မိန်းမလျာအလှမယ် မျိုးကိုကိုစန်းအား ဝတ်မှုံရွှေရည်က ၆၆ (ဃ) ဖြင့် အမှုဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

နာမည်ကြီးမိန်းမလျာအလှမယ် မျိုးကိုကိုစန်းအား ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ရဲစခန်းတွင် အမှုဖွင့်လိုက်သဖြင့် ထိုင်းနိုင်ငံမှပြန်လာသော မျိုးကိုကိုစန်းအား ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) ည ၈ နာရီခွဲအချိန်တွင် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးသွားခဲ့သည်။

မျိုးကိုကိုစန်းသည် ရုပ်ရှင်လောကသားများ၏ အတင်းအဖျင်းများအား ဖော်ပြနေပြီး Follow ပြုလုပ်ထားသူ ခုနစ်သိန်းရှစ်သောင်းကျော်ရှိသည့် Cele Cele Small အမည်ရ အငြင်းပွားဖွယ် နာမည်ကြီး Facebook စာမျက်နှာအား ထိန်းချုပ်ကိုင်တွယ်နေသည့် အက်ဒမင်ဖြစ်သည်ဟု စွပ်စွဲကာ ဝတ်မှုံရွှေရည်က အမှုဖွင့် တိုင်တန်းခြင်း ဖြစ်သည်ဟု မျိုးကိုကိုစန်း၏ မိတ်ဆွေဖြစ်သူ ရှင်းသန့်က Frontier ကို အတည်ပြုပြောကြားသည်။

“သူ့ဖုန်းရဲ့ Password ကိုလည်း ရဲတွေကို ပေးလိုက်ရပြီလို့ ပြောတယ်။ အခုလက်ရှိ သူ့ကို ရန်ကင်း မြို့နယ် ရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားဖို့နဲ့ ဇန်နဝါရီ ၃၁ ရက်အထိ ရမန်ယူ (တရားရုံးတွင်စစ်ဆေး)မယ်လို့ တရားသူကြီးက အမိန့်ချထားတယ်”ဟု ၎င်းကပြောကြားသည်။

Cele Cele Small စာမျက်နှာတွင် ဝတ်မှုံရွှေရည်၏ ဓာတ်ပုံဟောင်းများ၊ ၎င်းနှင့်ပတ်သက်သော အတင်းအဖျင်းများအား ယခုဇန်နဝါရီလဆန်းမှစတင်ကာ ပို့စ်ခြောက်ခုထက်မနည်း ရေးသားလွှင့်တင် ထားသည်ကို တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဝတ်မှုံရွှေရည်အား ၎င်း၏ မိခင်မှတဆင့် ဆက်သွယ်ရန် Frontier က ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

မျိုးကိုကိုစန်းအား အက်ဒမင်အဖြစ်စွပ်စွဲထားသော်လည်း Cele Cele Small စာမျက်နှာမှာမူ ၎င်းအဖမ်းခံရပြီးသည့်နောက်ပိုင်း လွန်ခဲ့သော တစ်နာရီခန့် (ယနေ့ညနေ ၃ နာရီကျော်) အချိန်အထိ ပို့စ်အသစ်များ ဆက်လက်တင်နေသည်ကို တွေ့ရှိရသည်။

“သူက အက်ဒမင်ဖြစ်လား၊ မဖြစ်လားတော့မသိဘူး။ ဖြစ်တယ်ဆိုရင်တောင် အခုပို့စ်တွေ ဆက်တက်နေသေးတယ်ဆိုတော့ တခြားအက်ဒမင်တွေ ရှိမနေနိုင်ဘူးလား စဉ်းစားစရာပဲ။ အက်ဒမင်ဖြစ်တယ်ဆိုရင်တောင် ဘာဖြစ်လို့ သူ့ကိုမှရွေးပြီး အမှုဖွင့်တာလဲ။ မိန်းမလျာဖြစ်နေလို့ လုပ်တာလား မေးခွန်းထုတ်စရာပဲ”ဟု ရှင်းသန့်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ရဲစခန်းတွင် မျိုးကိုကိုစန်းအား ထိန်းသိမ်းထားရာတွင်လည်း အမျိုးသားအချုပ်ခန်းတွင် ကနဦး ချုပ်နှောင်ခဲ့ရာ အမျိုးသမီးတစ်ဦး၏ အသွင်အပြင်နှင့် လုံးဝတူညီနေသည့် ၎င်းအတွက် အခက်အခဲများစွာရှိ၍ စောဒကတက်ခဲ့ရကြောင်း၊ လက်ရှိတွင် ၎င်းအား အမျိုးသမီးအချုပ်ခန်းသို့ ပြောင်းရွှေ့ထားသော်လည်း အကယ်၍ အခြားအမျိုးသမီး အချုပ်သားတစ်ဦးရောက်လာလျှင် အမျိုးသားအခန်းသို့ ပြောင်းရွှေ့ထားမည်ဟုလည်း ဆိုကြောင်း ရှင်းသန့်က ရှင်းပြသည်။

လိင်တူချစ်သူများ၏အခွင့်အရေးအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေဖြစ်သူ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်မှ ဥပဒေအကြံပေး ဒေါ်ဇာလီအေးကလည်း မျိုးကိုကိုစန်းအား ဖမ်းဆီးချိန်တွင် အရပ်ဝတ်အမျိုးသားများက စစ်ဆေးစရာရှိသဖြင့်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းနှင့် အမှုအကြောင်း ရှင်းမပြဘဲ ထိန်းသိမ်းခြင်းတို့သည် ဥပဒေပိုင်းဆိုင်ရာ၊ ရဲလုပ်ထုံးဆိုင်ရာ ချွတ်ချော်မှုများဖြစ်သည်ဟု ထောက်ပြသည်။

Cele Cele Small စာမျက်နှာ၏ အက်ဒမင်မှာ မည်သူမည်ဝါဖြစ်သည်နှင့် ပတ်သက်၍ မကြာခဏဆိုသလို ကောလာဟလထွက်လေ့ရှိပြီး ယခုအချိန်အထိ အတိအကျ မသိရသေးပေ။ ထို့ပြင် အက်ဒမင်မှာ မျိုးကိုကိုစန်း မဟုတ်ကြောင်း ဇန်နဝါရီ ၁၅ ရက်က ထိုစာမျက်နှာတွင် ဖော်ပြထားသေးသည်။

အထောက်အထားခိုင်မာစွာမရှိဘဲ ၎င်းစွပ်စွဲထိန်းသိမ်းခံရသည့်ကိစ္စအား မျိုးကိုကိုစန်းက တရားခွင်တွင် စောဒကတက်ခဲ့ရာ နည်းပညာ ကျွမ်းကျင်သူများ၏ အကူအညီရယူပြီး အဖြစ်မှန်အား ဖော်ထုတ် စစ်ဆေးပေးမည်ဟု တရားသူကြီးက တုန့်ပြန်ပြောကြားကြောင်း ပထမဆုံး ကြားနားသည့် တရားခွင်တွင် ရှိနေခဲ့သည့် ရှင်းသန့်က ပြောကြားသည်။

ဆိုရှယ်မီဒီယာပေါ်တွင် ယောကျ်ားလေးနှင့် မိန်းကလေးပရိသတ်များ အခိုင်အမာရှိနေသည့် မျိုးကိုကိုစန်းသည် Transgender တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေတွင် ကျင်းပခဲ့ကာ တစ်ကမ္ဘာလုံးမှ Transgender များ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲတွင် Miss International Queen 2014 ကို ရရှိထားသူဖြစ်သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆/ဃ တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကိုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.