ရဲမွန်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးပြီး အချိန်ဆွဲနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပင်လုံညီလာခံအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားမှုက မြေပြင်အနေအထားနှင့် ကိုက်ညီခြင်းမရှိဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဝေဖန်ပြောကြားလိုက်သည်။
နေပြည်တော်တွင် ယနေ့ပြုလုပ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ တတိယအကြိမ် ပင်လုံညီလာခံဖွင့်ပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အချိန်ဆွဲဆောင်ရွက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် မြန်မာနိုင်ငံကို ပိုမို နိမ့်ကျအောင် ဆွဲနစ်နေမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
”ကျွန်တော်တို့ နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ကျွန်တော်တို့မှာ လုပ်စရာအလုပ်တွေ အများကြီး ရှိပါသေးတယ်။ ဟန်ရေးပြရုံနဲ့လည်း မပြီးနိုင်ပါဘူး။ စကားလုံးလှလှလေးတွေ ပြောဆို ငြင်းခုံရုံနဲ့လည်း မပြီးနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့ အင်အား၊ စွမ်းအားကို ပဲ့သွားဖို့၊ ယိုင်နဲ့သွားစေဖို့ နှဲ့နေ သွေးထိုးနေတာတွေကို သတိပြုဖို့ လိုပါတယ်” ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
သို့သော် ကချင်လွတ်လပ်ရေးကောင်စီ၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အချိန်မဆွဲရန် ပြောကြားရာတွင် အချိန်ကြာရသည့် အကြောင်းအရင်းကို ဦးစွာသိရှိရန် အရေးကြီးကြောင်းနှင့် မည်သူက အချိန်ဆွဲနေသည်ကိုလည်း သိရှိရန်လိုအပ်ကြောင်း Frontier ကို ပြောကြားသည်။
“ဒီနေ့မိန့်ခွန်းကို အသေးစိတ် လေ့လာဦးမယ်။ အချိန်မဆွဲဖို့ဆိုတာ ဘာဖြစ်လို့ အချိန်တွေကြာသွားလဲဆိုတာ အရေးကြီးပါတယ်။ တစ်ဦးတစ်ယောက်တည်းကပဲ အချိန်ဆွဲနေလို့ ကြာတယ်ဆိုတဲ့ သဘောမျိုးတော့ မယူဆသင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် အချိန်မဆွဲသင့်ဘူးဆိုတာကိုတော့ ယေဘုယျအားဖြင့် လက်ခံပါတယ်။ ဒါပေမယ့် ဘယ်သူကြောင့်ဆိုတာ ဝိဝါဓ ကွဲစရာတွေ အများကြီးရှိပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာကလည်း ဆွေးနွေးပွဲများတွင် ရလဒ်ကောင်း ထွက်စေချင်သူများသည် ရလဒ်ကောင်း မထွက်နိုင်မချင်း ရှေ့မဆက်လိုသည့်အတွက်သာ ဖြစ်ခြင်းကြောင့် အချိန်ဆွဲသည်ဟု ပြော၍မရကြောင်း တုံ့ပြန်ပြောဆိုသည်။
”တပ်က အချိန်တော့ မဆွဲချင်ဘူး။ ရလဒ်လည်း ကောင်းကောင်း မထွက်စေချင်ဘူး။ ရလဒ်ကောင်းကောင်း ထွက်ချင်တဲ့ သူတွေကြတော့ ရလဒ် မကောင်းနိုင်သေးဘူးဆိုရင် နေဦးပေါ့လေ။ အဲဒီလို သဘောမျိုးပါ။ အခုက ဘယ်သူ့ကြောင့် နှောင့်နှေးနေတယ်ဆိုတာ အစိုးရကလည်းမပြောသလို တိုင်းရင်းသားတွေဘက်ကလည်း မပြောဘူး။ အိုးမလုံ အုံပွင့်တာပေါ့လေ”ဟု ၎င်းက ပြောသည်။
nswks_-54.jpg
title=
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့စတင်ပြုလုပ်မည့် ပင်လုံညီလာခံတွင် မည်သူက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားနေသည်ကို ပြည်သူများက စောင့်ကြည့်နေကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
”ဘယ်သူတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်။ ဘယ်သူတွေဟာ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုးထက် တန်ဖိုးထားတယ်ဆိုတာ ဒီ ၂၁ပင်လုံ အစည်းအဝေးတွေမှာ ပေါ်လွင်လာမှာပါ။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက သိလာကြမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေးညီလာခံအစည်းအဝေးများကို ယခုနှစ်အတွင်းမှာပင် တစ်ကြိမ်၊ ၂ဝ၁၉ ခုနှစ်တွင် နှစ်ကြိမ်နှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် သုံးကြိမ် ကျင်းပရန် ရည်မှန်းထားသည်။ ပြုလုပ်လျက်ရှိသည့် ညီလာခံကိုလည်း ငါးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)အား လက်မှတ်ရေးထိုး သဘောတူနိုင်ရန် မျှော်မှန်းထားသည်။
လက်ရှိညီလာခံသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း လေ့လာသူအဖြစ် တက်ရောက်လျက်ရှိနေပြီး အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံရန် စီစဉ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။