ကုန်စည်အလိုအလျောက် ရှင်းလင်းရေးစနစ်က အခက်အခဲများ ရှိနေသေးသည်ဟု အကောက်ခွန်ဌာနက ဝန်ခံ

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ၊ သီလဝါဆိပ်ကမ်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် နေရာ ၁၄ ခုတွင် နိုဝင်ဘာ ၁၂ ရက်နေ့က စတင်ကျင့်သုံးနေသည့် ကုန်စည်များ အလိုအလျောက် ရှင်းလင်းရေးစနစ်က အခက်အခဲများ ရှိနေသေးသည်ဟု အကောက်ခွန်ဦးစီးဌာနက ဝန်ခံပြောကြားလိုက်သည်။

ကုန်ပစ္စည်း တင်ပို့သူများနှင့် တင်သွင်းသူများက လက်ရှိကျင့်သုံးနေသည့် အဆိုပါ စနစ်ကြောင့် အဆင်မပြေမှုများရှိနေသဖြင့် ငြိုငြင်မှုများလည်း ရှိနေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်က နိုဝင်ဘာ ၂၉ ရက်နေ့တွင် မီဒီယာများကို ပြောကြားသည်။

“ကုန်သွယ်သူများအနေနဲ့ အခက်အခဲကတော့ လက်ရှိစနစ်နဲ့ အကျွမ်းတဝင်မရှိခြင်း၊ တခါတစ်ရံလည်း ပိုပြီးကြာသလိုထင်ရတဲ့အတွက်ကြောင့်မို့ ဒီလို ဖြစ်တာပါ” ဟု ၎င်းကပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဝန်ခံပါတယ်။ လတ်တလောမှာတော့ သူတို့အနေနဲ့ အခက်အခဲများနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုပေါ့။ ထိုနည်းတူ ကျွန်တော်တို့အနေနဲ့လည်း နည်းပညာပိုင်းဆိုင်ရာ၊ ကျွန်တော်တို့ ဝန်ထမ်းပိုင်းဆိုင်ရာတွင်လည်း အခက်အခဲများ ရှိနေပါသေးတယ်” ဟု ဦးစန်းလွင်က ပြောကြားသည်။

အကောက်ခွန်ဦးစီးဌာန၊ ညွန်ကြားရေးမှုး ဦးဝင်းသန့်ကလည်း မြန်မာနိုင်ငံ၏ တိုးတက်နေသော ကုန်သွယ်မှုများကြောင့် ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်ရေးစနစ် ပေါ်ပေါက်လာရတာဖြစ်သည်ဟု ပြောကြားသည်။

“အဆိုပါစနစ်က manual စနစ်က အလိုအလျောက်စနစ်သို့ ပြောင်းလဲလာရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့အစည်းနဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းတို့၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သောကြောင့် ကုန်သွယ်ရေးတွင် ၎င်းတို့နည်းတူ စံချိန်စံနှုန်း မှီဖို့ရန် လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ဒီစနစ်သည် အလွန်ကောင်းမွန်သော စနစ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီစနစ်နဲ့ပတ်သက်နေသော လူတွေ အကုန်လုံးကိုလည်း ဒီစနစ်ကြီးအောင်မြင်ဖို့ ကျွန်တော်တို့နဲ့ ပူးပေါင်းပါလို့ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် ဒီစနစ်က အစိုးရပိုင်းနဲ့ ပုဂ္ဂလိကဆိုင်ရာ ကုန်သွယ်မှုကို အတူတကွ ယူဆောင်လာနိုင်သော နည်းစနစ်တစ်ခုဖြစ်ပါတယ်” ဟု ဦးဝင်းသန့်ကပြောကြားသည်။

အဆိုပါ ကုန်စည်များ အလိုအလျောက် ရှင်းလင်းရေးစနစ်ကို ရန်ကုန်မြို့တွင် ကောင်းမွန်စွာ အခြေချပြီးပါက နယ်စပ်ဒေသများတွင် ၂၀၁၈ ခုနှစ်၌ စတင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ လာမည့်နှစ်တွင် မြဝတီ၌ အဆိုပါစနစ်နှင့် ပတ်သက်ပြီး စစ်တမ်းတစ်ခု ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

အဆိုပါစနစ်ကို ဂျပန်နိုင်ငံက နည်းပညာနှင့် ငွေကြေး ကူညီထောက်ပံ့မှုဖြင့် ၂၀၁၃ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့သည်ဟု သိရသည်။ ယခုဖြစ်ပေါ်နေသည့် အခက်အခဲများကိုလည်း ဂျပန်နိုင်ငံမှ ပညာရှင်များဖြင့် ဆွေးနွေးကာ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.