ကျောင်းပြင်ပ ပညာရေးအစီအစဉ်အတွက် တယ်လီနောက ဆက်လက်ထောက်ပံ့ပေးမည်

ရန်ကုန်၊ မတ် ၁

လက်ဖက်ရည်ဆိုင်များတွင် အလုပ် လုပ်ကိုင်နေကြသည့် ကလေးငယ်များအား ကျောင်းပြင်ပ ပညာသင်ကြားရေး အစီအစဉ်များအား myME နှင့် ပူးပေါင်းကာ ယခုနှစ်တွင် ဆက်လက် ပေးအပ်သွားမည်ဟု တယ်လီနောမြန်မာက ကြေညာခဲ့သည်။

မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်း (myME) အား တယ်လီနောက ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလက စတင်ကူညီထောက်ပံ့ခဲ့ကာ လက်ရှိတွင် မြန်မာနိုင်ငံမြို့များရှိ လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေး စားသောက်ဆိုင်များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် မပြည့်စုံသော လူမှုအသိုင်းအဝန်းများမှ ကလေးငယ်ပေါင်း ၃,၀၀၀ ကျော်အား ကျောင်းပြင်ပနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးကို သင်ကြားပေးနေသည်။

“ဒီပူးပေါင်းဆောင်ရွက်မှုကနေပြီး လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ်တွေကို ဆက်လက် ကူညီမှုတွေ ပြုလုပ်သွားနိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရမ်းကို ဝမ်းသာမိပါတယ်။ နောက်ပြီး myME အနေနဲ့လည်း မပြည့်စုံတဲ့ ကလေးငယ်တွေကို အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိပိုင်ဆိုင်နိုင်စေဖို့ ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားမှုတွေကို ပေးအပ်နေတယ်လို့ သိရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

တယ်လီနောနှင့် myME တို့အကြား ယခုလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သော တစ်နှစ်ကြာမြင့်မည့် သဘောတူညီချက်အရ ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနော အမှတ်တံဆိပ် လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေသော အသက် ၁၄ နှစ်နှင့် ၁၆ နှစ်ကြားရှိ ကလေးငယ်များနှင့် အနီးဝန်းကျင်ရှိ ထိုအသက်အရွယ် ကလေးငယ်များအား ကျောင်းပြင်ပ ပညာသင်ကြားရေး အစီအစဉ်များ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်ဟု တယ်လီနော၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျောင်းပညာ မသင်ကြားရတဲ့ ကလေးငယ်တွေနဲ့ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးငယ်တွေအတွက် ကျွမ်းကျင်လုပ်ငန်းဆိုင်ရာ ပညာသင်ကြားမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေးတယ်ဆိုတာ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒီလို သမိုင်းဝင် အကူးအပြောင်းကာလမှာ လူတိုင်း ဆောင်ရွက်နိုင်တဲ့ အရေးအပါဆုံးနဲ့ လက်တွေ့ အကျဆုံး ကူညီဖေးမမှုပဲ ဖြစ်ပါတယ်” ဟု myME တည်ထောင်သူ Tim Aye-Hardy က ပြောကြားသည်။

တယ်လီနောက myME ဝန်ထမ်းများအားလုံး၏ လစာများကို ကူညီထောက်ပံ့ထားပြီး ရွေ့လျားစာသင်ခန်းအဖြစ် အသုံးပြုနိုင်ရန် ဘတ်(စ်)ကားတစ်စီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အကြိုအပို့များအတွက် မော်တော်ယာဉ်များ၊ ကွန်ပျူတာများနှင့် အခြား ကျောင်းသုံးပစ္စည်း ကိရိယာများကိုလည်း ကူညီထောက်ပံ့ပေးထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar