မကွေး၊ ဧပြီ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရ အပြောင်းအလဲတွင် ကျပ် ခုနစ်ဘီလျံကျော်နှင့်အတူ စာရင်းပျောက်နေခဲ့သည့် မော်တော်ယာဉ်များကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနှင့် ၎င်း၏အဖွဲ့က မကွေးတိုင်းဒေသကြီး အစိုးရထံ ဧပြီ ၂၉ ရက်နေ့က အပ်နှံခဲ့သည်။
မကွေးအစိုးရက ပြန်လည်ရရှိသည့် မော်တော်ယာဉ် အနည်းဆုံး လေးစင်းနှင့် ဘက်ဟိုးယာဉ်တစ်စင်းကို လက်ရှိ မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ နေအိမ်ဝင်းအတွင်း လက်ခံထိန်းသိမ်းထားသည်။
အဆိုပါယာဉ်များကို ပြန်လည်အပ်နှံမည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနှင့်အတူ လက်မှတ်ရေးထိုး ကတိကဝတ်ပြုကာ အကြောင်းကြားစာ ပေးပို့ခဲ့သည့် ရွှေသုခ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းက လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာအောင်မိုးညိုက Frontier ကို အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါမော်တော်ယာဉ်များကို ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထားအပ်နှံမည်ဟု ဦးဘုန်းမော်ရွှေနှင့် ဦးကြည်ထွန်းတို့က ဒေါက်တာအောင်မိုးညိုထံ စာရေးသားကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ပြန်လည်အပ်နှံထားသည့် မော်တော်ယာဉ်အချို့။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)
မကွေးတိုင်းအစိုးရ အပြောင်းအလဲကာလတွင် ကျပ် ခုနစ်ဘီလျံကျော်နှင့်အတူ အဆိုပါယာဉ်များ စာရင်းပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး ဒါဇင်နှင့်ချီသော မျက်မြင်သက်သေများ၊ ပါဝင်ပတ်သက်သူများကို ပြည်ထဲရေးနှင့် အထူးစုံစမ်း စစ်ဆေးရေး (စသုံးလုံး)တို့က လပေါင်းများစွာ စစ်ဆေးခဲ့ပြီးနောက် အဆိုပါ ယာဉ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ လှူဒါန်းခဲ့ကြောင်း စုံစမ်းစစ်ဆေးမှု ရလာဒ်များကို အခြေခံပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အစိုးရအရာရှိများဘက်က စွပ်စွဲသလို အဆိုပါအရှုပ်တော်ပုံနှင့် ပတ်သက်သည့် ငွေကြေးနှင့် ပစ္စည်းများ ၎င်းတို့ထံ ရောက်မလာခဲ့ဟု ပြည်ခိုင်ဖြိုးပါတီက တုံ့ပြန်ခဲ့ပြီး ပါတီအပေါ် စွပ်စွဲပြောဆိုမှုများကို ဥပေဒေကြောင်းအရ တုံ့ပြန်မည်ဟုလည်း ပြည်ခိုင်ဖြိုးက သတင်းထုတ်ပြန်ခဲ့သည်။
သတင်း-ထွန်းခိုင်