ကျောက်မဲက ပဋ္ဋိပက္ခ သပွတ်အူ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယခုနှစ် အစောပိုင်းက စတင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေသည်။ ယင်းပဋိပက္ခတွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အများအပြား ပါဝင် ပတ်သက်နေသောကြောင့် ဖြစ်သည်။

မြတ်ကျော်သူ ရေးသားသည်။

ဓါတ်ပုံများ- အန်းဝမ်

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လက်ဖက်စိုက်ပျိုးရာဒေသဖြစ်သည့် ကျောက်မဲမြို့နယ်တွင် ရွာများသည် လူသူမရှိဘဲ ဖြစ်နေပါတယ်။ ဖေဖေါ်ဝါရီလက ထိုဒေသတွင် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီး ဒေသတွင် နေထိုင်သူ ထောင်ပေါင်းများစွာသည် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရသောကြောင့် ဇွန်လမှ ဒီဇင်ဘာလအထိ ပြုလုပ်ရမည့် လက်ဖက်ရိတ်သိမ်းမှုများ ရပ်တန့်သွားခဲ့ရပါတယ်။ လက်ဖက်ကို ဇန်နဝါရီမှ ဧပြီလအတွင်းတွင် စတင်စိုက်ပျိုးကြလေ့ရှိသည်။ လက်ဖက်စိုက်ပျိုးခြင်းသည် ထိုဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်ရာ လက်ဖက်စိုက်ပျိုးသူများနှင့် အလုပ်သမားများသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် စိုးရိမ်နေကြပါတယ်။

ဒေသတွင်း တိုက်ခိုက်မှုများတွင် အုပ်စုသုံးခု ပါဝင်ပတ်သက်နေပါတယ်။ ထိုအဖွဲ့တွေကတော့ အစိုးရတပ်မတော်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (Restoration Council of Shan State) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် Shan State Army (South) နဲ့ ပလောင် တိုင်းရင်းသားတို့၏ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တို့ ဖြစ်ကြပါတယ်။ ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ ပြင်းထန်သော တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး သီတင်းပတ် အတန်ကြာ တိုက်ပွဲအသေးလေးများ ဆက်လက်ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြီးခဲ့သည့်လက စတင်၍ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်တန့်ရေး သဘောတူညီချက် (NCA) အား လက်မှတ်ရေးထိုးထားခဲ့တဲ့ RCSS အနေနဲ့ တပ်မတော်ရဲ့ အထောက်အပံ့ကို ရရှိနေသည်ဟု လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ TNLA က တိုက်ခိုက်မှုများ ဖြစ်ပွားအပြီးမှာ စွပ်စွဲခဲ့ပါတယ်။ RCSS ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ထဲမှာ ပါဝင်ပါတယ်။ ထိုသို့ စွပ်စွဲချက်ကို RCSS က ငြင်းဆိုခဲ့ပါတယ်။ ပဋိပက္ခရဲ့ ရှုပ်ထွေးသော ဖြစ်စဉ်တစ်ခုကတော့ RCSS ဟာ မေလမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့သေးတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။    

တိုက်ပွဲတွေဖြစ်နေပေမယ့် သက်ကြီးရွယ်အိုတွေကတော့ ရွာကိုစွန့်ခွာထွက်ပြေးဖို့ ငြင်းဆိုကြပါတယ်။ ဓာတ်ပုံ-အန်းဝမ်

တိုက်ပွဲတွေဖြစ်နေပေမယ့် သက်ကြီးရွယ်အိုတွေကတော့ ရွာကိုစွန့်ခွာထွက်ပြေးဖို့ ငြင်းဆိုကြပါတယ်။ ဓာတ်ပုံ-အန်းဝမ်

ထိုတိုက်ခိုက်မှုများဟာ ကျောက်မဲမြို့ အနောက်ဘက် မိုင် ၄၀ ခန့်အကွာ တော့ဆန်ရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုနေရာတွင်ပဲ TNLA နဲ့ RCSS တို့လည်း ဇူလိုင် ၅ ရက်နေ့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

TNLA တပ်သား ၄၀၀ လောက်ဟာ အဆိုပါကျေးရွာက RCSS တပ်ဖွဲ့ကို ထိုးစစ်ဆင်ခဲ့တယ်လို့ ဒေသခံ စိုင်းအောင်မောင်းက ဇူလိုင် ၇ ရက်နေ့မှာ Frontier ကို တယ်လီဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။ ရွာနဲ့ တစ်ကီလိုမီတာခန့်သာ ကွာဝေးသော ကျင်ကိုင်ရွာတွင် ဖြစ်ပွားတဲ့ တိုက်ပွဲကတော့ လေးနာရီခန့် ကြာမြင့်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအောင်ရဲ့ အဆိုအရ TNLA အဖွဲ့က တပ်သား ၁၂ ယောက် ကျဆုံးပြီးနောက် ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ TNLA က ထိုဒေသမှာ တပ်သားတွေ စုဆောင်းနေပြီး မကြာမီတွင် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ဖွယ် ရှိတယ်လို့ စိုင်းထွန်းအောင်က ပြောပါတယ်။

ဖေဖေါ်ဝါရီလအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၅,၀၀၀ ကျော် နေရာပြောင်းရွှေ့ခဲ့ကြရပါတယ်။ ဒေသခံအချို့ကတော့ အရဲစွန့်ပြီး ထိုနေရာသို့ အသွားအပြန် လုပ်နေကြပေမယ့် ဘယ်အချိန်၊ ဘယ်နရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တယ်ဆိုတာကို မသိရှိနိုင်တာကြောင့် ဒီလို သွားလာမှုက စွန့်စားမှုတစ်ခု ဖြစ်ပါတယ်။ ထိုဒေသမှာ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးစနစ်ကလည်း ဆိုးရွားလှပါတယ်။

ကျောက်မဲမြို့မှာ ကျရာအလုပ်တွေကို လုပ်ကိုင်နေကြရသူတွေလည်း ရှိသလို တချို့ကလည်း မြောက်ဘက် မိုင် ၁၁၀ ခန့် ကွာဝေးတဲ့ တရုတ်-မြန်မာနယ်စပ်မှာ အလုပ်သွားရောက် ရှာဖွေနေကြပါတယ်။

လူသူမရှိတော့သည့် ကျေးရွာများ

ကျောက်မဲမြို့ကနေ တော့ဆန်ရွာသို့ ကားဖြင့်သွားပါက လမ်းကြမ်းပြီး သုံးနာရီကျော် ကြာမြင့်နိုင်ပါတယ်။ ပန်စန်းရွာနှင့် တော့ဆန်ရွာကြား ခြောက်မိုင်ခန့် အကွာအဝေးအတွင်း တည်ရှိသည့် ရွာအများစုမှာ လူသူမရှိတော့ပဲ အိမ်များနှင့် ဈေးဆိုင်များကိုလည်း သော့ခတ်ပိတ်ထားကြပါတယ်။

တော့ဆန်ရွာသို့သွားသော လမ်းမပေါ်ရှိ ရွာများမှာ ကျန်ရှိနေသေးတဲ့ လူအနည်းငယ်ကတော့ RCSS နှင့် TNLA တပ်သားတွေကို အနီးအနားက တောင်တန်းများပေါ်မှာ မကြာခဏ တွေ့ရလေ့ရှိတယ်လို့ ပြောကြားကြပါတယ်။

ပန်စန်းကျေးရွာကတော့ တော့ဆန်ရွာသို့သွားသော လမ်းဆုံမှာ တည်ရှိပြီး ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တို့၏ နယ်စပ်အနီး တည်ရှိကာ လက်ဖက်ကုန်သည်များ၊ ခရီးသွားများနှင့် စည်ကားလေ့ရှိသော ရွာလေးဖြစ်ပါတယ်။ Frontier က ထိုရွာကို မကြာသေးမီက ရောက်ရှိသွားချိန်မှာတော့ ထိုရွာက လက်ဖက်ရည်ဆိုင်မှာ သောက်သုံးသူဟူ၍ Frontier အဖွဲ့သာ ရှိနေပါတယ်။ ထိုလက်ဖက်ရည်ဆိုင်က ရွာတွင် ဖွင့်လှစ်ထားသော ဆိုင်အနည်းငယ်ထဲမှ တစ်ခုသာ ဖြစ်ပါတယ်။ တခြားသော သက်ရှိဆို၍ ခွေးတွေသာ ရှိပါတယ်။

တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် တော့ဆန်ကျေးရွာက နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ပါတယ်။ တိုက်ပွဲဘာကြောင့် စတင်ဖြစ်ပွားလဲဆိုတာကိုတော့ မသိရပါဘူး။ ဓာတ်ပုံ- အန်းဝမ်

တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် တော့ဆန်ကျေးရွာက နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ပါတယ်။ တိုက်ပွဲဘာကြောင့် စတင်ဖြစ်ပွားလဲဆိုတာကိုတော့ မသိရပါဘူး။ ဓာတ်ပုံ- အန်းဝမ်

“ဒီနေရာက အရင်က အလွန်လူစည်ကားတဲ့ လမ်းဆုံတစ်ခုပေါ့။ အခုတော့ လမ်းဖြတ်ကူးတဲ့ လူတောင် မရှိသလောက် နည်းသွားပြီ။ ရွာသားတွေအများစုက သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာ သွားကြပြီ” လို့ လက်ဖက်ရည်ဆိုင် ပိုင်ရှင် စိုင်းအောင်ထွန်းက Frontier ကို ပြောပါတယ်။ “ဘယ်သူမှ ရွာထဲမှာ မနေရဲကြတော့ဘူး။ ကျွန်တော်တို့ ညဘက်ဆိုရင် တောင်တန်းတွေပေါ်က သေနတ်သံတွေ ကြားရတယ်”လို့လည်း သူကပြောပါတယ်။

“တစ်ခါတစ်လေကျရင် အနီးအနားက တောင်တန်းတွေပေါ်က ပစ်လိုက်တဲ့ အမြောက်ဆန်တွေက ရွာပေါ် ကျကျလာတယ်” လို့ သူက ပြောပါတယ်။

ပန်ဆန်းရွာသည် ပဋိပက္ခများ အများဆုံးဖြစ်ပွားသော တော့ဆန်ရွာထက် ကျောက်မဲမြို့နဲ့ ပိုမိုနီးကပ်ပါတယ်။ ဒါကြောင့် ပဋိပက္ခများကနေ ထွက်ပြေးလာတဲ့ ရွာသားများက ပန်ဆန်းရွာကို ဦးစွာ ရောက်လာတတ်ကြပါတယ်။ ပြီးမှ ကားနဲ့ ကျောက်မဲကို ဆက်လက် သွားရောက်ကြပါတယ်။

တော့ဆန်ရွာကတော့ ထိုဒေသမှာ အကြီးမားဆုံး ရွာတွေထဲက တစ်ခုဖြစ်ပြီး နေအိမ်ပေါင်း ၁,၀၀၀ ကျော် ရှိပါတယ်။ လက်ဖက်စိုက်ခင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်တန်းတွေနဲ့ ဝိုင်းရံထားပြီးတော့ ထိုရွာက အိမ်ထောင်စုတွေရဲ့ ထက်ဝက်နီးပါးက တရုတ် မြန်မာ ကပြားတွေ ဖြစ်ကြပါတယ်။ ရွာထဲမှာ တရုတ်ပုံစံ ဆောက်လုပ်ထားတဲ့ ဘုံကျောင်းတွေ ရှိသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ ရွာသားတွေကတော့ ပျဉ်ထောင်အိမ်တွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ အိမ်အများစုမှာ လူမရှိကြတော့ပဲ ဘုံကျောင်းတွေကိုလည်း ပိတ်ထားရပြီ ဖြစ်ပါတယ်။

ရွာကို အပိုင်း နှစ်ပိုင်း ခွဲခြားထားရာမှာ တစ်ခုက ဈေးရပ်လို့ ခေါ်ပြီး ဈေးဖြစ်ပါတယ်။ ယခုအခါမှာတော့ လုံးဝပိတ်သွားပြီ ဖြစ်ပါတယ်။ ကျန်တစ်ခုက ရွာမလို့ ခေါ်ဆိုပြီး လူနေအိမ်တွေ ရှိပါတယ်။ ရွာရဲ့ ဒီနေရာမှာ ရွာသား ၂၀၀ လောက် ဆက်လက်နေထိုင်နေကြသေးပေမယ့် အိမ်အပြင်ကိုတော့ မထွက်ရဲကြဘူးလို့ ဆိုပါတယ်။

စစ်ပွဲကနေ ထွက်ပြေးလာကြသူတွေဟာ ကျောက်မဲမြို့က အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရပါတယ်။ ဓာတ်ပုံ-အန်းဝမ်

စစ်ပွဲကနေ ထွက်ပြေးလာကြသူတွေဟာ ကျောက်မဲမြို့က အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရပါတယ်။ ဓာတ်ပုံ-အန်းဝမ်

တော့ဆန်ကျေးရွာက ရှမ်းလူမျိုးတစ်ဦးဖြစ်တဲ့ ဦးညာလိန္ဒဟာ အသက် ၇၃ နှစ်ရှိနေပြီဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ သူ့ရွာကနေ ထွက်ခွာသွားဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

“ဒီတပ်တွေအားလုံး တိုက်ခိုက်နေတာတွေ ကျုပ်အားလုံး တွေ့နေရတယ်။ မြန်မာ့တပ်မတော်၊ RCSS (SSA-S) နဲ့ ပလောင် TNLA တွေပေါ့။ နယ်မြေကို သိမ်းဖို့ သူတို့လာပြီဆိုရင် ကျုပ်တို့ အခွင့်အရေးတွေ ချိုးဖောက်ခံရတာပဲ။ အရမ်းဆိုးရွားပါတယ်။ ဒါပေမဲ့ ကျုပ် ဒီရွာက တစ်ခါမှ မထွက်ခွာခဲ့ဘူး။ ထွက်သွားမှာလည်း မဟုတ်ဘူး” လို့ သူက ပြောပါတယ်။

“TNLA တပ်သားတွေ ရွာထဲ ရောက်လာရင် အိမ်တွေကို အပိုင်စီးလိုက်ကြပါတယ်။ တပ်သားတွေက အိမ်တွေမှာ ကြိုက်သလောက် နေပါတယ်။ ရွာသားတွေက သူတို့ကို ထမင်းကျွေးရတယ်” လို့ သူကပြောပါတယ်။

သူ၏အိမ်ဟာ ထိုဒေသမှာ အမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ဂန့်ဂေါ်ကုန်းနဲ့ ပေ ၂၀၀ လောက်သာ ကွာဝေးပါတယ်။ ဒီကုန်းဟာ မဟာဗျူဟာကျတာကြောင့် တိုက်ပွဲတွေမှာ အရေးပါတဲ့နေရာလည်း ဖြစ်ပါတယ်။

ထိုတောင်ကုန်းကို ထိန်းချုပ်ထားတဲ့ RCSS တပ်တွေက ဖေဖော်ဝါရီလအတွင်းမှာ TNLA တပ်တွေရှိတဲ့ ရွာထဲကို ဝင်ရောက်တိုက်ခိုက်ကြတာကြောင့် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်းပါတယ်။ နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေဟာလည်း အမြောက်ဆံနဲ့ သေနတ်ကျည်ဆံတေကြောင့် ပျက်စီးသွားခဲ့ရပါတယ်။

တော့ဆန်ကျေးရွာက အပျက်အစီးတွေကြားထဲ ဖြတ်လျောက်နေတဲ့ ရွာသားတစ်ဦး။ ဓာတ်ပုံ-အန်းဝမ်

တော့ဆန်ကျေးရွာက အပျက်အစီးတွေကြားထဲ ဖြတ်လျောက်နေတဲ့ ရွာသားတစ်ဦး။ ဓာတ်ပုံ-အန်းဝမ်

ဒီတိုက်ပွဲမှာ အမြောက်ဆံတွေကြောင့် ထိခိုက်ခဲ့သူတွေထဲမှာ အသက် ၇၇ နှစ်အရွယ် ဒေါ်ရွှေမြင့် လည်း ပါဝင်ပါတယ်။

“ကျွန်မရဲ့ အိမ်ခေါင်မိုးပေါ်ကို ကျည်ဆံတွေ ကျခဲ့တယ်။ အသံတွေက ကျွန်မခေါင်းထဲမှာ ဖြစ်နေသလိုပဲ” လို့ သူက Frontier ကို ပြောပါတယ်။

ဒေါ်ရွှေမြင့်တစ်ယောက် ကျောက်မဲမြို့မှာ သွားရောက်ခိုလှုံခဲ့ပြီတော့ တိုက်ပွဲတွေ ရပ်တန့်သွားတဲ့ ဧပြီလမှာ တော့ဆန်ရွာကို ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ နေအိမ်ကိုတော့ လုပ်အားပေးသူတွေက ပြုပြင်ပေးခဲ့ကြပါတယ်။ ပြီးခဲ့သောလက တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့အချိန်မှာတော့ ကျောက်မဲကို ပြန်လည် ထွက်ပြေးတိမ်းရှောင်လာခဲ့ရပြန်ပါတယ်။

ကျောက်မဲက ဒုက္ခသည်စခန်းများ

ဖေဖေါ်ဝါရီလအတွင်းမှာ လူပေါင်း ၄,၀၀၀ လောက်ဟာ ကျောက်မဲမြို့မှာ လာရောက်ခိုလှုံခဲ့ကြပါတယ်။ သူတို့တွေ နေထိုင်ဖို့အတွက် အမိုးအကာတွေကို စီစဉ်ဆောက်လုပ်ပေးထားပါတယ်။ တိုက်ပွဲတွေ ရပ်တန့်သွားတဲ့အချိန်မှာတော့ သူတို့ဟာ နေရပ်ပြန်သွားကြပြီး တိုက်ပွဲတွေ တဖန်ပြန်ဖြစ်လာချိန်မှာတော့ သူတို့ထဲက အများအပြားဟာ ယာယီစခန်းတွေဆီကို မပြန်လာကြတော့ပဲ အလုပ်ရှာဖို့ တခြားနေရာတွေဆီကို ထွက်ခွာသွား ကြပါတော့တယ်။ တော်တော်များများကတော့ ကျောက်မဲမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း လေးခုမှာ သူ့တို့ရဲ့ ကလေးတွေကို ထားခဲ့ကြပြီး အလုပ်ထွက်ရှာကြတာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးတွေနဲ့ အလှူရှင်တွေက အစားအစာအပြင် တခြားလိုအပ်ချက်တွေကို အကူအညီ ပေးကြပါတယ်။

အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းက ယာယီစခန်းကို စောင့်ရှောက်နေတဲ့ ဘုန်းတော်ကြီး ဦးဝိရာမက နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ကူညီထောက်ပံ့ပေးဖို့ လှူဒါန်းမှုများ အလုံအလောက် ရရှိထားသော်လည်း ရေရှည်မှာ ထောက်ပံ့ပေးနိုင်ဖို့ စိုးရိမ်တယ်လို့ မိန့်ကြားပါတယ်။

“လှူဒါန်းမှုတွေက အခုထိတော့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဒါတွေက တစ်နှစ်စာလောက်အထိ လုံလောက်ပါ့မလား မသေချာဘူး။ အပစ်အခတ်ရပ်စဲမှုကလည်း ဖြစ်လာမယ့်ပုံ မပေါ်ဘူး” လို့ ဆရာတော်က မိန့်ကြားပါတယ်။

သော့ခတ်ပိတ်ထားတဲ့ တော့ဆန်ကျေးရွာက စာသင်ကျောင်း။ ဓာတ်ပုံ-အန်းဝမ်

သော့ခတ်ပိတ်ထားတဲ့ တော့ဆန်ကျေးရွာက စာသင်ကျောင်း။ ဓာတ်ပုံ-အန်းဝမ်

ဘုန်းကြီးကျောင်းထဲက ကျောက်သင်ပုန်းမှာတော့ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကိုယ်စား အလှူငွေ ကျပ် သိန်း ၂၀၀ လှူဒါန်းတယ်လို့ မှတ်တမ်းတင် ရေးထိုးထားပါတယ်။ ကျောက်မဲမြို့နယ်က အလှူရှင်တွေကလည်း စစ်ဘေးတိမ်းရှောင်လာသူတွေကို ထောက်ပံ့ပေးဖို့အတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းထားပါတယ်။

ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှာတော့ စိုင်းထွန်းအောင်က ထိုပဋိပက္ခကို အဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲဖို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။ ဒီအဆိုကို အဖွဲ့ဝင် ၄၄၀ ရှိတဲ့ လွှတ်တော်မှာ ထောက်ခံမဲ ၄၁၂ မဲနဲ့ အတည်ပြုခဲ့ကြပါတယ်။ ဒါဟာ ရွေးကောက်တင်မြောက်ဖို့ မလိုအပ်တဲ့ တပ်မတော်သား လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲတွေကိုပါ ရရှိခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။

ဒါပေမဲ့ ထိုအဆိုကနေ အကျိုးရလဒ် ပေါ်ပေါက်လာခဲ့ခြင်း မရှိပေ။ စိုင်းထွန်းအောင်ကတော့ တိုက်ပွဲတွေမှာ ပါဝင်ပတ်သက်နေသူတွေကို ငြိမ်းချမ်းရေးရယူဖို့ လွှတ်တော်ကနေ ဖိအားပေးတာကို သူ့အနေနဲ့ လက်လျော့လိုက်ပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ မြန်မာနိုင်ငံကို စတုတ္ထအကြိမ် လာရောက်ခဲ့စဉ်မှာလည်း ကျောက်မဲနဲ့ ကွတ်ခိုင်တို့ကို သွားရောက်ဖို့ ခွင့်ပြုချက် မရရှိခဲ့ပါဘူး။ ကွတ်ခိုင်မြို့ဟာ ကျောက်မဲမြို့ကနေ မြောက်ဘက် မိုင် ၉၀ လောက်ကွာဝေးပြီး လားရှိုး-မူဆယ်လမ်းမပေါ်မှာ တည်ရှိပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြို့လည်း ဖြစ်ပါတယ်။ တာဝန်ရှိသူတွေကတော့ မစ္စယန်ဟီလီကို ခွင့်ပြုချက် မပေးရတာက  လုံခြုံရေးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့ကိုတော့ သွားရောက်ခွင့် ပြုခဲ့ပါတယ်။

“တကယ့်လက်တွေ့မှာ ဘာတွေဖြစ်ပွားနေတယ်ဆိုတာကို ကျွန်မကိုယ်တိုင် သွားရောက် ကြည့်ရှုခွင့် မရခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်” လို့ ဇူလိုင်လ ၁ ရက်နေ့က မြန်မာနိုင်ငံ ခရီးစဉ်အဆုံးမှာ ယန်ဟီလီက ပြောပါတယ်။

တောင်တန်းတွေ ဝန်းရံနေတဲ့ တော့ဆန်ရွာမြင်ကွင်း။ ဓာတ်ပုံ-အန်းဝမ်

တောင်တန်းတွေ ဝန်းရံနေတဲ့ တော့ဆန်ရွာမြင်ကွင်း။ ဓာတ်ပုံ-အန်းဝမ်

ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေဟာ ပါဝင်လှုပ်ရှာနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ များပြားလာတာကြောင့် ရှုပ်ထွေးလာတယ်လို့ သူကဆိုပါတယ်။

TNLA နှင့် RCSS တို့အကြား တိုက်ခိုက်မှုတွေက ထိုဒေသတွင်းက လူ့အဖွဲ့အစည်းတွေအကြား တင်းမာမှုတွေ ဖြစ်ပွားစေတယ်လို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ပြောကြားကြတဲ့အချက်ကို အထူးစိုးရိမ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

စိုင်းထွန်းအောင်ကတော့ မကြာသေးမီက တိုက်ခိုက်မှုတွေမှာ TNLA ရဲ့ မဟာမိတ်ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါဝင်နေတယ်လို့ ပြောပါတယ်။ KIA ရဲ့ တပ်ခွဲ အမှတ် (၆)ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ကနေစပြီး ရှမ်းပြည်မြောက်ပိုင်းရှိ ယခင် ဗမာပြည် ကွန်မြူနစ်ပါတီတို့ ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ တပ်စွဲထားတယ်လို့ သူကဆိုပါတယ်။

တော့ဆန်ရွာဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် ပဋိပက္ခတွေ ဖြစ်ပွားရာ အဓိကနေရာတစ်ခုလည်း ဖြစ်ပါတယ်။ TNLA က ရွာ အနီးတဝိုက်ကို ထိန်းချုပ်လိုကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ KIA အဖွဲ့တွေ ရှမ်းပြည်မြောက်ပိုင်းကို အလွယ်တကူ သွားလာ ဆက်သွယ်နိုင်ကြစေဖို့ ဖြစ်တယ်လို့ စိုင်းအောင်ထွန်းကပြောပါတယ်။

ဒါကြောင့် ရှမ်းရွာသားတွေက နေရပ်ကိုပြန်ဖို့ ကြောက်ရွံ့နေကြတာလည်း ဖြစ်ပါတယ်။ ရွာသားတွေကတော့ သူတို့ရွာတွေနဲ့ ကျောင်းတွေကို တပ်မတော် ဒါမှမဟုတ် RCSS တပ်ဖွဲ့တွေက စောင့်ရှောက်ပေးစေလိုတယ်လို့ ပြောကြပါတယ်။

“ကျွန်မက ပလောင် TNLA တပ်သားတွေကို ကြောက်ပါတယ်။ သူတို့က ရှမ်းလူမျိုးတွေကို ကောင်းကောင်း မဆက်ဆံကြဘူး” လို့ ကျောက်မဲမြို့ရှိ ယာယီစခန်းမှာ နေထိုင်နေတဲ့ အသက် ၁၄ နှစ်အရွယ် ရှမ်းလူမျိုး နန်းစံနွံဟွန်ကပြောပါတယ်။

“ကျွန်မ အိမ်ကို အမြန်ဆုံး ပြန်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမိဘတွေရဲ့ လက်ဖက် စိုက်ခင်းတွေက အဲဒီမှာ ရှိတာလေ” လို့ သူက ဆိုပါတယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- တော့ဆန်ကျေးရွာစာသင်ကျောင်းက စာသင်ခန်းတစ်ခုရဲ့မြင်ကွင်း။ ဒေသတွင်းဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာထဲမှာတော့ လူသူလှုပ်ရှားမှုမရှိပဲ တိတ်ဆိတ်နေပါတယ်။ ဓာတ်ပုံ-အန်းဝမ်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar