ကချင်ပြည်နယ်၊ ဆော့လော်တွင် ဆန်ပြတ်လတ်ကာ ဆန်တစ်အိတ် ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်

တပ်မတော်က စောင့်ကြပ်နေသည့် လုံခြုံရေးဂိတ်များကို ဖြတ်သန်းကာ ဆော့လော်မြို့သို့ သွားရောက်ပါက ကားတစ်စီးတွင် ယခင်က ဆန်သုံးအိတ်နှင့် ဆီငါးပိဿာ သယ်ယူခွင့်ပြုခဲ့သော်လည်း လွန်ခဲ့သည့် သုံးလခန့်မှစတင်ကာ ကားတစ်စီးလျှင် ဆန်တစ်အိတ်နှင့် ဆီသုံးပိဿာကိုသာ လုံခြုံရေးဂိတ်များက ခွင့်ပြုတော့သည်

ဟိန်းကိုစိုး ရေးသားသည်။

နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ ဆော့လော်ဒေသတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် လုံခြုံရေးအခြေအနေကြောင့်  စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးအား တားဆီးမှုများရှိနေသည့်အတွက် ဆန်ပြတ်လတ်နေကာ ဆန်တစ်အိတ်လ ျှင် ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်လျက်ရှိကြောင်း ဆော့လော်မြို့နယ်အပြင် ဆက်စပ်လျက်ရှိသည့် မြို့နယ်များ၏ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဆန်ဈေးနှုန်းများမြှင့်တက်ခြင်းနှင့် ဆန်ပြတ်လတ်မှုများမှာ ကချင်ပြည်နယ် ဆော့လော်ဒေသသို့ သွားရာလမ်း လမ်းကြောင်းဖြစ်သည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့ချင်းဆက်လမ်းများတစ်လျောက် လုံခြုံရေးစစ်ဆေးသည့်ဂိတ်များက ထုတ်ပြန်ထားသည့် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သတ်မှတ်ချက် ပြောင်းလဲမှုကြောင့်လည်း ပါဝင်သည်ဟု ဝိုင်းမော်မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက ပြောကြားသည်။

မြစ်ကြီးနား၊ ဝိုင်းမော်စသည့် မြို့နယ်များတွင် ဆန်တစ်အိတ်လ ျှင် ပုံမှန် ကျပ် ၃၈,၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်သော်လည်း ဆော့လော်မြို့နယ်အတွင်း၌ ဆန်ရောင်းချသူများမရှိတော့သလို ၂၄ ပြည်ပါရှိသည့် ဆန်တစ်အိမ်လ ျှင် ကျပ် တစ်သိန်းအထိ ဈေးမြင့်တက်နေသည်ဟု ဆော့လော် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Khaw Mar Wy က ပြောကြားသည်။

“ဒီကိစ္စကို လွှတ်တော်မှာတင်ရင်လည်း အစိုးရကို ကြောတယ်လို့ထင်နေတယ်။ အဲဒီတော့ ထိရောက်တဲ့ အလုပ်ဖြစ်တဲ့ ဌာနဆိုင်ရာနဲ့ပူးပေါင်းပြီးပဲ ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲ စဉ်းစားထားတယ်” ဟု ၎င်းကပြောကြားသည်။

ဆော့လော်မြို့အတွက် ဆန်ကို မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ချီဖွေတို့မှတစ်ဆင့် သယ်ယူလေ့ရှိရာ အဆိုပါ ကုန်ကျစရိတ်ကြောင့် ဆော့လော်မြို့တွင် ပုံမှန်အားဖြင့် ဆန်တစ်အိတ်လ ျှင် ကျပ်ငါးသောင်းကျော်ဈေးဖြင့် ရောင်းချလေ့ရှိသည်။ သို့သော် လက်ရှိတွင် အဆိုပါလမ်းကြောင်းမှ ဆန်အဝင်အထွက်ကို ကန့်သတ်မှုများ ရှိနေသဖြင့် ဆန်ဈေးနှုန်းနှစ်ဆခန့် မြင့်တက်နေခြင်းဖြစ်သည်။

တပ်မတော်က စောင့်ကြပ်နေသည့် လုံခြုံရေးဂိတ်များကို ဖြတ်သန်းကာ ဆော့လော်မြို့သို့ သွားရောက်ပါက ကားတစ်စီးတွင် ယခင်က ဆန်သုံးအိတ်နှင့် ဆီငါးပိဿာ သယ်ယူခွင့်ပြုခဲ့သော်လည်း လွန်ခဲ့သည့် သုံးလခန့်မှစတင်ကာ ကားတစ်စီးလျှင် ဆန်တစ်အိတ်နှင့် ဆီသုံးပိဿာကိုသာ လုံခြုံရေးဂိတ်များက ခွင့်ပြုတော့သည်ဟု သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားကြသည်။

ထိုကဲ့သို့ ဆန်အခက်အခဲဖြစ်နေမှုကို ဖြေရှင်းရန်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကိုယ်ပိုင်ငွေ စိုက်ထုတ်ကာ တရုတ်နိုင်ငံဖက်မှ ဆန်ဝယ်ယူပြီး ဖြန့်ဖြူးပေးနိုင်ရန် ကြိုးပမ်းနေသည်ဟုလည်း သိရသည်။ သို့သော် ထိုသို့ ဝယ်ယူရာတွင်လည်း ဆန်တစ်အိတ်လ ျှင် ကျပ်ခြောက်သောင်းခန့်အထိ ကျသင့်သောကြောင့် ဝယ်ယူနိုင်မည့်ပမာဏမှာလည်း အကန့်အသတ်ရှိနေသည်။

ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော်အပါအဝင် ကချင်ပြည်နယ်အတွင်း ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲရှိသည့် နေရာများသို့ ရိက္ခာများ ဖူလုံစွာရရှိနိုင်ရေးအတွက် အစိုးရကို တိုက်တွန်းခဲ့သည့်အဆိုကို စက်တင်ဘာ ၂၈ ရက်နေ့တွင် ဝိုင်းမော်မဲဆန္ဒနယ်အမှတ်၂ မှ ကိုယ်စားလှယ် ဦးနော်လီက ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ထိုသို့မေးမြန်းမှုအပေါ် ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ပြန်လည်ဖြေကြားရာတွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေနှင့် ဆော့လော်ဒေသလမ်းများတွင် ထားရှိထားသည့် စစ်ဆေးရေးဂိတ်များကို လုံခြုံရေးအရ ထားရှိထားရခြင်းဖြစ်ကြောင်းသာ ပြန်လည်ဖြေကြားပြီး ရိက္ခာဖြည့်တင်းပေးရန်အတွက်ကိုမူ တိတိကျကျ ပြန်လည်ဖြေကြားပေးခဲ့ခြင်းမရှိဟု ဦးနော်လီက ပြောကြားသည်။

ရိက္ခာရှားပါးမှုအပါအဝင် ပြည်နယ်တွင်း ပြည်နယ်အစိုးရ၏ ဆောင်ရွက်နေမှုများကို အားရမှုမရှိဟုလည်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားကြသည်။

“ပြည်နယ်အစိုးရ ဆောင်ရွက်ချက်တွေကို အားရလားမေးရင် အားမရဘူးလို့ပဲ ဖြေရမှာပဲ။ အခုရိက္ခာပြဿနာကိုလည်း ပြည်နယ်အစိုးရက မလုပ်ပေးနိုင်ရင် ပါတီကိုတစ်ဆင့်ချိတ်ဆက်ပြီး ပါတီကတစ်ဆင့် ပြည်ထောင်စုအစိုးရနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆွေးနွေးဖို့ရှိတယ်” ဟု မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံက ပြောကြားသည်။

ရိက္ခာထောက်ပံ့မှုနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်အား မေးမြန်းရာတွင် ဆန်အိတ်များပေးပို့ခြင်းနှင့် ရိက္ခာထောက်ပံ့ပေးခြင်းကိစ္စများကို ၎င်းအနေဖြင့် တာဝန်ယူဆောင်ရွက်ခြင်းမရှိပဲ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကိုသာ တာဝန်ယူထားခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခြားအစိုးရအဖွဲ့ဝန်ကြီးအချို့ထံ Frontier က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခဲ့ကြခြင်းမရှိပေ။

ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးခန်းလင်ကမူ “ကိုယ်စားလှယ်တွေ နယ်မြေဆင်းနေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

“အဲဒီအခက်အခဲတွေ ထပ်ဖြစ်နေတယ်ဆိုရင် လာမယ့်လွှတ်တော်မှာ အရေးကြီးအဆိုတင်ပြီး အစိုးရကို တိုက်တွန်းနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် အစိုးရလုပ်ပေးဖို့ လွှတ်တော်က တိုက်တွန်းနိုင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ဆော့လော်ဒေသအပါအဝင် ကချင်ပြည်နယ်ရှိ အချို့နေရာများတွင် ရိက္ခာအခက်အခဲရှိနေမှုနှင့် ပက်သက်ပြီး ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်နိုင်မှု အခြေအနေတစ်ရပ်ရပ်နှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို သမ္မတရုံးထံ ဆက်သွယ်မေးမြန်းရာ ပြည်နယ်အစိုးရက ဖြေရှင်းပေးရန် ဆောင်ရွက်နေသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ဆော့လော်ဒေသ ဆန်ပြတ်လတ်တဲ့အခက်အခဲအတွက် ပြည်နယ်အစိုးရက ဆန်ပို့ဆောင်ပေးနိုင်ဖို့ကို ဖြေရှင်းနိုင်ဖို့ လုပ်နေပါပြီ။ ဆန်ကို ပြည်တွင်းလမ်းကြောင်းကပို့ရင် အဆင်ပြေမလား၊ တရုတ်ဖက်ကပို့ရင် အဆင်ပြေမလားဆိုတာကို ပြည်နယ်အစိုးရက စဉ်းစားပြီး ဆောင်ရွက်ဖို့ပြင်ဆင်နေတယ်” ဟု နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier  ကို ပြောကြားသည်။

လက်ရှိဆန်ပြတ်လတ်နေသည့် ဆော့လော်မြို့နယ်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက ရေကြီးရေလျံမှုဒဏ်ကို ခံစားခဲ့ရသည့်ဒေသလည်းဖြစ်ပြီး ရေဘေးသင့်အိမ်ထောင်စု ၁၁၃ စုကို အစိုးရက ယနေ့တိုင် ဆန်ထောက်ပံ့နေရဆဲဖြစ်သော်လည်း အခြားရပ်ကွက်နှင့် ကျေးရွာများတွင် ဆန်ပြတ်လတ်မှုများ ဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar