ကုန်သည်/စက်မှုအသင်းချုပ်ရွေးကောက်ပွဲက ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းအား ဥက္ကဋ္ဌအဖြစ် တင်မြှောက်

ကျော်ဖုန်းကျော် ရေးသားသည်။

နိုင်ငံရေးလောကတွင် အထွေထွေရွေးကောက်ပွဲကဲ့သို့ စီးပွားရေးလောကတွင် အရေးပါသော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ရွေးကောက်ပွဲအား ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့ရာ လက်ရှိ ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းအား ဥက္က၏အဖြစ် ပြိုင်ဘက်မရှိ တင်မြှောက်ခဲ့ကြသည်။

၎င်းသည် ကုန်သည်/စက်မှုအသင်းချုပ်တွင် ၁၉၉၀ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ဒုဥက္ကဋ္ဌ ရာထူးတွင် ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို မြန်မာ့စက်မှုလုပ်ငန်းအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ယခုရွေးကောက်ပွဲသည် ယင်းအသင်း၏ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲဖြစ်ပြီး အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့သည့် ၁၉၉၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တည်ဆဲအစိုးရများက ယင်းတို့နှင့် နီးစပ်သူများ ကို သာနေရာပေးခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အသင်းအဖွဲ့စည်းမျဉ်းကို ပြဌာန်းပြီး ယင်းစည်းမျဉ်းပါ နည်းလမ်းအတိုင်း ရွေးကောက်ပွဲကို ကျင်းပခဲ့ရာ ထိုအချိန်က ဥက္ကဋ္ဌတာဝန်ယူထားသူ ဦးဝင်းအောင်ကိုသာ ထပ်မံ၍ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခဲ့ပြီး အငြင်းပွားမှုများလည်း ရှိခဲ့သည်။

ယခုအကြိမ်တွင် ဦးဝင်းအောင်က ဝင်ရောက် မပြိုင်တော့ပဲ ဦးဇော်မင်းဝင်း တစ်ဦးတည်းကသာ ဥက္ကဋ္ဌရာထူးအတွက် အဆိုပြုခဲ့သဖြင့် ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။

“ဒုဥက္ကဌအဖြစ် ရွေးကောက်ခံတဲသူတွေထဲမှာ ကျွန်တော့်ထက်တော်တဲ့သူတွေ၊ လူငယ်တွေပါပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ရွေးကောက်တာက ကျွန်တော့်ကို လေးစားကြလို့လို့ ယုံကြည်ပါတယ်။ နောက်ပြီး ကျွန်တော်က အခြားသူတွေထက် ဒီမှာ အချိန်ပိုပေးပြီး လုပ်နိုင်လို့ ရွေးကောက်တင်မြှောက်တာလို့ လည်းထင်ပါတယ်” ဟု ဦးဇော်မင်းဝင်းက ၎င်းရွေးကောက် တင်မြှောက်ခံရပြီးနောက် Frontier ကိုပြောသည်။

ဒုဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ခံရသူ ဦးလှမောင်ရွှေက “သူက အတွေ့အကြုံလဲ အများကြီး ရှိသလို၊ စီးပွားရေးလုပ်ငန်းတွေ အများကြီးမရှိတဲ့အတွက် အကျိုးစီးပွားရှုပ်ထွေးမှု သိပ်မရှိနိုင်ဘူး။ အဲ့အတွက်သူက ဒီနေရာအတွက် ဆီလျော်ပါတယ်” ဟု မှတ်ချက်ပြုသည်။

သို့သော် ရွေးကောက်ပွဲနေ့တွင် တက်ရောက်လာသော အမည်မဖော်လိုသည့်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကမူ “ရွေးကောက်ပွဲထက်စာရင် ဂိုဏ်းနှစ်ဂိုဏ်း ချိန်းရိုက်ကြတဲ့ပွဲလိုမျိုး ဖြစ်သွားတယ်။ အခုတစ်ဖွဲ့က ရှုံးသွားတာပေါ့” ဟု ဆိုသည်။

ရွေးကောက်ပွဲပြုလုပ်သည့်နေ့တွင် အသင်းချုပ်အဆောက်အဦး အဝင်တွင် မတူညီသော လူ ၇၀ စီ ပါဝင်သည့် အဖွဲ့နှစ်ဖွဲ့၏ မဲဆွယ်စာရွက်များကို ဝေငှနေသည်ကိုလည်း တွေ့ရှိခဲ့ကြရသည်။

အသင်းချုပ်၏ ရာထူးသည် အစိုးရ၏မူဝါဒများအား တရားဝင် ထောက်ပြဝေဖန်ခွင့်ရှိခြင်း၊ ပြည်တွင်း ပြည်ပမှ လာရောက်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွန်ယက်ချဲ့ထွင်နိုင်ခြင်းကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုသူများလည်းရှိသည်။

လက်ရှိ အထွေထွေအတွင်းရေမှူးချုပ်ဖြစ်သူ ဦးမိုးမြင့်ကျော်က “ကျွန်တော်တို့အသင်းချုပ်ဟာ ဆူနာမီလှိုင်းလိုမျိုး လာရောက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံကြရပါတယ်”ဟု ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလိုက ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ပြင် “အသင်းချုပ်က ရာထူးဟာ နိုင်ငံရေးအခန်းကဏ္ဍပုံစံမျိုးတောင် ဖြစ်လာနေပါတယ်”ဟုလည်း ၎င်းကဆိုသည်။

ယခုရွေးကောက်တင်မြှောက်ခံရသော ဗဟိုအလုပ်အမှုဆောင် ၅၈ ဦးတွင် ၃၈ ဦးမှာ လူဟောင်းများ ဖြစ်ကြပြီး ၂၀ ဦးသာ မျက်နှာသစ်ပါဝင်ကာ အမျိုးသမီးနှစ်ဦးသာ ပါဝင်သည်ကိုလည်း တွေ့ရသည်။

အသင်းချုပ်၏ လက်ရှိတွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးအေးလွင်ကလည်း “အခုစီအီးစီ(ဗဟိုအလုပ်အမှုဆောင်)ဖြစ်သွားတာ အများစုက အမ်အိုင်အေ(မြန်မာစက်မှုလုပ်ငန်း အသင်း)က သူတွေအများစု ဖြစ်နေတာတွေ့ရတယ်။ အမှန်ကအသင်းချုပ်ဆိုတာက လုပ်ငန်းကဏ္ဍ အားလုံးကိုယ်စား အကျိုးသယ်ပိုးရတာဖြစ်တဲ့အတွက် ကဏ္ဍစုံကလူတွေ ပါဝင်သင့်တယ်” ဟု ၎င်းက ဆိုသည်။

ကုန်သည်/စက်မှုအသင်းချုပ်၏ ရွေးကောက်ပွဲအား ကျင်းပနေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကုန်သည်/စက်မှုအသင်းချုပ်၏ ရွေးကောက်ပွဲအား ကျင်းပနေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဗဟိုအလုပ်အမှုဆောင်စာရင်း ပေါ်ထွက်လာပြီးနောက် ဥက္ကဋ္ဌအဖြစ် ဝင်ရောက်အရွေးခံမည့်သူများသည် ဦးဇော်မင်းဝင်းအား မနိုင်နိုင်ကြောင်း ကြိုတင်တွက်ဆနိုင်သဖြင့် ဝင်မပြိုင်ကြတော့ရာ ဦးဇော်မင်းဝင်း တစ်ဦးတည်း ပြိုင်ဘက်မရှိ အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“ပုဂ္ဂိုလ်ရေးအရတော့ သူက ကျွန်တော့် အစ်ကိုလိုပါပဲ” ဟု ၎င်းက ဆိုသည်။

သို့သော် ယခုရွေးကောက်ပွဲရလဒ်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြစဉ်က ရှိခဲ့သော အာဃာတပေါ် မူတည်၍ အုပ်စုဖွဲ့ယှဉ်ပြိုင်ပြီး အနိုင်ယူလိုက်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ၎င်းဆက်လက်ပြောကြားသည်။

“အများညီလို ဤကို ကျွဲဖတ်တဲ့ပုံစံပဲ”ဟု ၎င်းကမှတ်ချက်ပေးသည်။

ရွေးကောက်ပွဲရလဒ်ကြေညာချိန်တွင်ရှိနေသည့် လက်ရှိဥက္ကဋ္ဌ ဦးဝင်းအောင်ကလည်း နောင်တက်လာမည့် အသင်းချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် အုပ်စုဖွဲ့သည့်ပြဿနာကို ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း သတင်းထောက်များအားမှတ်ချက်ပေးသည်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းမှာ အဖွဲ့တွေကွဲမနေဘဲ ညီညီညွတ်ညွတ်ရှိရင်တော့ ပိုကောင်းတာပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိရွေးကောက်ပွဲအားကျင်းပသည့် အသင်းအဖွဲ့စည်းမျဉ်းသည် ပြီးခဲ့သည့်ရွေးကောက်ပွဲကာလမှ စတင်၍ ဝေဖန်မှုများခံခဲ့ရသလို၊ ယခုပွဲကိုလည်း ထိုစည်းမျဉ်းအတိုင်း ဆက်လက်ကျင်းပသဖြင့် အားနည်းချက်များရှိသည်ဟု ထောက်ပြသူများရှိနေသည်။

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်၏ အမှုဆောင်ဒါရိုက်တာ ဦးစိုးထွန်းကလည်း “အမှုဆောင်အနေနဲ့ သုံးနှစ်သက်တမ်းတစ်ဆက် တာဝန်ထမ်းဆောင်ပြီးမှ ဗဟိုအလုပ်အမှုဆောင်အဖြစ် လုပ်ခွင့်ရှိတယ်ဆိုတဲ့ စည်းမျဉ်းလိုဟာတွေကြောင့် အရည်အချင်းရှိသူတွေ ပါဝင်ခွင့်ဆုံးရှုံးတာတွေ ဖြစ်နေတယ်”ဟု အသင်းအဖွဲ့စည်းမျဉ်းကို ဝေဖန်ခဲ့သည်။

ဥက္ကဋ္ဌသစ် ဦးဇော်မင်းဝင်းကမူ အဆိုပါစည်းမျဉ်းကို ပြင်ဆင်မည်ဖြစ်ပြီး နိုင်ငံတကာမှ ကုန်သည်/စက်မှုအသင်းဥပဒေများကိုလည်း လေ့လာသွားမည်ဟု ကတိပြုခဲ့သည်။

ကုန်သည်/စက်မှုအသင်းချုပ်၏ စာရင်းဇယားအရ အသင်းသား သုံးသောင်းကျော်ရှိသော်လည်း တာဝန်ရှိသူများ၏ အဆိုအရ အသင်းသား ၁၅,၀၀၀ မှာ လှုပ်ရှားပူးပေါင်းဆောင်ရွက်မှုရှိသည့် အဖွဲ့ဝင် များဖြစ်သည်ဟုဆိုသည်။ သို့သော် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရသူမှာ ၁,၁၃၄ ဦးသာရှိသည်ကို တွေ့ရသည်။

“အမှန်က အဲ့စနစ်ကြီးက အဓိပ္ပါယ်မရှိတာ။ ကျွန်တော်တို့အသင်းသားတွေအနေနဲ့ အသင်းသားဖြစ် ကြောင်း အထောက်အထား ခိုင်ခိုင်မာမာရယ်၊ အသင်းဝင်ကြေးသွင်းတဲ့ အထောက်အထားရယ် ပြနိုင်ရင် ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်ရသင့်တယ်။ အခုဟာက သီးသန့်လာပြီး မဲပေးဖို့ မှတ်ပုံတင်ရ မယ်ဆိုတော့ လူအများကြီးလျော့သွားတယ်။ ကျွန်တော်လဲ သဘောမတူကြောင်းပြချင်လို့ မဲပေးဖို့ မှတ်ပုံမတင်ခဲ့ဘူး”ဟု အသင်းဝင်တစ်ဦးဖြစ်သည့် ဇောတိကအင်တာနေရှင်နယ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်လှိုင်က ပြောသည်။

“မဲပေးဖို့မှတ်ပုံတင်ရတဲ့ လုပ်ငန်းစဉ်ကြောင့် လူအရေအတွက်လျော့သွားသလို၊ ဘယ်သူတွေမဲပေးမလဲ ဆိုတာ  ကြည့်လို့ရသွားတယ်။ ဒီတော့ အခု လူ ၁,၀၀၀ ကျော်ထဲက ၆၀၀ ကို စည်းရုံးနိုင်ရင် ရပြီလေ” ဟု ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိမဲပေးခွင့်ရှိသူစာရင်းအရ တက်ကြွပါဝင်သည့် အသင်းသား စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းနီးပါးသာ မဲပေးခွင့်ရခဲ့ခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.