ကျား-မတန်းတူညီမျှမှု ဖော်ဆောင်ရေး ငွေကြေး အရေးပါ

မြန်မာနိုင်ငံအစိုးရအဖွဲ့ အဆင့်ဆင့်တွင် အမျိုးသားများ လွှမ်းမိုးလျက်ရှိသော်လည်း နိုင်ငံ၏ ဘတ်ဂျက်ရေးဆွဲမှု လုပ်ငန်းအလေ့အကျင့်ကို ပြောင်းလဲပေးခြင်းဖြင့် ကျားမတန်းတူညီမျှရေးကို ကြီးမားစွာ ဆောင်ရွက်နိုင်သည်။

အဲလစ်ဆန် ချန်း ရေးသားသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်အုပ်ချုပ်မှု တည်ရှိခဲ့ပြီးနောက် မကြာသေးမီနှစ်များအတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ အထူးတလည် တိုးတက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ ပြည်ထောင်စုအဆင့် နိုင်ငံသားများဘတ်ဂျက် သုံးခုထုတ်ဝေမှု၊ အမျိုးသားအဆင့်အောက်နှင့် စည်ပင်သာယာ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး လုပ်ငန်းအဆင့်ဆင့်၌ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို မြှင့်တင်လာသည်။ သို့ရာတွင်  ကျားမ တန်းတူရေးနှင့်ပတ်သက်၍ အုပ်ချုပ်မှုပိုင်းဆိုင်ရာတို့တွင် ကွာဟချက်များ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ဘတ်ဂျက် ခွဲဝေလျာထားရေးကိစ္စများ၌ ကျားမတန်းတူရေးကိစ္စကို သဘောပေါက်နားလည်မှု မရှိခြင်းဖြစ်သည်။

ကျားမတန်းတူညီမျှရေး ဦးတည်သော ဘတ်ဂျက်ရေးဆွဲခြင်းသည် အယူအဆသစ်တစ်ခု မဟုတ်သော်လည်း မြန်မာနိုင်ငံတွင် လူသိနည်းနေဆဲဖြစ်သည်။ ယင်းသို့ဘတ်ဂျက်ရေးဆွဲခြင်းကို gender-responsive budgeting ဟု ရည်ညွှန်းလေ့ရှိပြီး အမျိုးသားများက အခွင့်အာဏာရှိသော ရာထူးနေရာအများစုကို ရထားချိန်မျိုးတွင် အတိအလင်းသော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကျားမဘက်လိုက် ခွဲခြားဆုံးဖြတ်မှုရှိပါက ထိန်းချုပ်ပေးသော အလေ့အကျင့်ဖြစ်သည်။

အမျိုးသားများ လွှမ်းမိုးမှုကြောင့် အများဆုံး ဖြစ်လေ့ရှိသောရလဒ်မှာ အများပြည်သူ အသုံးစရိတ်ကို ခွဲဝေရာ၌ အမျိုးသားများအတွက် ပိုမိုအလေးထားခြင်းဖြစ်သည်။ ဥပမာ မွေးဖွားခွင့်နှင့် ကလေးသူငယ် စောင့်ရှောက်မှုအတွက် အစိုးရက လုံလောက်သော ခံစားခွင့်များ ပေးမထားသောအခါ မိဘများမှာ အလုပ်ပြန်ဝင်ရမည်လား၊ အိမ်မှာပင် ဆက်နေရမည်လား ဆုံးဖြတ်ရခက်ခဲတတ်သည်။ နိုင်ငံအများစုတွင် ယဉ်ကျေးမှုအရ အမျိုးသမီးများမှာ လုပ်ခမရသောအိမ်တွင်းမှုများကို ဆောင်ရွက်ရလေ့ရှိသဖြင့် ယင်းအခြေအနေမျိုး၌ အမျိုးသမီးအများစုမှာ အလုပ်ခွင်ကို စွန့်ခွာရတတ်သည်။

ကျားမရေးရာ အလေးထား၍ ဘတ်ဂျက်ရေးဆွဲခြင်းကို အကောင်အထည်ဖော်ရာတွင် ကျားမခွဲခြားကာ အချက်အလက်ကောက်ယူလျက် အမျိုးသားများနှင့် အမျိုးသမီးများ၏ မတူညီသော လိုအပ်ချက်များကို ခွဲခြားဆန်းစစ်ရန် လိုသည်။ထိုအခါ အမျိုးမျိုးသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် သုံးစွဲရာ၌ အစိုးရက တာဝန်ယူ တာဝန်ခံမှုရှိရန်နှင့် တန်းတူညီမျှမှုရှိအောင် ဆောင်ရွက်စေရေးအတွက် ပွင့််လင်းမြင်သာသော ယန္တရားကို အသုံးပြု၍ ပြည်သူ့အသုံးစရိတ်ကို ညှိနှိုင်းရေးဆွဲရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သြဇာအာဏာကြီးမား၍ လုပ်ပိုင်ခွင့် မြင့်မားသည့် အမျိုးသမီးတစ်ဦးရှိနေရမျှုံဖြင့် အစိုးရအဖွဲ့၌ ကျားမတန်းတူ ညီမျှရှိနေပြီဟု မဆိုနိုင်သေးပေ။ အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာ “Women’s Political Participation in Myanmar: Experiences of Women Parliamentarians 2011-2016” တွင်ဖော်ပြချက်အရ အမျိုးသားအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းမျှသာ အမျိုးသမီးများ ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ၌ ထို့ထက်ပင် အချိုးအစား နည်းနေသေးသည်။

ထိုမျှမက ယခုနှစ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီးပါဝင်မှုမှာ ၂၀ ရာခိုင်နှုန်းမျှသာရှိသည်။ ပဋိပက္ခကြောင့် အမျိုးသမီးများ အချိုးအစား အဆမတန် ထိခိုက်မှုနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် လိင်အကြမ်းဖက်မှု အန္တရာယ် မြင့်မားနေသည်ကို စဉ်းစားမည်ဆိုပါက ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများတွင် အမျိုးသမီးများတန်းတူ ပါဝင်နိုင်ရေးမှာ အရေးပါလျက်ရှိသည်။

မူဝါဒနှင့် ဆုံးဖြတ်ချက် ချမှတ်သူအများစုကြီးမှာ အမျိုးသားများဖြစ်သဖြင့် မူဝါဒ၊ ဥပဒေရေးရာနှင့် ဘတ်ဂျက် ခွဲဝေမှုများတွင် ကျားမခွဲခြားသော ဘက်လိုက်မှုများ အမြဲပါရှိပေမည်။ မြန်မာနိုင်ငံရှိ အမျိုးသားများသည် အများပြည်သူ အသုံးစရိတ်ကို သုံးစွဲရာ၌ မော်တော်ကားလမ်းများကဲ့သို့ အခြေခံအဆောက်အအုံများအတွက် အလေးပေးတတ်ပြီး အမျိုးသမီးများက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့သော လူမှုဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးကို ပိုမိုထောက်ခံကြောင်း၂၀၁၆ ခုတွင် Oxfam မှထုတ်ဝေသော “A Case for Gender-Responsive Budgeting in Myanmar” စာတမ်းအနှစ်ချုပ်တွင်  ဖော်ပြသည်။

ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ မြန်မာနိုင်ငံ၏ အသုံးစရိတ်က “အလွန်အမင်းကျဆင်း” နေသည်။ အမှန်စင်စစ် ၂၀၁၇ – ၁၈ ခုနှစ် အမျိုးသားဘတ်ဂျက်၏ ၈ ဒသမ ၅ ရာခိုင်နှုန်းခန့်ကိုသာ ပညာရေးအတွက် ခွဲဝေလျာထားခဲ့သည်။ နိုင်ငံများသည် အနည်းဆုံး ရာခိုင်နှုန်း ၂၀ ရင်းနှီးမြှုပ်နှံကြရန် ယူနက်စကိုက အကြံပြုထားသည်။ သို့ရာတွင် ပညာရေး အသုံးစရိတ်ကို မြှင့်တင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပေးထားသော ကတိကဝတ်ကို ဖြည့်ဆည်းရန် စတင်ဆောင်ရွက်လာပြီဖြစ်သည်။

ကျားမရေးရာ အလေးပေး ဘတ်ဂျက်ရေးဆွဲရာ၌ နောက်ကျကျန်နေသည်မှာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပေ။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင် ၃၄ နိုင်ငံအနက် ကျားမရေးရာ အလေးပေးဘတ်ဂျက်ကို စတင်ဆောင်ရွက်သောနိုင်ငံမှာ ထက်ဝက်ပင်မရှိချေ။ သြစတြေးလျ၊ ကနေဒါနှင့် ပြင်သစ်တို့ အပါအဝင် စီးပွားရေးအရ အတိုးတက်ဆုံး နိုင်ငံအချို့မှာပင် ကျားမရေးရာ အလေးပေးဘတ်ဂျက်ကို ရေးဆွဲခြင်းမရှိသေးပေ။ အမှန်စင်စစ် ဤသို့သော အကြီးစားဘတ်ဂျက် ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်မှာ  နိုင်ငံရေးအရ စိတ်အားထက်သန်မှု၊ နည်းပညာကျွမ်းကျင်မှုနှင့် ပြည်သူတို့၏ စိတ်ပါဝင်စားမှုတို့ ရရှိရန်လိုအပ်သည်။

မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အတားအဆီးတစ်ခုမှာ ဘဏ္ဍာရေး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကိုယ်နှိုက်က စွမ်းဆောင်ရည်မပြည့်၊ ခေတ်မမီတော့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘတ်ဂျက်ရေးဆွဲမှုနည်းစဉ်သည် ဘဏ္ဍာရေးထိန်းချုပ်မှုအပေါ် လုံးဝနီးပါး အမှီပြုနေကြောင်းနှင့် မူဝါဒအခြေပြု ဘတ်ဂျက်ရေးဆွဲမှုနှင့် ထိရောက်စွာ ဝန်ဆောင်မှုပေးခြင်း မရှိကြောင်း၊ သို့မဟုတ် အလေးဂရုမပြုကြောင်း အာရှဖောင်ဒေးရှင်းက ထုတ်ပြန်သော ၂၀၁၄ ခုအစီအစဉ် အကျဉ်းချုပ်အစီရင်ခံစာ၌ ဖော်ပြသည်။ မဲဆန္ဒရှင်တို့၏ လိုအပ်ချက်များကို သိရှိနိုင်စေရန် သုတေသနနှင့် ဆက်သွယ်မှုများမှာ မရှိသလောက်ဖြစ်သည်။ ကျားမကွဲပြားမှုကဲ့သို့သော လူဦးရေအမျိုးအစား အမျိုးမျိုးကွဲပြားမှုအရ လိုအပ်ချက်များကို အသိနည်းသည်။

သို့ဖြစ်ရာ ပိုမိုကောင်းမွန်သော ကိန်းဂဏန်းအချက်အလက်များ ကောက်ယူရန် အထူးသဖြင့် ကျားမသီးခြားခွဲ၍ ကိန်းဂဏန်း ကောက်ယူရန်နှင့် အမျိုးသမီးနှင့် အမျိုးသားတို့၏ မတူခြားနားသော ဦးစားပေးမှုတို့ကို နားလည်မှုရှိရန် အရေးကြီးပေသည်။ နှစ်ပေါင်း ၃၀ အတွင်း ပထမအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် အမျိုးသားသန်းခေါင်စာရင်း အပြီးသတ် ကောက်ယူခဲ့ခြင်းဖြင့် အမျိုးသားအစိုးရသည် ယင်းနယ်ပယ်၌  တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် ဗဟိုချုပ်ကိုင်မှုကို လျှော့ချနေသဖြင့် အမျိုးသားအဆင့်အောက်ရှိ အစိုးရများက အထောက်အထားအခြေပြု မူဝါဒရေးဆွဲပြီး ပြည်သူ့ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်ရာတွင် အမျိုးသားအစိုးရက အထောက်အကူပေးသင့်သည်။ ယင်းလုပ်ငန်းတွင် ဒေသန္တရအုပ်ချုပ်မှုအတွက် မူဝါဒရေးဆွဲရန် ဒေသန္တရအဆင့်ရှိ နိုင်ငံသားများထံမှ သတင်းအချက်အလက်များ ကောက်ယူသည့်လုပ်ငန်း ပါဝင်သည်။ ဘတ်ဂျက်ရေးဆွဲရာတွင် ပိုမို၍ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူ ပိုမိုသိရှိအောင် ဆောင်ရွက်ရေးသည် ဘတ်ဂျက်ခွဲဝေနေရာချထားရေးနှင့်ပတ်သက်၍ အများပြည်သူ ပါဝင်လာအောင် ဆောင်ရွက်ရာတွင် အရေးပါသည်။

ထို့အပြင် ပြည်သူ့ရုံး (အထူးသဖြင့် ဘတ်ဂျက်ကော်မတီ) တွင် အမျိုးသမီးများ ပိုမိုရွေးချယ်ခန့်ထားရေးသည် ကျားမရေးရာ အလေးပေး ဆုံးဖြတ်ချက်ချမှတ်ရာ၌ အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ပြည်သူ့ရုံးတွင် လုပ်ငန်းများအောင်မြင်ရေးအတွက် အမျိုးသားများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ရေးကိုလည်း မျက်ခြည်မပြတ်သင့်ပေ။

ကျားမရေးရာ အလေးပေး၍ ဘတ်ဂျက်ရေးဆွဲရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှည်လျားပြီး အကွေ့အကောက် များသော်လည်း မြန်မာနိုင်ငံ လျှောက်လှမ်းရမည့်လမ်းဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်မှုအတွက် ကိုယ်စားပြုရမည့်သူအားလုံး၏ အမျိုးမျိုးသော ဘဝအတွေ့အကြုံများ လိုအပ်သည်။ ယင်းတို့ထဲတွင် ကျားမ၊ လူမျိုး၊ ဘာသာ၊ သန်စွမ်းသူ/ မသန်စွမ်းသူစသည်ဖြင့် အမျိုးမျိုးပါဝင်သည်။

နိုင်ငံသားများ၊ အထူးသဖြင့် အမျိုးသမီးများကဲ့သို့ လူနည်းစုများ၏အသံကို နားထောင်နိုင်ပါက ပြည်သူ့မူဝါဒသည် နိုင်ငံ့ကောင်းကျိုးအတွက် နက်ရှိုင်းစွာ အကျိုးသက်ရောက်မှု ရှိနိုင်သည်။ ယင်းလမ်းခရီးကို စတင်နိုင်ရေးအတွက် ကျားမရေးရာ အလေးပေးသော ဘတ်ဂျက်ကို စတင်ရေးဆွဲရန်နှင့် အမျိုးသမီးများအတွက် အရေးပါသော ဝန်ဆောင်မှုမျိုး ရရှိစေမည့် အရင်းအမြစ်များကို စတင်ဦးတည်ဆောင်ရွက်ရန်ဖြစ်သည်။ သို့ရာတွင် လူ့အဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုရန်လိုပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.