ကိုကျော်မျိုးရွှေကို စမ်းချောင်းရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ)ဖြင့် အမှှုဖွင့်တိုင်ကြား

ရန်ကုန်၊ မတ် ၁၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက်ပေါ်မှာ ပုတ်ခတ်ရေးသားမှှုနဲ့ မန္တလေးမြို့မှာနေထိုင်နေတဲ့ ကိုကျော်မျိုးရွှေကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ ဒေါ်မြမြဌေးက တရားလိုလုပ်ပြီး စမ်းချောင်းရဲစခန်းမှာ ယခုလ ၈ ရက်နေ့က အမှှုဖွင့်ခဲ့တယ်လို့ Myanmar Now သတင်းဌာနက ရေးသားထားပါတယ်။

စမ်းချောင်းရဲစခန်းက ရဲဝန်ထမ်းအချို့က ကိုကျော်မျိုးရွှေ နေထိုင်ရာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ် ၇ ရဲစခန်းကို ယနေ့ နံနက်ပိုင်းက ရောက်ရှိလာပြီး ၎င်းကို စစ်ဆေးမေးမြန်းမှှုတွေ ပြုလုပ်နေတယ်လို့ ဆက်လက် ရေးသားထားပါတယ်။

“ဗလောင်းဗလဲတတ်တဲ့ ခင်ဗျားတို့ အစိုးရအဖွဲ့နဲ့ အကိုက်ညီဆုံးအလုပ်ကလေ ယဉ်ယဉ်ကျေးကျေး ပြောရရင် ဇိမ်ခန်းထောင်တဲ့အလုပ်ပဲ” ဟူသည့် ရေးသားချက်အား ကိုကျော်မျိုးရွှေက Kyaw Myo Shwe ဟူသည့် Facebook အကောင့်တွင် ယခုလ ၃ ရက်နေ့က ရေးသားခဲ့သလို အခြားသော ညစ်ညမ်းသည့် ပုတ်ခတ် ရေးသားမှုများဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားတိုက်ခိုက်နေတယ်လို့ ဒေါ်မြမြဌေးရဲ့ တိုင်ကြားစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒါကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်ရှိ “ဗုဒ္ဓမြတ်စိတ်ထား” ပရဟိတကျူရှင်ဆရာ ကိုကျော်မျိုးရွှေအား “ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်” လို့ စာမှာ ဆက်လက် ဖော်ပြထားပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရဲ့ ဦးဆောင်ဆရာတော်ဖြစ်တဲ့ ဦးဝိရသူရဲ့ တပည့်ရင်းတစ်ဦးဖြစ်တယ်ဆိုတဲ့ ကိုကျော်မျိုးရွှေဟာ Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က မန္တလေးမြို့၊ အမှတ် ၇ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သူ ဖြစ်ပါတယ်။

ဦးဝီရသူကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဆွေဝင်းကို သူက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ကိုကျော်မျိုးရွှေကို အမှှုဖွင့်တိုင်ကြားခဲ့သူ ဒေါ်မြမြဌေးကတော့ ဒီလို ဆောင်ရွက်ရခြင်းဟာ ကိုဆွေဝင်း အမှှုဖွင့်ခံရလို့ လက်တုံ့ပြန်တာမဟုတ်ဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်ခိုက်တဲ့ အရေးအသားတွေ ပြုလုပ်ထားတာ တွေ့ရှိခဲ့ခြင်းကြောင့်သာဖြစ်တယ်လို့ ပြောကြားကြောင်း Myanmar Now က ရေးသားထားပါတယ်။

ဒေါ်မြမြဌေးတို့ရဲ့ တရားဥပဒေစိုးမိုးရေးကွန်ရက်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့ဘွတ်ပေါ်မှာ အသရေဖျက် ရေးသားခဲ့တဲ့ ငဖာ ခေါ် ဇော်ဇော်ကို ယမန်နှစ်က အမှှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် တရားရုံးက ကိုဇော်ဇော်ကို ထောင်ဒဏ် ခြောက်လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar