ကျပ်သိန်းပေါင်း လေးသိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ပင်လယ်ထဲ၌ ဖမ်းမိ

ကျပ်သိန်းပေါင်း လေးသိန်းကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို တပ်မတော်ရေတပ်က မြန်မာ့ပင်လယ်ပြင်အတွင်း၌ မတ် ၂၄ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က ပြောကြားသည်။

အဆိုပါမူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် စက်လှေအား တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး ဇာဒက်ကြီးကျွန်း၏ အနောက်မြောက်ဘက်ရေမိုင် ၅၂ မိုင်ခန့်အကွာ၌ တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက အဆိုပါ မသင်္ကာဖွယ် စက်လှေအား ခေါ်ယူစစ်ဆေးခဲ့ရာ “ICE မူးယစ်ဆေးဝါး တစ်ထုပ်လျှင် ၁ ကီလိုဂရမ်ပါ အထုပ် ၁,၇၃၇ ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း လေးသိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်” ဟု ဖော်ပြထားသည်။

အဆိုပါလှေပေါ်တွင် ပါရှိသည့် အမျိုးသားခုနစ်ဦးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။ တပ်မတော်၏ ထုတ်ပြန်ချက်အရ အဆိုပါစက်လှေမှာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆတ်သွားကျေးရွာအနီးမှ ထွက်ခွာလာခြင်းဖြစ်သည်ဟုဆိုသည်။

၂၀၁၅ ခုနှစ်အတွင်းကလည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီးတွင် ကျပ်သိန်း ၅၇,၀၀၀ ခန့်တန်ဖိုးရှိသည့် ICE မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။

ရှမ်းပြည်နယ်သည် မီသိုင်းအမ်ဖက်တမင်း ပုံဆောင်ခဲ (ICE) ထုတ်လုပ်မှုတွင် ကမ္ဘာပေါ်၌ အကြီးဆုံးဗဟိုချက်ဖြစ်နေသည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင် International Crisis Group က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် မဲခေါင်ဒေသတွင်း ICE ပုံဆောင်ခဲ ၂၅ တန်ကျော် ဖမ်းဆီးရမိခဲ့ရာ အားလုံးနီးပါးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်သည်ဟု ICE က ယုံကြည်ထားသည်။ သို့သော် ဖမ်းဆီးရမိမှုမှာ ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်း အောက်တွင်သာရှိမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

တစ်ဂရမ်ချင်းဆိုပါက မက်တာဖက်တမင်းအခဲမှာ ဘိန်းဖြူထက်ပင် ပို၍တန်ဘိုးကြီးမားသည်။ မဲခေါင်မူးယစ်ဆေးဝါး ကုန်သွယ်မှုတန်ဘိုးမှာ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ဘီလျံ ၄ဝ ကျော်ရှိပြီး ဆက်လက်မြင့်တက်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar