ခြိမ်းခြောက်သူများအား ကိုဆွေဝင်းက တရားရုံး၌ ဦးတိုက်လျှောက်ထား အမှုဖွင့်

ရန်ကုန်၊ မတ် ၁၆

မတ် ၁၄ ရက်နေ့ညက စမ်းချောင်းမြို့နယ်တွင် ၎င်းအား လက်သီးလက်မောင်းတန်း ခြိမ်းခြောက်ခဲ့သူများအား Myanmar Now သတင်းဌာန စာတည်းမှူးချုပ် ကိုဆွေဝင်းအား မတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စမ်းချောင်းမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထား အမှုဖွင့်လိုက်ပြီဖြစ်သည်။

၎င်းအား ခြိမ်းခြောက်နှောင့်ယှက်သူများသည် ကိုဆွေဝင်းအား မခြိမ်းခြောက်မီက ဘီယာဆိုင်တွင် အတူ ထိုင်နေကြသည်ကို တွေ့ရှိရကြောင်း ရပ်ကွက်နေ ပြည်သူအချို့က ပြောကြားကြကာ ၎င်းတို့ ဘီယာဆိုင်တွင် ထိုင်ခဲ့စဉ်က လုံခြုံရေးကင်မရာ မှတ်တမ်းများကိုလည်း ဆိုင်ပိုင်ရှင်က ပေးခဲ့သဖြင့် ခြိမ်းခြောက်သူများအထဲမှ တစ်ဦးကို မည်သူမည်ဝါ ခွဲခြားသိရှိနိုင်ခဲ့သည်။ ထို့နောက် ထိုသူအား ရဲက သွားရောက်ရှာဖွေခဲ့သော်လည်း တိမ်းရှောင်နေသည်ဟု ကိုဆွေဝင်းက ဆိုသည်။

“ကိုယ်ထိလက်ရောက် မကျူးလွန်လို့ ရဲအရေးမပိုင်ဘူးလို့ ရဲက ပြောတာကြောင့် တရားရုံးကို ဦးတိုက် လျှောက်ရတာပါ။ အမှန်တော့ ကျွန်တော့်ကို လာရောက်နှောင့်ယှက်စဉ်က သူတို့ထဲက တစ်ယောက်က လွယ်အိတ်ထဲလက်နှိုက်ပြီး တစ်စုံတစ်ခုကို ကိုင်ထားတဲ့ပုံစံနဲ့ အန္တရာယ်ပြုမယ့်ပုံနဲ့ လာတာ”ဟု ၎င်းက Frontier ကိုပြောသည်။

ကိုဆွေဝင်းသည် မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ညစာဖိတ်ကျွေးသဖြင့် စားပြီးအပြန် လူတစ်ဦးနှင့်ရပ်ကာ စကားပြောနေစဉ် လူစိမ်းတစ်စုက “ဟေ့ကောင်၊ မင်းက ဆွေဝင်းမဟုတ်လား”ဟု စတင်ပြောဆိုကာ ရန်ပြုမည်ပုံစံဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က ဆိုသည်။

ယခုကိစ္စသည် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်သူများ၏ ကိစ္စများအား ၎င်းက သတင်းရေးသားဖော်ပြခဲ့မှုနှင့် တိုက်ရိုက် ဆက်စပ်ပတ်သက်နေသည်ဟု အခိုင်အမာယူဆကြောင်းလည်း ကိုဆွေဝင်းက မှတ်ချက် ပြုသည်။

“ဒီကိစ္စက စမ်းချောင်းမှာလဲ ဖြစ်နိုင်တယ်။ တခြားနေရာတွေမှာလဲဖြစ်နိုင်တယ်။ ဒါကြောင့် ပထမဆုံး ဖြစ်စဉ်ကို ကိုင်တွယ်ထားနိုင်မှ နောက်ဖြစ်စဉ်တွေကို ကာကွယ်ပြီးသား ဖြစ်မယ်၊ ကျွန်တော့်အတွက် သက်သာမယ်လို့ ယူဆတဲ့အတွက် တရားဥပဒေကြောင်းအရ (တရားရုံးကို) လာရောက် တောင်းဆိုတာဖြစ်ပါတယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ကိုဆွေဝင်းသည် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များက အိမ်အကူ အမျိုးသမီးငယ်ကလေးများအား နှိပ်စက်မှုအား ဖော်ထုတ် ရေးသားခဲ့ပြီးနောက်ကတည်းက ၎င်းအား ရဲများက လုံခြုံရေး စီမံပေးထားရသူဖြစ်သည်။

မန္တလေးမှ အမျိုးသားရေးဝါဒီ ဦးဝီရသူနှင့် ပတ်သက်ပြီး Facebook ပေါ်တွင် ကိုဆွေဝင်း၏ ဝေဖန်ရေးသားမှုများနှင့် ပတ်သက်ပြီး ဦးဝီရသူ၏ တပည့်တစ်ဦးဖြစ်သူ ဦးကျော်မျိုးရွှေက ကိုဆွေဝင်းကို မန္တလေးမြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က အမှုဖွင့် တိုင်ကြားထားသေးသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar