေးသားသည်။

ဇွန် ၁၅ ရက်နေ့က မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ဇတ်ကားသစ်တစ်ကားကို စတင် ရုံတင်ခဲ့သည်။ “ကျွန်တော်တို့ချစ်သော” ဟု အမည်ရှိ ဇာတ်ကားသည် ဒရာမာဇတ်လမ်း တစ်ခုဖြစ်ပြီး အမည်မဖော်ပြထားသော သောင်းကျန်းသူအုပ်စုများကို တိုက်ခိုက်နေသည့် တပ်မတော်သားတစ်ဦး၏ ဘဝကို မှတ်တမ်းပြုထားသည်။

ပရိသတ်ထံရောက်ရှိရန် နှစ်နှစ်ကြာ အချိန်ယူခဲ့ရသည့် ၎င်းရုပ်ရှင်ကားကို ဦးဝင်းဆောင်(နေကြာရိုင်း)က ရိုက်ကူးခဲ့ပြီး ချမ်းသာနှင့် Red Radiance ထုတ်လုပ်ရေးတိုက်နှစ်ခုက ငွေကြေးပံ့ပိုးထားသည်။ ရုပ်ရှင်က တပ်ကြပ်ကြီးမြတိုး ဆိုသူ တပ်မတော်သားတစ်ဦးအကြောင်း ရိုက်ကူးထားခြင်းဖြစ်ကာ တာဝန်ထမ်းဆောင်စဉ် တိုင်းပြည်တာဝန်နှင့် သူတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးအပေါ် ထားရှိခဲ့သည့် ချစ်ခြင်းတို့ကြား လွန်ဆွဲနေပုံကို ရိုက်ကူး ပုံဖော်ထားသည်။

သို့သော်လည်း ၎င်းရုပ်ရှင်သည် တပ်မတော်၏ ပုံရိပ်ကို အမွှန်းတင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ် အကျပ်အတည်းကို ကိုင်တွယ်မှုအပေါ် ဝေဖန်မှုများနှင့် ကြံတွေ့နေရသည့် ကာလတွင် ထိုသို့ ကြိုးပမ်းထားခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားကြသည်။

စစ်အုပ်ချုပ်ရေး နှစ်ကာလများအတွင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်သော စစ်တပ်အား ထောက်ခံသည့် ရုပ်ရှင်ကားများကို ယခုရုပ်ရှင်ကြောင့် သတိရမိကြောင်း တက်ကြွလှုပ်ရှားသူ ကျောင်းသား ကိုနေအောင်ပိုင်က ပြောသည်။

“ရုပ်ရှင်ရဲ့ အရည်အသွေးက ကောင်းပုံပါပဲ။ ကောင်းမွန်တဲ့ ရုပ်ရှင်နည်းပညာတွေလည်း သုံးထားပါတယ်” ဟု ၎င်းက ပြောသည်။ “ဒါပေမယ့် စစ်တပ်နဲ့ ပတ်သက်လို့ ပြောနေတာတွေက ရိုးသားမှုရှိဖို့တော့ လိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ရုပ်ရှင်ထုတ်လုပ်သူများ၏ ရည်ရွယ်ချက်ကို မသိသော်လည်း ရုပ်ရှင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသား ရင်ကြားစေ့ရေးအပေါ် ရိုက်ခတ်မှု ရှိနိုင်သည်ဟုလည်း ၎င်းပြောကြားသည်။

သို့သော်လည်း ရုပ်ရှင်က တပ်မတော်ကို ထောက်ခံသည့် ဝါဒဖြန့်ချိမှုဖြစ်သည်ဆိုသည့် ပြောကြားချက်ကို ဒါရိုက်တာ ဦးဝင်းဆောင်က ငြင်းဆိုခဲ့သည်။ ရုပ်ရှင်ကို ပုဂ္ဂလိကပိုင်းက ငွေကြေးပံ့ပိုးခြင်းဖြစ်ပြီး ရုပ်ရှင်အား ရိုက်ကူး ထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံံ့ တပ်မတော်သားများ၏ ဘဝကို သိရှိရန် မှတ်တမ်းပြုသည့်သဘောသာဖြစ်သည်ဟု ၎င်းက ပြောသည်။ “ဒီရုပ်ရှင်ကို ထုတ်လုပ်ပြီး ဖားတဲ့ နည်းလမ်းနဲ့ စစ်တပ်ကို အမွှန်းတင်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ ဒီဟာ ကျွန်တော် ဖန်တီးချင်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရန်အတွက် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ၊ သွင်းအားစုများ မရှိခဲ့ပေ။ ရုပ်ရှင်ကို ရုံမတင်မီ ပြန်ကြားရေးဝန်ကြီးဋ္ဌာနလက်အောက်ရှိ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေး ညွှန်ကြားမှုဌာနများသို့ တင်ပြခဲ့ရသည်ဟု ဦးဝင်းဆောင်က ပြောသည်။

ရုပ်ရှင်အတွက် ခွင့်ပြုချက်ရှရှိပြီးနောက် လေ့ကျင့်ရေးသရုပ်ဆောင်များ၊ ဇတ်ဝင်ပစ္စည်းများနှင့် ရုပ်ရှင်ရိုက်ကူးမည့် နေရာများအတွက် အကြံပြုခြင်းအပါအဝင် အကူအညီများကို တပ်မတော်က ပေးအပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

 class=

class=

ရုပ်ရှင်ကို ထောက်ခံသူတစ်ဦးမှာ ဦးလှဆွေဖြစ်သည်။ ၎င်းသည် စစ်သားဟောင်းတစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုအနေဖြင့် ငြိမ်းချမ်းရေးရွှေလက်ကို ငြင်းပယ်လျှင် ကျည်ဆံသာရမည်ဟု ပြောဆိုခဲ့သဖြင့် ဘူးလက်လှဆွေဟု လူအများက သိရှိထားသည်။

စစ်မှုမထမ်းမနေရ နိုင်ငံများတွင် စစ်သားများ၏ ဘဝကို စာနာမှုရှိသည်ဟု ၎င်းကဆိုသည်။ “ကျွန်တော်တို့မှာ စစ်မှုမထမ်းမနေရ ဥပဒေမရှိတဲ့အတွက် ပုဂ္ဂလိကပိုင်းက ပံ့ပိုးမှုအပေါ် အားကိုးရမှာပါ” ဟု ၎င်းကပြောသည်။

ယခုရုပ်ရှင်ကို ကြည့်မိရာမှ Britain’s Got Talent ရုပ်သံအစီအစဉ်တစ်ခုမှ ပြကွက်တစ်ခုကို သွားသတိရမိသည်ဟု ဦးလှဆွေက ပြောသည်။ ယင်းပြကွက်တွင် မိန်းကလေးတစ်စုက စစ်ပြန်များရှေ့တွင် စစ်တပ်ကို ထောက်ခံသည့်သီချင်းများ သီဆိုခဲ့ကြသည်။ ယခုရုပ်ရှင်ကို ဝေဖန်သူများမှာ သောင်းကျန်းသူများသာ ဖြစ်သည်ဟု ဦးလှဆွေက ရှုတ်ချခဲ့သည်။

“သူတို့(ဝေဖန်သူတို့)ကတော့ ဒီရုပ်ရှင်ကို ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ရင်ထဲမှာ မျိုးချစ်စိတ်ရှိသူတွေကတော့ ဒီရုပ်ရှင် ကြိုက်ကြမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ငြိမ်းချမ်းရေးလိုလားသည့် တက်ကြွလှုပ်ရှားသူများကမူ ဦးလှဆွေ၏ ပြောကြားချက်ကို သဘောမတူဘဲ ယခင်းရုပ်ရှင်ကြောင့် နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အပျက်သဘောဆောင်သည့် ရိုက်ခတ်မှုရှိလာနိုင်သည်ဟု ပြောကြားကြသည်။

ယခုရုပ်ရှင်သည် တပ်မတော်အပေါ် အထင်အမြင်ကောင်းစေရန် ဖွထားသည့် သာဓကတစ်ခု ဖြစ်သည်ဟု ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးစောမင်းနိုင်က ပြောသည်။ မြန်မာနိုင်ငံတွင် တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြည်သူလူထုက အကဲဆတ်နေသည့်အချိန်တွင် ယခုရုပ်ရှင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း စစ်သားတစ်ဦး၏ သားတစ်ဦးလည်းဖြစ်ကာ ကရင်တိုင်းရင်းသားလည်းဖြစ်သူ ဦးစောမင်းနိုင်က ပြောသည်။

“တစ်ဖက်မှာက တရားမျှတမှုနဲ့ ညီမျှမှုအတွက် တိုက်ခိုက်နေတယ်။ ကျွန်တော်တို့လို လူအချို့က တက်ကြွ လှုပ်ရှားသူတွေအဖြစ် တိုက်ခိုက်နေသလို တချို့ကတော့ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ခိုက်နေတယ်။ ဒါ့ကြောင့် ဒီလိုမျိုးရုပ်ရှင်တွေ(ထုတ်လုပ်ဖို့) သတိရှိရှိနဲ့ စဉ်းစားသင့်ပါတယ်။ တစ်ဖက်သတ် ဝါဒဖြန့်ချိရေးအဖြစ် အသုံးမပြုသင့်ပါဘူး” ဟု ၎င်းကပြောကြားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar