ဂျပန်အခြေစိုက် OSICA က ပျော်ဘွယ်၌ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းသစ် ဖွင့်မည်

ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်သော အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုဖြစ်သည့် OSICA က ၎င်းတို့၏ ဒုတိယမြောက် စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းကို မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ လာမည့် မေလတွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။

အဆိုပါ သင်တန်းကျောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် OSICAတို့ ပူးပေါင်း၍ ဖွင့်လှစ်မည်ဖြစ်ကာ တစ်နှစ်လ ျှင် သင်တန်းသား ၅၀ ဦး လက်ခံ သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းကာလ ၁၁ လကြာမြင့်မည့် သင်တန်းများကို ဂျပန်နှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးမွေးမြူရေးပညာရှင်များက ဦးစီးသင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းသားများကို ပညာအရည်အချင်း အကန့်အသတ်မရှိပဲ အသက် ၁၈ နှစ်မှ ၃၀ နှစ်အရွယ်ရှိ တောင်သူအဖြစ်လုပ်ကိုင်နေသူများ သို့မဟုတ် တောင်သူသားသမီးများကို အဓိကထား လက်ခံသင်ကြားပေးသွားမည် ဖြစ်သည်။

“ကျွန်တော်တို့ OSICA အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တောင်သူလုပ်သူအားလုံးကို ကူညီမြှင့်တင်ပေးသွားနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်သလောက်နဲ့ ဒေသတစ်ခုကိုအခြေပြုလို့ အဲဒီဒေသမှာ တောင်သူတွေဘဝ ပိုမိုကောင်းမွန်ရေးကိုတော့ ကောင်းကောင်းလုပ်ဆောင်ပေးခဲ့ပြီး ဆက်လက်ပြီးတော့လည်း ဒီမန္တလေးတိုင်းမှာရှိတဲ့ တောင်သူတွေမှန်သမျှကို ကူညီသွားဖို့ ရည်ရွယ်စီစဉ်ပါတယ်” ဟု OSICA Myanmar ၏ ဒါရိုက်တာ Kitsuki Fumio က ပြောကြားသည်။

၁၉၉၆ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် OSICA သည် ခေတ်အဆက်ဆက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ တောင်သူလယ်သမားများအား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်တန်းများ သင်ကြားပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လက်ရှိတွင် မကွေးတိုင်း၊ ရေစကြိုမြို့တွင် စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းတစ်ခု တည်ထောင်ထားသည်။

ထို့ပြင် ကုလသမဂ္ဂစားနပ်ရိပ်က္ခာအဖွဲ့(WFP)နှင့် ပူးပေါင်းကာ တောင်သူလယ်သမားများအား အသိပညာမြှင့်တင်ရေးဆိုင်ရာ စီမံကိန်းများအပါအဝင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီမံကိန်းများစွာကို ဆောင်ရွက်ခဲ့သည်။

၁၉၆၀ ခုနစ်က ဂျပန်နိုင်ငံတွင် စတင်ထူထောင်ခဲ့သော OSICA သည် ယခုအချိန်တွင် အာရှနှင့် အာဖရိကနိုင်ငံပေါင်း ၃၆ နိုင်ငံတွင် ၎င်းတို့၏လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သတင်း-ဖြိုးသီရိသူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar