ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် မျိုးကိုကိုစန်း ပြန်လည်လွတ်မြောက်လာ

စွပ်စွဲခံရမှုနှင့် ပတ်သက်ပြီး မည်သို့ ဆက်လက်ဆောင်ရွက်ရမည်ကို သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် မျိုးကိုကိုစန်းက တိုင်ပင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မိန်းမလျာအလှမယ် မျိုးကိုကိုစန်းအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် စွပ်စွဲကာ ရန်ကင်းရဲစခန်းတွင် ဇန်နဝါရီ ၁၇ ရက်နေ့ ညက စတင် ထိန်းသိမ်းထားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

“စီအိုင်ဒီက ညီမဖုန်းကိုစစ်ဆေးတာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကင်းရှင်းကြောင်း အတည်ပြု စစ်ဆေးချက်ရလို့ ပြန်ထွက်လာပါပြီ။ စိတ်ပူနေကြတဲ့သူတွေ စိတ်မပူအောင်လို့ အကြောင်းကြားတာပါ” ဟု မျိုးကိုကိုဆန်းက ၎င်း၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။

၎င်းပြန်လွတ်လာသော်လည်း ဖုန်းကိုမူ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးရန် သိမ်းဆည်းထားဆဲ ဖြစ်ကြောင်းလည်း ရေးသားထားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ “ဘယ်သူ့ဘယ်သူ့ကိုမှ ဘာမှ မပုတ်ခတ်ကြပါနဲ့။ ညီမမကြာခင် ဥပဒေဘောင်အတွင်းကပဲ ပြန်လာပါ့မယ်”ဟုလည်း ၎င်းက ဆက်လက် ရေးသားထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မျိုးကိုကိုစန်းအား Frontier က ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်တွင် သတင်းမီဒီယာများအား မဖြေကြားနိုင်သေးဘဲ မကြာမီရက်ပိုင်းအတွင်း အကြောင်း အရာအသေးစိတ်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု ၎င်းနှင့်နီးစပ်သည့် မိတ်ဆွေက ပြောကြားခဲ့သည်။

၎င်းအား မင်းသမီးဝတ်မှုံရွှေရည်က Cele Cele Small ဖေ့စ်ဘွတ်ခ် အက်ဒမင်အဖြစ် စွပ်စွဲကာ ရဲထံ တိုင်ကြားခဲ့သည့်အပေါ် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကိုမူ အတိအကျမသိရသေးဘဲ “သက်ဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေနဲ့ သူက တိုင်ပင်နေတယ်လို့ ပြောတယ်။ သတင်းစာရှင်းလင်းပွဲမှာ အားလုံး ရှင်းပြပါလိမ့်မယ်”ဟု မျိုးကိုကိုစန်း၏ မိတ်ဆွေ ရှင်းသန့်က ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နှင့်ပတ်သက်၍ အစဉ်တစိုက် စောင့်ကြည့်ဝေဖန်ခဲ့သော လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်ကမူ ယင်းပုဒ်မနှင့် မဟုတ်မှန်ဘဲ ရဲထံတိုင်ကြားခံရခြင်း၊ ဖမ်းဆီးခံရခြင်းရှိပါက ခံရသူက ပြန်လည်တရားစွဲဆိုနိုင်ကြောင်း Frontier ကိုပြောကြားသည်။

တရားစွဲဆိုရာတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၁ အရ တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သလို ထိုပုဒ်မဖြင့် ရဲစခန်းတွင်လည်း အမှုဖွင့်နိုင်ကြောင်း၊ သို့တည်းမဟုတ် အသရေ ဖျက်မှု ပုဒ်မ ၅၀၀ နှင့်လည်း တရားစွဲဆိုနိုင်ကြောင်း၊ ထို့ပြင် အခင်းဖြစ်ပွားပြီး တစ်နှစ်တာကာလအတွင်း တရားမကြောင်းအရ နစ်နာမှုအတွက် လျော်ကြေးရလိုကြောင်း တရားစွဲဆိုနိုင်သေးသည်ဟု ၎င်းကရှင်းပြသည်။

“ကိုယ့်ကိုစွပ်စွဲခံရတာက မဟုတ်မမှန်ဖို့တော့ လိုတာပေါ့”ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

မျိုးကိုကိုစန်းသည် ရုပ်ရှင်လောကသားများ၏ အတင်းအဖျင်းများအား ဖော်ပြနေပြီး Follow ပြုလုပ်ထားသူ ခုနစ်သိန်းရှစ်သောင်းကျော်ရှိသည့် Cele Cele Small အမည်ရ အငြင်းပွားဖွယ် နာမည်ကြီး Facebook စာမျက်နှာအား ထိန်းချုပ်ကိုင်တွယ်နေသည့် အက်ဒမင်ဖြစ်သည်ဟု စွပ်စွဲကာ ဝတ်မှုံရွှေရည်က အမှုဖွင့် တိုင်တန်းခြင်း ဖြစ်သည်။ Cele Cele Small စာမျက်နှာတွင် ဝတ်မှုံရွှေရည်၏ ဓာတ်ပုံဟောင်းများ၊ ၎င်းနှင့်ပတ်သက်သော အတင်းအဖျင်းများအား ယခုဇန်နဝါရီလဆန်းမှစတင်ကာ ပို့စ်ခြောက်ခုထက်မနည်း ရေးသားလွှင့်တင် ထားသည်ကို တွေ့ရသည်။

ဆိုရှယ်မီဒီယာပေါ်တွင် ယောကျ်ားလေးနှင့် မိန်းကလေးပရိသတ်များ အခိုင်အမာရှိနေသည့် မျိုးကိုကိုစန်းသည် Transgender တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေတွင် ကျင်းပခဲ့ကာ တစ်ကမ္ဘာလုံးမှ Transgender များ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲတွင် Miss International Queen 2014 ကို ရရှိထားသူဖြစ်သည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.