မြန်မာနိုင်ငံတွင် ကလေးသူငယ် ငါးဦးတွင်တစ်ဦးမှာအလုပ်လုပ်နေကြရပြီး တစ်နိုင်ငံလုံးတွင် ကလေးသူငယ် အလုပ်သမား စုစုပေါင်း တစ်သန်းခွဲကျော်ရှိနေကြောင်း ကုလသမဂ္ဂက ကလေးသူငယ် ရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ကမ္ဘာ့ကလေးအလုပ်သမားစေခိုင်းမှုဆန့်ကျင်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယူနီဆက်ဖ်က ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းပါ အချက်အလက်များကို ကိုးကား၍ ထိုသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းနေအရွယ်ကလေးထက်ဝက်သည် ကျောင်းမှနှုတ်ထွက်နေကြရကာ အများစုမှာ မိသားစုစားဝတ်နေရေးအခြေအနေကြောင့် လုပ်ငန်းခွင်သို့ တွန်းပို့ခံနေရကြောင်းလည်း ၎င်းတို့ကဆိုထားသည်။
ကလေးအချို့ဆိုလျှင် အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင်အလုပ်လုပ်ရန် အတင်းအဓမ္မစေခိုင်းခြင်း ခံနေရသည်ဟုလည်း ယူနီဆက်က ပြောကြားထားသည်။
“ကလေးအလုပ်သမားစေခိုင်းမှုသည် လုပ်ငန်းခွင်အမျိုးမျိုးတွင်ဖြစ်နိုင်ပြီး အထူးသဖြင့် ကျေးလက်နှင့် တရားဝင်မဟုတ်သော စီးပွားရေးလုပ်ငန်းများတွင် ဖြစ်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မည်သည့်လုပ်ငန်းတွင်မဆို ကလေးအလုပ်သမားပပျောက်စေရန်၊ ကလေးသူငယ်များအား ဆိုးရွားသော လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်စေခြင်းကို တားမြစ်ရန်နှင့် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထံ ယူနီဆက်က ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။
ထို့ပြင် လက်ရှိအစိုးရ၏ ‘လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်’တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် ငွေကြေးအထောက်အပံ့များနှင့် နိုင်ငံအနှံ့ တွင် ကျွမ်းကျင်သော လူမှုရေးလုပ်သားပေါင်း ၆,၀၀၀ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဟူသည့် စီမံချက်များပါဝင်သဖြင့် ထိုကိစ္စကို အမှန်အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ၎င်းတို့က တိုက်တွန်းထားသည်။
သို့မှသာ “စီးပွားရေးအခြေအနေအရ ကလေးသူငယ်များအား လုပ်ငန်းခွင်တွင် အလုပ်ခိုင်းစေရခြင်း နည်းပါးသွားမည်”ဟု ယူနီဆက်ကဆိုသည်။
ထို့ပြင် မည်သည့်အခြေအနေမျိုးမဆို ကလေးသူငယ်များအား လုပ်ငန်းခွင်ဝင်စေခြင်းမှ ကာကွယ် တားဆီးခြင်း၊ ဆင်းရဲမွဲတေမှုကို ဖြေရှင်းခြင်းနှင့် ကလေးသူငယ်များအားအရည်အသွေးပြည့်မှီသော ပညာရေးကို လက်လှမ်းမှီစေရန် ဆောင်ရွက်ပေးသော နည်းလမ်းများကိုလည်း ကျင့်သုံးသင့်သည်ဟု အစိုးရကို ယူနီဆက်ကထောက်ပြထားသည်။
သတင်း- ကျော်ဖုန်းကျော်