ချင်းပြည်နယ်က ရဲတစ်ဦး

ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက လုပ်ဖော်ကိုင်ဖက် သတင်းသမားများနှင့်အတူ ချင်းပြည်နယ်သို့ ကျွန်မ သွားရောက်ခဲ့ရသည်။ ဖလမ်းမြို့နယ်၊ တိုင်ဆန်ရွာတွင် လုပ်ဆောင်နေသော လူ့အဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်းအား သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်

ဆုမြတ်မွန် ရေးသားသည်။

တောင်တန်းဒေသသို့ ခရီးသွားရောက်ရမည် ဖြစ်သဖြင့် ကျွန်မ အလွန် ပျော်ရွှင်နေခဲ့မိသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံရှိ ကျွန်မ မရောက်ဘူးသော နေရာအနည်းငယ်ထဲတွင် ပါဝင်သည်။ ခရီးမသွားမီ ရက်အနည်းငယ်အလိုတွင် ကျွန်မ ထိုနေရာသို့ မည်မျှ သွားရောက်လိုကြောင်းအား လုပ်ဖော်ကိုင်ဖက်များကိုပင် ပြောကြားခဲ့မိသည်။ 

ကံမကောင်းသည်ကတော့ ထိုခရီးစဉ်အတွင်း ရဲအရာရှိတစ်ဦးနှင့် ဖြစ်ပွားခဲ့ရသော အတွေ့အကြုံက စိတ်ပျက်စရာ ကောင်းလှသည်။ သတင်းသမားများ၊ အထူးသဖြင့် အမျိုးသမီး သတင်းထောက်များ ရင်ဆိုင်ရလေ့ရှိသော အနှောင့်အယှက်တစ်ခု ဖြစ်သည်။ 

ခရီးစဉ်အတွင်း ညနေအစောပိုင်းအချိန်တွင် ကျွန်မက ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် အကြီးအကဲများနှင့် တွေ့ဆုံကာ ထိုစီမံကိန်းအကြောင်း မေးမြန်းနေခဲ့သည်။ 

ကျွန်မ အင်တာဗျူးအပြီးတွင် ရဲအရာရှိငယ်တစ်ဦးက ကျွန်မအနားသို့ ချဉ်းကပ်လာပြီး ကျွန်မနှင့် ကျွန်မ အလုပ်အကိုင်အကြောင်း မေးခွန်းများ မေးမြန်းလေတော့သည်။ ကျွန်မက ထိုအချက်အလက်များကို ကျွန်မအနေဖြင့် ပြောပြရန် မလိုအပ်ကြောင်း ပြန်လည်ပြောကြာခဲ့သည်။ သို့သော် အချင်းများမည်ကို စိုးရိမ်သဖြင့် သူ၏ မေးခွန်းများကို ဖြေပေးလိုက်သည်။ 

ထိုမေးခွန်းများ ဖြေပေးအပြီး မိနစ် ၂၀ ခန့်တွင် တခြား ရဲအရာရှိတစ်ဦး ထပ်မံရောက်ရှိလာပြီး ထိုမေးခွန်းများပင် ထပ်မံ မေးမြန်းပြန်သည်။ ထိုရဲအရာရှိ၏ မျက်လုံးများက နီကြောင်နေပြီး ပါးစပ်ကလည်း အရက်နံ့ တထောင်းထောင်း ထနေသဖြင့် အရက်မူးနေပုံလည်းရသည်။ 

ကျွန်မက သူမေးသော မေးခွန်းများကို ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ သို့သော် ထိုရဲအရာရှိက ကျွန်မကို ဆက်လက် လိုက်လံနှောက်ယှက်ခဲ့သည်။ ကျွန်မသည် ချင်းပြည်နယ်တွင် ခရီးသွားနေသူဖြစ်ရာ အာဏာပိုင်များအနေဖြင့် ကျွန်မ မည်သူမည်ဝါဆိုသည်ကို သိခွင့်ရှိသည်ဟု သူက ဆိုလေသည်။ ကျွန်မက သူ့အား ထိုအချက်အလက်များ ပြောပြရန် မလိုအပ်ကြောင်း ထပ်မံပြောကြားပြီး လှည့်ထွက်လာခဲ့သည်။ 

ရွာထဲတွင် တည်ဆောက်နေသော ပြတိုက်သစ်တစ်ခုသို့ ညနေပိုင်းတွင် ကျွန်မတို့ သွားရောက် လေ့လာသောအခါတွင် ထိုအရက်မူးနေသော ရဲအရာရှိ ထပ်မံရောက်ရှိပြီး ကျွန်မကို မေးခွန်းများ ထပ်မံ မေးမြန်းပြန်သည်။ ထိုတစ်ကြိမ်တွင်မူ ခက်ထန် ကြမ်းတမ်းသော အမူအရာဖြင့် ဖြစ်သည်။ ပြတိုက်တွင် ဓါတ်ပုံရိုက်နေသော ကျွန်မက စိတ်ပျက်လာပြီး ကျွန်မကို မနှောင့်ယှက်ရန်ပြောကာ သူနှင့် ဝေးရာကို ထွက်သွားခဲ့သည်။ 

နောက်တစ်ကြိမ် ကျွန်မတို့ ခရီးတစ်ထောက် နားသောအခါ ကျွန်မက ထိုရဲအရာရှိနှင့် ဝေးရာတွင် မမြင်အောင် ရှောင်နေလိုက်သည်။ သို့ရာတွင် ထိုသူက ကျွန်မကို မတွေ့တွေ့အောင် ရှာပြီး ရောက်လာပြန်သည်။ 

ထိုအချိန်တွင် ကျွန်မလက်ပိုက်ထားသည်ကို ကြည့်ပြီး မြန်မာနိုင်ငံမှာ ဒီလိုလက်ပိုက်နေနိုင်တာ အလောင်းဘုရားပဲ ရှိတယ်ဟု လှောင်ပြောင်သရော်လေသည်။ 

သူ၏ ဘေးတွင် ရပ်နေသော တခြားရဲအရာရှိတစ်ယောက်ကလည်း ထိုစကားကို ထောက်ခံကာ ရယ်မောခဲ့သည်။ ကျွန်မက ထိုအရာရှိများကို ဆက်လက်မနှောင့်ယှက်ရန် ပြောသောအခါ သူတို့က ကျွန်မကို ရည်ရွယ် ပြောနေခြင်း မဟုတ်ကြောင်းနှင့် တခြားရဲတစ်ယောက်ကို ပြောနေခြင်းဖြစ်သည်ဟု ငြင်းဆန်ခဲ့ကြသည်။ 

အမှန်ကတော့ ကျွန်မကို ရည်ရွယ် လှောင်ပြောင်နေကြခြင်းသာ ဖြစ်သည်။ 

ထိုရဲနှစ်ယောက်၏ အပြုအမူသည် အရည်အသွေး ပြည့်ဝသော ရဲအရာရှိတစ်ဦးနှင့်မတူပဲ ပြည်သူတစ်ဦးကို နှောင့်ယှက်နေခြင်းက ရဲတစ်ဦး၏ အရည်အချင်း မပြည့်ဝနေသည်ကို ပြသနေသည်။ ထို့ပြင် ထိုလုပ်ရပ်ကို မြင်တွေ့သည့် အခြားရဲတစ်ဦးကလည်း အချင်းချင်း တားမြစ်ခြင်းမရှိသည်ကို အံ့သြဖွယ် တွေ့ခဲ့ရသည်။

ရဲတပ်ဖွဲ့၏ တာဝန်မှာ ပြည်သူလူထုအား အကာကွယ်ပေးရန် ဖြစ်သည်။ ဥပဒေဘောင်အတွင်းမှ မိမိအလုပ်ကိုမိမိ လုပ်နေသည့် ပြည်သူတစ်ဦးအား နှောင့်ယှက် လှောင်ပြောင်ခြင်းအား ယူနီဖောင်းဝတ်ထားသည့် ရဲတစ်ဦးအနေဖြင့် လုပ်ဆောင်နေခြင်းမှာ သင့်လျော်သည့် အပြုအမူ မဟုတ်ပေ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.