ရန်ကုန်၊ မတ် ၉
မဘသအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် ကိုဆွေဝင်းကို အမှုဖွင့်တိုင်ကြားထားသည့် မန္တလေးမြို့မှ တရားလိုက အမှုကို ပြန်လည်ရုပ်သိမ်းရန် စဉ်းစားနေသည်ဟု ထုတ်ဖော်ပြောကြားသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ဦးဝီရသူ၏ တပည့်အရင်းဟုဆိုသူ အသက် ၄၀ အရွယ် တရားလို ဦးကျော်မျိုးရွှေက ၎င်း၏ အသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူ၏ မေတ္တာရပ်ခံချက်ကြောင့် ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ထားခြင်းကို ရုပ်သိမ်းရန် စဉ်းစားနေခြင်းဖြစ်သည်ဟု Frontier ကို မတ် ၉ ရက်နေ့က ပြောသည်။
သို့သော် အမှုဖွင့်ခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ မိခင်ကို နားချနေသည်ဟုလည်း ၎င်းကဆိုသည်။
“ကျွန်တာ်လုပ်နေတာ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် တကယ်လိုအပ်လို့ လုပ်နေတာပါလို့ မိခင်ကြီးကို နားချလို့ ရရင်တော့ ကျွန်တော် အမှုမပိတ်ဘူးဗျ” ဟု ဦးကျော်မျိုးရွှေက ပြောသည်။
ကိုဆွေဝင်းအား တရားစွဲဆိုရန် ဦးဝီရသူ၏ ခွင့်ပြုချက်ရရှိထားသကဲ့သို့ပင် အမှု ပြန်ရုပ်သိမ်းရန်လည်း ဦးဝီရသူထံမှ ခွင့်ပြုချက် ရထားသည်ဟု ၎င်းကပြောသည်။
ကိုဆွေဝင်းကိုတိုင်ကြားမှုအား ရုပ်သိမ်းနိုင်မည့်နည်းလမ်းကို အမှုဖွင့်ထားသည့် မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်းသို့ ဦးကျော်မျိုးရွှေ လာရောက်မေးမြန်းခဲ့ကြောင်း စခန်းမှူးက အတည် ပြုသော်လည်း အမှုရုပ်သိမ်းခွင့်အတွက် ရဲတပ်ဖွဲ့တွင် လုပ်ပိုင်ခွင့်မရှိဟု ဆိုသည်။
“ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာ အမှုကိုဖွင့်ပြီးရင် ပိတ်လို့တော့ မရဘူးပေါ့။ ပိတ်ချင်ရင် တရားရုံးမှာဘဲ ပိတ်ရမှာ” ဟု စခန်းမှူး ရဲအုပ်ကျော်သူက ရဲလုပ်ငန်းစဉ်ကို ရှင်းပြသည်။
အမှုပိတ်သိမ်းရန်အတွက် နည်းလမ်းတစ်ခုအဖြစ် အမှုဖွင့်ရသည့်အကြောင်းအရင်းနှင့် ရုပ်သိမ်းရသည့် အကြောင်းရင်းကို စာရေးသားပြီး ရဲစခန်းသို့ အကြောင်းကြားသည့်နည်းလမ်းကို အသုံးပြုရန် ဦးကျော်မျိုးရွှေကို အကြောင်းကြားခဲ့သည်ဟု ရဲအုပ်ကျော်သူက ပြောသည်။
အမှုဖွင့်တိုင်ကြားခံထားရသူ ကိုဆွေဝင်းကမူ ၎င်းထံ တရားဝင်အကြောင်းကြားမှု တစ်စုံတရာ မရောက်ရှိသေး သည့်အတွက် မှတ်ချက်ပေးရန် ခက်ခဲသည်ဟု ဆိုသည်။
“သူတို့ ဆက်ဆွဲမယ်ဆိုလည်း ဥပဒေအတိုင်း ဆက်ရင်ဆိုင်ဖို့ပဲ ရှိတယ်။ ကျွန်တော်ဘက်ကတော့ သူတို့အပေါ်မှာ အရင်ကတည်းက တုံ့ပြန်ဖို့မရှိသလို နောင်လည်း တုံ့ပြန်ဖို့မရှိပါဘူး”ဟု ကိုဆွေဝင်းက Facebook မှတဆင့် သတင်းထောက်များ၏ မေးမြန်းမှုကို မတ် ၉ ရက်နေ့က တုန့်ပြန်ထားသည်။
ရန်ကုန်မြို့လယ်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုကို လူ့အခွင့်အရေး ကော်မရှင်က လစ်လျှူရှုနေမှု၊ ရဲဘက်စခန်းများတွင် အကျဉ်းသားကို ညှန်းပန်းနှိပ်စက်မှုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေပညာရှင် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုတို့နှင့် ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့သည့် ကိုဆွေဝင်းမှာ မူဆလင်များအား မုန်းတီးရေး အပါအဝင် အကဲဆတ်သည့် ဝေဖန်ချက်များ မကြာခဏပြုလုပ်နေသည့် ဦးဝီရသူကို ဝေဖန်မှုဖြင့် မတ် ၇ ရက်တွင် အမှုဖွင့် တိုင်ကြားခံရြခင်း ဖြစ်သည်။
“အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိပေး”ဆိုသည့် Myanmar Now က ရေးသားထားသော သတင်းကို Ba Kaung အမည်ဖြင့် Facebook သုံးစွဲသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက လူမှုကွန်ယက်တွင် မျှဝေခြင်းနှင့် ပတ်သက်ပြီး အရေးယူပေးရန်ဟု တိုင်ကြားချက်တွင် ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ သတင်းကို ကိုဆွေဝင်းက “ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး”ဟု ထပ်ဆင့်ရေးသား မျှဝေခဲ့ခြင်းကို တရားစွဲဆိုသူများက ထည့်သွင်း တိုင်ကြားခဲ့သည်။
အဆိုပါသတင်းသည်”ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်” ဟု ရှေ့နေကြီး ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ သုံးဦးအား ရည်ညွှန်းရေးသားထားသည့် ဦးဝီရသူ၏ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် Facebook ပေါ်မှ ရေးသားချက်ကို ပြန်လည်ကိုးကား ရေးသားထားခြင်း ဖြစ်သည်။
အမှုဖွင့်မခံရမီ ဦးဝီရသူဘက်က ခုနစ်ရက်အတွင်းတောင်းပန်ရန် ကမ်းလှမ်းချက်ကို မတ် ၈ ရက်နေ့က Myanmar Now ရုံးခန်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကိုဆွေဝင်းက ပယ်ချလိုက်ပြီး လူသတ်ဝါဒကို အားပေးသည့် ဦးဝီရသူကို တောင်းပန်ရန် အကြောင်းအရင်းမရှိဟုလည်း တုန့်ပြန်ခဲ့သည်။
သတင်း-ထွန်းခိုင်