ကျပ်သိန်း ၃၂,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တော၌ ဖမ်းမိ

ပြီးခဲ့သည့်လများက ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင် မတ် ၇ ရက်နေ့ တစ်နေ့ထဲ၌ ကျပ် သိန်း ၃၂,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို နေရာနှစ်နေရာမှ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာနေ ဆွေဒူလာမိန်(ဘ) အဘူကာဆိန်း၏ နေအိမ်နှင့် ပတ်ဝန်ကျင်အနီးသို့ သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ဆွေဒူလာမိန်အား မတွေ့ရှိရဘဲ ၎င်း၏နေအိမ်နှင့် တစ်အိမ်ကျော်မှ လူနေထိုင်ခြင်း မရှိသည့် ဒေါ်ဇူရာဘီ(ဘ) မာမက်တာလောင်၏ နေအိမ်အတွင်းမှ အနက်ရောင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁,၃၁၆,၂၅ဝ ပြား (ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၂၆,၃၂၅)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းထုတ်ပြန်သည်။

ထိုအတူ ပွင့်ဖြူချောင်းကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက မတ် ၇ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် လမ်းလျှောက်လာသည့် “မင်္သကာဖွယ် ဘင်္ဂါလီ” နှစ်ဦးအား စစ်ဆေးခိုင်းရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့ နှစ်ဦးက ပါလာသည့် ကျောပိုးအိတ်နှစ်လုံးအား ပစ်ချထွက်ပြေးသွားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ထို ကျောပိုးအိတ် နှစ်လုံးအား စစ်ဆေးရာ အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၈၅,ဝဝဝ ပြား (ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၅,၇ဝဝ) အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအရှေ့ပိုင်း ရွှေတြိဂံဒေသမှ ထွက်ရှိသည့် စိတ်ကြွဆေးနှင့် မူးယစ်ဆေးဝါးများအား တောင်အာရှဒေသသို့ ပို့ဆောင်ရာတွင် မငြိမ်မသက်မှုများ ရှိနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဖြတ်ကာ ဘင်္ဂလားဒေရှ့်မှတစ်ဆင့် တင်ပို့လေ့ရှိကြသည်။ ထို့ပြင် ဘင်္ဂလားဒေရှ့် လူငယ်များအကြားတွင် စိတ်ကြွဆေးသုံးစွဲမှု များပြားလာသောကြောင့် စိတ်ကြွဆေးများကို အမြောက်အများ ထုတ်လုပ်တင်ပို့နေကြသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဘင်္ဂလားဒေရှ့်၏ နယ်စပ်ခရိုင်ဖြစ်သည့် ကော့ဘဇာဒေသသို့ ရေကြောင်းနှင့် ကုန်းကြောင်းတို့မှတစ်ဆင့် မှောင်ခိုတင်သွင်းရန် ကြိုးစားခဲ့ကြသည့် စိတ်ကြွဆေးပြား သန်းပေါင်းများစွာကို ဘင်္ဂလားဒေရှ့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အစောပိုင်းကလည်း စိတ်ကြွဆေးပြား နှစ်သန်းနှင့်အတူ မြန်မာစစ်သားနှစ်ဦးကို မောင်တောတွင် ဖမ်းဆီးရမိခဲ့သေးသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံထဲသို့ စိတ်ကြွဆေးပြားရှစ်သိန်း ခိုးသွင်းရန် ကြိုးစားကြသည့် ရိုဟင်ဂျာအမျိုးသားသုံးဦးနဲ့ ဘင်္ဂလားဒေရှ့်တစ်ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့တွင် ဘင်္ဂလားဒေရှ့် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar