ရန်ကုန်၊ ဇန်နဝါရီ ၂၃
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်တန်းခံရတဲ့အတွက် ရဲစခန်းမှာ နှစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းက သူ့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့သူကို အချိန်ယူ ဖော်ထုတ်သွားမယ်လို့ ယနေ့ ပြောကြားပါတယ်။
အနုပညာရှင်တွေရဲ့ အတင်းအဖျင်းတွေကို ရေးသားနေပြီး Follow ပြုလုပ်ထားသူ ရှစ်သိန်းခန့်ရှိခဲ့သည့် Cele Cele Small အမည်ရ အငြင်းပွားဖွယ် နာမည်ကြီး Facebook စာမျက်နှာကို ထိန်းချုပ်ကိုင်တွယ်နေတဲ့ အက်ဒမင်ဟာ မျိုးကိုကိုစန်းဖြစ်တယ်ဆိုပြီး မင်းသမီးဝတ်မှုံရွှေရည်က ရန်ကင်းရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ပြန်လာတဲ့ မျိုးကိုကိုစန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဇန်နဝါရီ ၁၇ ရက်နေ့ညက ဖမ်းဆီးသွားခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
သူ့ကို တိုင်တန်းခဲ့သူဟာ ဝတ်မှုံရွှေရည်ဖြစ်တယ်လို့ အစောပိုင်းက ပြောကြားခဲ့ပေမယ့် ဒီနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ကိုတိုင်တန်းသူကို အချိန်ယူဖော်ထုတ်သွားမယ်လို့ မျိုးကိုကိုစန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
”တရားလိုအနေနဲ့ ၆၆ (ဃ) တိုင်ကြားမယ်ဆိုရင် ပူးတွဲသက်သေ တင်ပြရမယ်ဆိုတာ ကျွန်မသိထားပေမယ့် အခု တရားလိုက ငြင်းဆန်ထားတဲ့အတွက် ရဲနဲ့ တရားလိုကြား ဘယ်သူအမှား၊ ဘယ်သူအမှန်မှန်း မသိရသေးပါဘူး။ သိရပြီဆိုရင်တော့ ဂုဏ်သိက္ခာညှိုးနွမ်းစေခဲ့တဲ့အတွက် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆက်လက် လုပ်ဆောင်သွားပါမယ်” လို့ မျိုးကိုကိုစန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မျိုးကိုကိုစန်းရဲ့ မိခင်ကတော့ ဆုံးရှုံးနစ်နာမှုများ ကြုံတွေခဲ့ရတဲ့အတွက် ယခုလို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ဆောင်ရွက်ခဲ့သူတွေကို တစ်ပတ်အတွင်း နိုင်ငံပိုင်သတင်းစာတွေကနေ ပြည်လည်တောင်းပန်ဖို့ ပြောကြားပါတယ်။
“သူ့ကို နစ်နာအောင် လုပ်တဲ့သူဘက်နေပြီးတော့ မျိုးကိုကိုစန်းက လုံးဝအပြစ်ကင်းစင်ကြောင်းကို နိုင်ငံတော်ပိုင် သတင်းစာနေပြီးတော့ တရားဝင် တောင်းပန်တာကို ကျွန်မအနေနဲ့ ပြောချင်ပါတယ်။ အဲဒါမှလည်း ကျွန်မအနေနဲ့ ကျေနပ်မှာပါ” လို့ မျိုးကိုကိုစန်းရဲ့ မိခင်ဖြစ်သူက ပြောကြားသွားပါတယ်။
မျိုးကိုကိုစန်းကတော့ သူ့ကို နစ်နာအောင် တိုင်ကြားခဲ့သူတွေကို ပြန်လည်တုံ့ပြန်ဖို့ နောက် တစ်ပတ်၊ နှစ်ပတ်ခန့်ကြာမှ ဆုံးဖြတ်နိုင်မယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ယောကျ်ားလေးနဲ့ မိန်းကလေးပရိသတ်တွေ အခိုင်အမာရှိနေတဲ့ မျိုးကိုကိုစန်းဟာ Transgender တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေမှာ ကျင်းပခဲ့ကာ တစ်ကမ္ဘာလုံးက Transgender တွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲမှာ Miss International Queen 2014 ကို ရရှိထားသူဖြစ်ပါတယ်။