ပြည်တွင်း၊ ပြည်ပ အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးသည် ယနေ့ခေတ်ကာလ၏ မဖြစ်မနေလိုအပ်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ကြောင့် တပ်မတော်အား “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်အောင်” တည်ဆောက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပသည့် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ပြောကြားသည်။
“မိမိတို့နိုင်ငံ၏ အတိတ်သမိုင်းတွင် ခေတ်ကာလနှင့်အညီ စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ်မရှိခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရကြောင်း၊ နိုင်ငံတော်၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရပြီး အရေးကြီးသည့် အလှည့်အပြောင်း ကာလများတွင် တပ်မတော်သည် နိုင်ငံတော်အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြောင်း၊ အတိတ်သမိုင်းမှ ရရှိခဲ့သည့် သင်ခန်းစာများအရ ယခုအခါတွင် တပ်မတော်ကို စွမ်းရည်ပြည့်ဝသည့် Standard Army ဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း” ၎င်းက ပြောကြားသည်။
ခေတ်မီတပ်မတော် တည်ဆောက်ရေးတွင် တပ်မတော်သားတိုင်း၏ ပညာရည်မြင့်မားမှုသည် အရေးကြီးသည့် အခြေခံအချက်ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် အင်အားတောင့်တင်းရန် လိုအပ်သကဲ့သို့ စွမ်းရည်ထက်မြက်ရန်လည်း လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“အဓိကအားဖြင့် ၂၁ ရာစုခေတ်သစ်စစ်ပွဲကို ရင်ဆိုင်နိုင်ရန်အတွက် ခေတ်မီတပ်မတော် တစ်ရပ်လိုအပ်သည့်အပြင် တိုက်စွမ်းအားမြင့်မားသည့် ခေတ်မီစစ်လက်နက်ပစ္စည်းများ လိုအပ်မည်ဖြစ်ကြောင်း၊ စွမ်းအားမြင့် ခေတ်မီ စစ်လက်နက် ပစ္စည်းများသည် တိုက်ပွဲ၏အဆုံးအဖြတ်ကို ပြောင်းလဲနိုင်စွမ်းရှိကြောင်း” ၎င်းက ပြောကြားခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ထို့ကြောင့် အင်ဂျင်နီယာ အတတ်ပညာများဖြင့် တိုက်စွမ်းအားမြင့်မားသော ခေတ်မီစစ်လက်နက် ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရုံမက တီထွင်ဖန်တီးနိုင်စွမ်းရှိအောင် တီထွင်မှု၊ သုတေသန ပြုလုပ်မှုများကိုလည်း အားပေး လုပ်ဆောင်သွားကြရန် ၎င်းကတိုက်တွန်းခဲ့သည်။