ကျောက်မီးသွေးနှင့် အကြီးစားရေအားလ ျှပ်စစ် စီမံကိန်းကြီးများအား စွန့်လွှတ်ရန် အရပ်ဖက် အဖွဲ့အစည်းများက တိုက်တွန်း

ကျောက်မီးသွေးနှင့် အကြီးစား ရေအားလ ျှပ်စစ် စီမံကိန်းကြီးများအား စွန့်လွှတ်ရန် အရပ်ဘက်အဖွဲ့အစည်း ၄၂၂ ဖွဲ့ ပါဝင်လက်မှတ်ထိုးထားသော မြန်မာ့အစိမ်းရောင် စွမ်းအင်ဖိုရမ် (Myanmar Green Energy Forum) က မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။

“ဒေသခံပြည်သူများက ပြတ်သားစွာ ငြင်းဆန်ထားကြသော အကြီးစား ရေအားလျှပ်စစ် စီမံကိန်းကြီးများနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်စီမံကိန်းများအား မြန်မာအစိုးရက လုံးဝ စွန့်လွှတ်ရမည်။ ထိုစီမံကိန်းကြီးများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျှင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမူ၊ လူသားများ၏ လူမူဘဝလုံခြုံမူကို ကြီးမားစွာ ထိခိုက်နိုင်ပြီး၊ ရာသီဥတု ဖေါက်ပြန်မူကို ပိုမိုဆိုးဝါးလာစေခြင်းနှင့် တိုင်းပြည်တစ်လျှောက် လူမှုပဋိပက္ခများ၊ တိုင်းရင်းသား ပဋိပက္ခများကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်” ဟု ဒီဇင်ဘာ ၁၃ ရက်နေ့က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင် အစိုးရလက်ထက်တွင် ဒေသခံများအား ညှိနှိုင်းမူ၊ ပွင့်လင်းမြင်သာမူများမရှိပဲ ဆယ်ဂဏန်းမကသော အကြီးစား၊ အလတ်စား ရေအားလျှပ်စစ်စီမံကိန်းနှင့် ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းများကို ပြည်ပသို့လျှပ်စစ် ထုတ်လုပ်ရောင်းချရန် လျာထားလုပ်ဆောင်ခွင့်ပြုခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင်မူ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် ၎င်းတို့က တိုက်တွန်းထားသည်။

“ယခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုအစိုးရသစ်သည် မြန်မာနိုင်ငံအတွင်းတွင် လျာထားခံရသော ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ် စီမံကိန်းများ၏ အနာဂတ်ကို ရှင်းလင်းပြတ်သားစွာ ချပြရမည်ဖြစ်ပြီး ယခင်အစိုးရ၏ မှားယွင်းစွာ လုပ်ဆောင်ချက်များကို ထပ်မံမပြုရန် ပြည်သူလူထုအား ၎င်း၏ လက်ရှိစွမ်းအင်ထုတ်လုပ်မူအစီအစဉ်များကို ပွင့်လင်းစွာ အသိပေးရန် လိုအပ်ပါသည်။ လက်ရှိလျာထားသော အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများ၏ သဘောတူစာချုပ်များအား ပွင့်လင်းစွာ ခြွင်းချက်မရှိ ထုတ်ပြန် ကြေညာချပြသင့်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် လျာထားသော ရေအားလျှပ်စစ်စီမံကိန်းများမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများ၏ ပဋိပက္ခဖြစ်နေဆဲ နေရာများတွင်တည်ရှိနေပြီး ထိုအချက်မှာလည်း ခိုင်မာမှု မရှိသေးသည့် ငြိမ်းချမ်းရေးတည်ဆောက်ဖြစ်စဉ်အား ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေမည်ဟု ဖော်ပြထားသည်။

“အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဆယ်စုနှစ်များစွာသော ပြည်တွင်းစစ်ကို ရပ်တန့်လိုပါက လက်ရှိလျာထားသော ရေအားလျှပ်စစ် စီမံကိန်းကြီးများအား ဆိုင်းငံ့ထားပြီး ငြိမ်းချမ်း ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေး အဖြေရှာနိုင်သည့် လူ့အဖွဲ့အစည်းအဖြစ် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင် နိုင်သည့် နိုင်ငံရေး အခြေအနေတွင်မှ ပြန်လည်စဉ်းစားသင့်ပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်အတွက် စွမ်းအင် အစီအစဉ် ရေးဆွဲဆုံးဖြတ်ရာတွင် ဒေသခံ ပြည်သူများက အဓိကထား ပါဝင်ဆုံးဖြတ်နိုင်ရန်လည်း ၎င်းတို့က တောင်းဆိုလိုက်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးအောင်မြင့်က စွမ်းအင်ဆိုင်ရာ စီမံကိန်းများတွင် အစိုးရအနေဖြင့် ပြည်သူလူထုအသံ ပါဝင်ရန် စနစ်တကျ နည်းလမ်းမရှိသလောက်ဖြစ်ပြီး၊ အစိုးရပိုင်းဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံတကာ ငွေကြေးထောက်ပံ့ရေးအဖွဲ့များနှင့် နိုင်ငံတကာ စီးပွားရေးကုမ္ပဏီကြီးများ၏ နည်းလမ်းများတွင်သာ မှီခိုနေကြောင်း ပြောကြားခဲ့သည်။

“ဒါကြောင့် အစိုးရအနေနဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းများတွင် မူဝါဒ ပြောင်းလဲဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမှာမေးချင်တာက အစိုးရအနေနဲ့ အရင်အတိုင်းပဲသွားမလား။ ဒါမှမဟုတ် ကမ္ဘာမှာ သူများတွေသွားနေတဲ့ green energy အတိုင်း သွားမလား” ဟု ၎င်းကပြောကြားသည်။

စွမ်းအင်ဆိုင်ရာမူဝါဒတွင် အစိုးရကိုယ်တိုင် ပုဂ္ဂလိကဆိုင်ရာ စီးပွားရေးများကို အာပေးမှုရှိပြီး လက်ရှိတွင်မူ နိုင်ငံတကာကိုသာ မှီခိုနေမှုများသည် ၎င်း၏ မူဝါဒများနှင့် မကိုက်ညီသောကြောင့် အစိုးရအနေဖြင့် ပြည်သူလူထု ပါဝင်နိုင်သော မူဝါဒကို ရေးဆွဲရန် လိုအပ်သည်ဟု ၎င်းကပြောကြားသည်။

“လက်ရှိအစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုသော နည်းလမ်းများဖြင့် အလုပ်လုပ်မည်ဟုဆိုကာ အာဏာရလာသော်လည်း၊ လက်ရှိမှာ အဲဒီနေရာတွင် ရှိမနေပါဘူး” ဟု ဦးအောင်မြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးသိရသည့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး အစီအစဉ်များမှာ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများကို အဓိကထား အဖြေရှာ ဆောင်ရွက်မည့် အစီအစဉ်များကို တွေ့ရသဖြင့် ကျောက်မီးသွေးကို စွန့်လွှတ်ပြီး ရေရှည်မဟုတ်သည့် ရေအားလျှပ်စစ် စီမံကိန်းကြီးများကို လျှပ်စစ်စွမ်းအင်အတွက် အဓိကထား ဆောင်ရွက် အဖြေရှာမှုများ မဖြစ်စေရန်အပြင် ရေအားလျှပ်စစ်စီမံကိန်းများကို “ပြန်ပြည့်မြဲ စွမ်းအင်” အဖြစ် မှားယွင်းစွာဖေါ်ပြခြင်းကိုလည်း ရှင်းလင်းရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ယာယီရပ်တန့်ထားခြင်းကြောင့် သံလွင်မြစ်ကြောင်းတစ်လျှောက် ရေကာတာစီမံကိန်းများ တိုးချဲ့ တည်ဆောက်စေခြင်းမှာလည်း မဖြစ်သင့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar