ကိုယ်ပိုင်မဲဆန္ဒနယ်သို့ နေပြည်တော်မှ လေယာဉ်ပြေးဆွဲပေးရန် အမတ်တဦး တောင်းဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမတ် ဦးစတီဖန်က ၎င်း၏မဲဆန္ဒနယ်ဖြစ်သည့် ကျိုင်းတုံမြို့သို့ နေပြည်တော်မှ လေယာဉ်ပြေးဆွဲပေးရန် လွှတ်တော်တွင် တောင်းဆိုလိုက်သည်။

နေပြည်တော်မှ ကျိုင်းတုံသို့ တစ်ပတ်လ ျှင် တစ်ကြိမ်ခန့် အသွားအပြန် ပြေးဆွဲပေးနိုင်ခြင်း ရှိ၊ မရှိ ကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းက မေးမြန်းလိုက်ခြင်းဖြစ်သည်။

“မြို့နယ်မှာရှိတဲ့ ဝန်ထမ်းတွေအပြင်၊ တပ်မတော်အရာရှိ၊ အရာခံများသည်လည်း နေပြည်တော်သို့ မကြာခဏ အစည်းဝေးတက်ရောက်ခြင်း၊ သင်တန်းတက်ရောက်ခြင်း စသည်များကို မကြာခဏ လာရောက်နေရပါတယ်” ဟု ဦးစတီဖန်က အကြောင်းပြသခဲ့သည်။

လေယဉ်ာခရီးစဉ်မရှိသည့်အတွက် ကျိုင်းတုံမှ ဟဲဟိုး၊ တံတားဦးလေဆိပ်၊ မင်္ဂလာဒုံလေဆိပ်များမှတဆင့် အဝေးပြေးကားဂိတ်သို့သွားကာ ထိုမှ အဝေးပြေးကား ထပ်မံစီး၍ နေပြည်တော်ကို ထပ်ဆင့်လာနေရသည့်အတွက် ပင်ပန်းသည်ဟု ၎င်းက ဆိုသည်။

ယခင်က နေပြည်တော်မှ ကျိုင်းတုံသို့ ပြေးဆွဲသည့် လေကြောင်းလိုင်းရှိသည်ဟုဆိုပြီး ယခုအခါ မရှိတော့သည့်အတွက် “ညလုံးပေါက် ကားတွေ စီးရတဲ့အတွက်၊ ခရီးပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကျန်းမာရေး ချို့ယွင်းခြင်းတွေနဲ့ ကြုံတွေ့နေရပါတယ်” ဟု ဦးစတီဖန်ဆိုသည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း အခြားဝန်ထမ်းများနည်းတူ ဒုက္ခပေါင်းများစွာနဲ့ ကြုံတွေ့ပြီးတော့မှ နေပြည်တော်ကို လာရောက်ပြီး အစည်းဝေး တက်ရောက်နေရပါတယ်။ ကျွန်တော်တို့နည်းတူ၊ အလွန်လှပတဲ့နေပြည်တော်ကြီးကို လာရောက် လည်ပတ်လိုတဲ့ ပြည်သူများရှိပါတယ်” ဟု ဦးစတီဖန်က လွှတ်တော်တွင် ပြောကြားသည်။

လက်ရှိတွင် နိုင်ငံတော်ပိုင် လေကြောင်းလိုင်း တစ်လိုင်းနှင့် ပုဂ္ဂလိက လေကြောင်းလိုင်း ကိုးလိုင်း၊ စုစုပေါင်း ၁၀ လိုင်း ရှိပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် နေပြည်တော်-ကျိုင်းတုံသို့ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ နှစ်ကုန်ပိုင်းထိ တပတ်လျင် နှစ်ရက် ပြေးဆွဲခဲ့သည်ဟု ဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။

သို့ရာတွင် အဆိုပါခရီးစဉ်တစ်ခေါက်တွင် ခရီသည် ၁၀ ဦးမှ ၁၅ ဦးခန့်သာရှိရာ စီးပွားရေးအရ တွက်ခြေမကိုက်သည့်အတွက် ရပ်နားခဲ့ရသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့သည်။

“မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် ပြုပြင်မှုများ၊ အဆင့်မြှင့်တင်မှုများနှင့် ရင်းနှီးမြှုပ်နှံများများစွာ ပြုလုပ်ထားရသဖြင့် လောလောဆယ် အသုံးစရိတ်များပြီး ဝင်ငွေနှင့် မမျှတသေးပါသဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်သည့်ခရီးများ ပြေးဆွဲခြင်းမရှိဘဲ ရပ်ဆိုင်း ထားရပါတယ်” ဟု ၎င်းကဆိုသည်။

“ယင်းအတွက်ကြောင့် လောလောဆယ်တွင် ပြေးဆွဲရန်အစီအစဉ် မရှိသေးပါ” ဟု ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar