ကျူးကျော်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ မြေဈေးကွက် ဘယ်လို ဆက်စပ်နေသလဲ

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ရန်ကုန်က ကျူးကျော်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်စကား တချို့ ပြောခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းက တကယ် နေစရာ မရှိလို့ ကျူးကျော်နေကြတဲ့သူတွေကို စနစ်တကျ စာရင်းကောက်ပြီး မှတ်တမ်းတင်ထားမယ်၊ အဲဒီလူတွေကို နေစရာ အလုပ်အကိုင် အစိုးရက ဖန်တီးပေးမယ်၊ တကယ်ကျူးကျော် မဟုတ်ဘဲ ဟိုနေရာလိုက် နေရာဦး၊ ဒီနေရာလိုက် နေရာဦး လုပ်နေတဲ့သူတွေကိုတော့ ဖော်ထုတ် အရေးယူသွားမယ်၊ လက်နက်ကိုင် အဖွဲ့အစည်း နာမည်ခံပြီး မြေနေရာ ကျူးကျော် ရောင်းစားနေသူတွေကိုလည်း ပြတ်ပြတ်သားသား အရေးယူသွားမယ်၊ သူ အဲဒီအကြောင်းပြောတဲ့ မေလ ၂၆ ရက်နေ့ကစ နောက်ထပ် ဘယ်သူ့ကိုမှ ကျူးကျော်တာမျိုး ခွင့်ပြုတော့မှာ မဟုတ်ဘူး၊ တရားဥပဒေ အရ အရေးယူသွားဖို့ပဲ ရှိတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။

သူပြောတဲ့စကား ပြည်သူတွေကြားမှာ အတော်လေးကို ဟိုးလေးတကြော် ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကတော့ သူထင်ထားတာနဲ့ ပြောင်းပြန်ပါ။ ကျူးကျော်တွေကို စာရင်းကောက်ယူပြီး စနစ်တကျ နေရာချထားပေးရုံမက အလုပ်အကိုင်တွေပါ အစိုးရက ဖန်တီးပေးမယ် ဆိုတဲ့အတွက် ရန်ကုန်တိုင်းအတွင်းမှာ နောက်ထပ် ကျူးကျော်တဲတွေ အများအပြား ပေါ်ပေါက်လာလို့ ဖြစ်ပါတယ်။

ကျူးကျော်ကိစ္စ တိုင်းပြည်ကို ဘယ်လို ပြဿနာတွေ တက်စေသလဲ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍကိုရော ဘယ်လို ဂယက်ရိုက်ခတ်နေသလဲ၊ ဒီပြဿနာတွေ ပြေလည်သွားအောင် ဘာတွေ လုပ်နိုင်မလဲ ဆွေးနွေးသုံးသပ် တင်ပြသွားပါ့မယ်။

နိုင်ငံထဲမှာ ကျူးကျော်တွေ များနေတယ် ဆိုတာဟာ ဆင်းရဲမွဲတေမှု၊ အိမ်ရာတိုက်ခန်း ရှားပါးမှု၊ စည်းကမ်းစနစ်မရှိမှု စတာတွေရဲ့ ပြယုဂ် ဖြစ်ပါတယ်။ စနစ်တကျ နေထိုင်ကြတာ မဟုတ်တဲ့ ကျူးကျော်တွေ များနေရင် လူဦးရေ သတင်းအချက်အလက် မကောက်ယူနိုင်ဖြစ်ပြီး အုပ်ချုပ်ရေးစနစ်ကိုလည်း ထူထောင်လို့ မရနိုင်ပါဘူး။ ဒီအတွက် တရားဥပဒေ စိုးမိုးမှုလည်း မရှိနိုင်ပါဘူး။ ရာဇဝတ်သားတွေ ခိုအောင်းနေနိုင်သလို အနီးအနား ဧရိယာတွေမှာလည်း ရာဇဝတ်မှုခင်း ပိုပြီး ထူပြောနိုင်ပါတယ်။

အခုဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ချင်သူတွေဟာ စက်မှုဇုန်တွေကိုလည်း သွားလေ့လာကြပါတယ်။ စက်မှုဇုန် အများစုမှာလည်း ကျူးကျော်တွေ အမြောက်အမြား ရှိနေပြီး စက်ရုံတွေရဲ့ ရေစီးရေလာ ကောင်းမွန်ရေး ကိစ္စလိုမျိုးတွေ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးလို ကိစ္စမျိုးတွေမှာ အနှောင့်အယှက် အများကြီး ဖြစ်စေတယ်လို့ လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ က သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။

အရင် အစိုးရလက်ထက်က ကောက်ယူခဲ့တဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းမှာ ခန့်မှန်းခြေ မိသားစု တစ်သိန်း တစ်သောင်းကျော်၊ လူဦးရေ ၄ သိန်းကျော်ဟာ ကျူးကျော်ဘဝနဲ့ ရှိနေကြတယ်လို့ ဆိုပါတယ်။ အခု အစိုးရသစ်ဟာ အဲဒီ ပြဿနာကြီးကို ဖြေရှင်းရမှာပါ။

မြေဈေးတွေကျ၊ အိမ်ရာတိုက်ခန်းတွေ အရေအတွက်များပြီး ဈေးတွေကျလာရင် ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ လူလတ်တန်းစားတွေရဲ့ အိမ်ရာလိုအပ်ချက် ပြဿနာ ထိုက်သင့်သလောက် ပြေလည်လာမှာ ဖြစ်ပါတယ်။

ကျူးကျော်ပြဿနာဆိုတာ ဆင်းရဲခြင်းနဲ့ နေစရာ မရှိခြင်းပါ။ တကယ်တော့ ရန်ကုန်မှာ နေထိုင်စရာ အိမ်ရာတိုက်ခန်း မရှိသူတွေဆိုတာဟာ ကျူးကျော်တွေချည်းပဲ မဟုတ်ပါဘူး။ မိသားစု တစ်စု တစ်လ ဒေါ်လာ ၁,၀၀၀ အောက် ဝင်ငွေရတဲ့ မိသားစု အမြောက်အမြားဟာလည်း အိမ်ရာတိုက်ခန်း မရှိကြပါဘူး။ သူတို့တွေဟာ နှစ်ရှည်လများ အိမ်ငှားဘဝနဲ့ နေထိုင်နေကြတဲ့ မိသားစုတွေ ဖြစ်ကြပြီး အရေအတွက်ကလည်း သိန်းနဲ့ချီ ရှိနေပြန်ပါတယ်။ ပြောရရင် အိမ်ရာတိုက်ခန်း လိုအပ်ချက် အလွန်များပြားနေသေးတာပါ။

အရင် အစိုးရခေတ်ကတည်းက အိမ်ရာတိုက်ခန်း အရေအတွက် များများ ဆောက်လုပ်ဖို့ ကြံရွယ်ချက်ရှိခဲ့ပေမဲ့ အဓိက အခက်အခဲကတော့ မြေနေရာ ရရှိရေးပဲလို့ ဆိုပါတယ်။ မြေဈေးတွေ ခေါင်ခိုက်နေတာမို့ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကလည်း တန်ဖိုးနည်းအိမ်ရာ ဆိုတာမျိုး များများစားစား မဖော်ထုတ်နိုင်ပါဘူး။

ပွင့်ပွင့်လင်းလင်း ပြောရရင် ရန်ကုန်က အိမ်ခြံ၊ မြေကွက် ပိုင်ဆိုင်ကြသူတွေဟာ ခေတ်အဆက်ဆက် အာဏာရှိခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့ မိသားစုဝင်တွေက အများစုပါ။ မြန်မာနိုင်ငံမှာ မြေဈေးတွေ တက်လေလေ အဲဒီ အသိုင်းအဝိုင်းဟာ ပိုပိုပြီး ချမ်းသာလေလေပါပဲ။ ဒီအတွက်လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေက အုပ်ချုပ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း မြေဈေးကျဆင်းအောင် လုပ်တဲ့ ဘယ်လို အကောင်အထည်ဖော်မှုမျိုးကိုမှ အားမပေးခဲ့ပါဘူး။

ဒါကြောင့် ကျူးကျော် ပြဿနာကို မဖြေရှင်းခင် ရန်ကုန်မှာ လိုအပ်နေတဲ့ တန်ဖိုးနည်း နေအိမ်တိုက်ခန်းတွေ အများအပြား ပေါ်ထွက်လာအောင် လုပ်ကြရပါလိမ့်မယ်။ အဲလို နေအိမ်တိုက်ခန်းတွေ အများအပြား ဆောက်နိုင်အောင်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေအောင် မြေဈေးနှုန်းတွေ ထိုက်သင့်တဲ့ အနေအထားအထိ ကျအောင် ဖန်တီးရပါလိမ့်မယ်။ အဖြစ်နိုင်ဆုံးနည်းကတော့ မြို့ပြမြေအဖြစ် အသုံးချလို့ရမယ့် မြေကွက်တွေ ဖော်ထုတ်တာ၊ မြို့သစ် စီမံကိန်းတွေ အကောင်အထည် ဖော်တာမျိုး တပြိုင်နက်တည်း လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။

အရင်အစိုးရက စတင်ခဲ့တဲ့၊ လက်ရှိလည်း ဆက်ပြီး အကောင်အထည် ဖော်နေတဲ့ တန်ဖိုးနည်း အိမ်ရာတိုက်ခန်း စီမံကိန်းတွေဟာ အရေအတွက်နည်းပြီး ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိတာပါ။ ဒါ့အပြင် တန်ဖိုးနည်း အိမ်ရာ ဖြစ်အောင် တန်ဖိုး နည်းနည်းလေး သတ်မှတ်ပေးလိုက်ရုံ၊ မစို့မပို့ တိုက်ခန်းတွေကို မဲဖောက်ပေးလိုက်ရုံနဲ့ ပြဿနာက အေးမသွားပါဘူး။ နောက်ပိုင်း အဲဒီ တိုက်ခန်းတွေရဲ့ဈေးနှုန်းဟာ သူ့ဈေးကွက်ပေါက်ဈေး ရှိသလောက် ပြန်တက်သွားမှာမို့ ဖြစ်ပါတယ်။ တကယ်လိုအပ်နေတာက အိမ်ရာတိုက်ခန်းတွေ များများ ဖော်ထုတ်ဖို့ပါ။ အရေအတွက် များများ ဖော်ထုတ်နိုင်လေလေ၊ ဈေးကွက်သဘောအရ တိုက်ခန်းဈေးနှုန်းတွေ ကျလေလေ ဖြစ်မှာပါ။

ကျူးပြဿနာ၊ လူလတ်တန်းစားတွေရဲ့ နေအိမ်တိုက်ခန်း လိုအပ်မှုပြဿနာ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် မြေဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတဲ့ ပြဿနာ အားလုံး ဆက်စပ်နေပါတယ်။ ဒီပြဿနာတွေ ပြေလည်ရေး အတွက်ဆို ရန်ကုန်မှာ အရင် အတည်ပြုထားပြီးသား မြို့သစ်စီမံကိန်းတွေကို စနစ်တကျ အမြန် စ ဖို့ လိုပါတယ်။ အသုံးချနိုင်တဲ့ မြေကွက်တွေ များများ ဖော်ထုတ်ပြီး တချို့ကို တန်ဖိုးနည်း တိုက်ခန်း တည်ဆောက်ရာမှာ အသုံးပြုပေးဖို့ လိုပါတယ်။ မြေဈေးတွေကျ၊ အိမ်ရာတိုက်ခန်းတွေ အရေအတွက်များပြီး ဈေးတွေကျလာရင် ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ လူလတ်တန်းစားတွေရဲ့ အိမ်ရာလိုအပ်ချက် ပြဿနာ ထိုက်သင့်သလောက် ပြေလည်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျမှသာ ကျူးပြဿနာကိုလည်း စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar