အမှောင်တောမှာ မောင်တောကို ရှာဖွေခြင်း

လွန်ခဲ့တဲ့ ခြောက်လအတွင်း အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့၊ စစ်ဆင်ရေး တွေရှိခဲ့တဲ့၊ ဒီနေ့အထိသတ်ဖြတ်မှုတွေ ရှိနေဆဲဖြစ်တဲ့ မောင်တောခရိုင်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် ခုနှစ်သိန်းကျော်နဲ့ ရခိုင်လူမျိုး တစ်သိန်းနီးပါးဟာ မပြည့်စုံမှုတွေ၊ စိုးရိမ်စိတ်တွေ၊ လိုအပ်ချက်တွေ၊ လိုလားချက်တွေ အပြည့်နဲ့ နေစဉ်ဘဝကို ရှင်သန်ကျော်ဖြတ်နေကြရဆဲဖြစ်ပါတယ်

ဉာဏ်လှိုင်လင်း ရေးသားသည်။

စိမ်းစိုနေတဲ့လယ်ကွင်းတွေ၊ တောင်တန်းကြီးတွေ၊ ချောင်းမြောင်းတွေ၊ ဒီရေတောနဲ့ ဓနိပင်တွေ၊ တစ်ခါတစ်ရံ ပေါ်ပေါ်လာတတ်တဲ့ ကမ်းရိုးတန်းကြီးတွေနဲ့ သစ်ပင်ကြီးငယ် အုပ်အုပ်ဆိုင်းဆိုင်းအောက်က ရွာကြီးတွေ စတဲ့ မြင်မြင်သမျှတွေဟာ ကဆုန်းပေါက် ပြေးလွှားနေတဲ့ကားပေါ်က ခရီးသွားတစ်ဦးကို လမ်းပန်းမသာမှုအကြောင်း မေ့ထားနိုင်လောက်အောင်ကို ဆွဲဆောင်နေပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ အနောက်ဖက်၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ ၁၄၇ မိုင်အထိ နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေတဲ့ မောင်တောခရိုင်အတွင်း လက်ညှိုးထိုးမလွဲ တွေ့မြင်နိုင်တဲ့ မြင်ကွင်းတွေပါ။

လွန်ခဲ့တဲ့ ခြောက်လအတွင်း အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲဒေသ၊ စစ်ဆင်ရေးတွေရှိခဲ့တဲ့နေရာ၊ ဒီကနေ့အထိ သတ်ဖြတ်မှုတွေရှိနေဆဲ ဒီဒေသရဲ့ ရှုခင်းတွေဟာ ခြစ်ခြစ်တောက် ပူပြင်းနေတဲ့ နေရောင်အောက်မှာ သတိကပ် သွားလာနေရတဲ့ ခရီးသွား ကျွန်တော့်အတွက် စိတ်ဖိစီးမှုလျှော့ချပေးနေတဲ့ အရာတွေပေ့ါ။

တစ်ဆက်တည်းတွေးနေမိတာက သဘာဝက ပေးထားတဲ့ အဲဒီအခွင့်အလမ်းတွေကို  ရွာပေါင်း ၉၀၅  ရွာနဲ့ ဖွဲ့စည်းထားတဲ့ မောင်တောခရိုင်အတွင်းက လူဦးရေ ခုနှစ်သိန်းကျော်ရှိတဲ့ အစ္စလာမ်ဘာသာဝင်များနဲ့ လူဦးရေ တစ်သိန်းနီးပါးသာရှိတဲ့ ရခိုင်လူမျိုးတွေ အမှန်တစ်ကယ် ခံစားနိုင်ပါရဲ့လားဆိုတာပါပဲ။

ယှဉ်တွဲနေထိုင်ရေး

အစိုးရအစီအစဉ်နဲ့ မတ် ၂၉ ရက်ကနေ ၃၁ ရက်အထိ အဲဒီဒေသတွင်း သွားလာသတင်းယူခွင့်ရတဲ့ Frontier အပါအဝင် ပြည်တွင်း၊ ပြည်ပ မီဒီယာသမား ၁၈ ဦးရဲ့ ခရီးစဉ်အတွင်း ရောက်ရှိခဲ့တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေ၊ ကျေးရွာ ၁၆ ရွာနဲ့ ဒုက္ခသည်စခန်း လေးခု စုစုပေါင်း ၂၂ နေရာမှာ တွေ့ခဲ့ရတဲ့ လူတွေဆီကရတဲ့ အဖြေကတော့ မပြည့်စုံမှုတွေ၊ စိုးရိမ်စိတ်တွေ၊ လိုအပ်ချက်တွေ၊ လိုလားချက်တွေချည်းပါပဲ။ 

“စီးပွားရေး အဆင်မပြေဘူး။ အခုကာလက ပိုဆိုးတာပေ့ါ။ အရင်ကတော့ သွားလာလုပ်ကိုင် စားသောက်လို့ရတယ်။ မကောင်းသတင်းတွေ ကြားကြားလာရရင် စိုးရိမ်နေရတယ်။ အဓိကကတော့ အကြမ်းဖက်မှာကို စိုးရိမ်တာပါ”လို့ အောင်မင်္ဂလာကျေးရွာနေ ရခိုင်တိုင်းရင်းသူ အသက် ၄၀ ကျော်အရွယ် အိမ်ထောင်ရှင်တစ်ဦးက ပြောပါတယ်။ 

ရခိုင်လူမျိုးများနေထိုင်ရာ ဖားဝပ်ချောင်းကျေးရွာအတွင်း ရေခဲချောင်း လှည့်လည်ရောင်းချနေသူနှင့် ဝယ်ယူစားသုံးနေသူ အစ္စလာမ်ဘာသာဝင်များအား တွေ့ရစဉ်။။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ရခိုင်လူမျိုးများနေထိုင်ရာ ဖားဝပ်ချောင်းကျေးရွာအတွင်း ရေခဲချောင်း လှည့်လည်ရောင်းချနေသူနှင့် ဝယ်ယူစားသုံးနေသူ အစ္စလာမ်ဘာသာဝင်များအား တွေ့ရစဉ်။။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

အဲဒီရွာဟာ မီဒီယာအဖွဲ့ရောက်ရှိခဲ့တဲ့ ကျေးရွာ ၁၆ ရွာထဲက နှစ်ခုတည်းသောရခိုင်ရွာထဲက တစ်ရွာပဲ ဖြစ်ပါတယ်။ ဖားဝပ်ချောင်းလို့ခေါ်တဲ့ ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ နောက်ထပ်တစ်ရွာကတော့ အောင်မင်္ဂလာရွာထက် ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိပုံရပါတယ်။

ကျေးရွာအတွင်း လမ်းသွယ်တွေခင်းတဲ့နေရာမှာ အစ္စလာမ်ဘာသာဝင်တွေ အလုပ်လုပ်နေတာတွေ့ရသလို ဒုတိယတန်းပညာ သင်ကြားထားတယ်လို့ပြောတဲ့ အသက် ၁၄ နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်ကလည်း စက်ဘီးတစ်စီးနဲ့ ရေခဲချောင်း လှည့်လည်ရောင်းချနေတာ တွေ့ရပါတယ်။ 

ရခိုင်ရွာထဲမှာ ရေခဲချောင်းလာရောင်းတဲ့ လူငယ်ကလေးရော၊ လမ်းခင်းရာမှာ နေ့စားနဲ့ လာရောက်လုပ်ကိုင်နေ သူတွေထဲက စကားပြောခွင့်ရခဲ့တဲ့ အစ္စလာမ်ဘာသာဝင်နှစ်ဦကပါ ပြောတာကတော့ “အဆင်ပြေပါတယ်။ အန္တရာယ်မရှိပါဘူး” ဆိုတာပါပဲ။

ဒါပေမယ့် မသေသပ်တဲ့လက်ရေးနဲ့ ကိုယ့်နာမည်ကိုယ် စာရေးပြနိုင်တဲ့ ရေခဲချောင်းရောင်းသူတစ်ယောက်သာ မြန်မာလို အနည်းငယ် ပြောနိုင်ပြီး ကျန်နှစ်ယောက်ကိုတော့ ရခိုင်တွေအကူအညီနဲ့ ဘာသာပြန်ပြောဆိုမေးမြန်း ရတာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ အနီးဝန်းကျင်ရွာကဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း တောင်ပေါ်တက် သစ်ဝါးခုတ်လို့မရတာ၊ မြစ်ထဲချောင်းထဲ ငါးဖမ်းလို့မရတာတွေကြောင့် အခုလို လမ်းခင်းလုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေကြရတာလို့ ပြောပါတယ်။

ဖားဝပ်ချောင်းရွာနေ အသက် ၅၅ နှစ်အရွယ် ရခိုင်အမျိုးသားတစ်ဦးကတော့ အတူယှဉ်တွနေထိုင်ရေးမှာ ပြဿနာမရှိဘူးလို့ ပြောပေမယ့် လွန်ခဲ့တဲ့ ၂၃ နှစ်က အစိုးရအစီအစဉ်နဲ့ ရွာတည်ကတည်းက နေထိုင်လာတဲ့ အသက် ၆၃ နှစ် အရွယ်ရှိ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကတော့ ရွာကိုလာပြီး အကြမ်းဖက်မှာနဲ့ လမ်းခရီးသွားလာရာမှာ အန္တရာယ်ပြုခံရမှာ ကြောက်နေရတုန်းပဲလို့ Frontier ကိုပြောပါတယ်။

နက်ရှိုင်းစွာ ကွဲလွဲနေခြင်း

အစ္စလာမ်ဘာသာဝင်တွေနေထိုင်ရာ အခြားသော ၁၄ ရွာကို ရောက်ရှိချိန်မှာတော့ လူမှုစီးပွား မဖွံ့ဖြိုးတာ၊ စိတ်အေးချမ်းသာစွာ မနေနိုင်တာဟာ ရခိုင်တွေနဲ့ အတူတူပဲဆိုတာ သိခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လိုလားချက်တွေဟာ အစိုးရနဲ့ နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတာ၊ အသိအမှတ်ပြုမခံရတဲ့ အခြေအနေအပေါ် ခံစားချက် ပြင်းပြင်းထန်ထန်ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒီဒေသမှာရောက်ရှိနေသူတွေကို မူလထုတ်ပေးထားတဲ့သက်သေခံအပ်တွေ ပြန်အပ်၊ နိုင်ငံသားစိစစ်ခံရမည့်သူရဲ့ သတ်သေခံကတ်ပြား (Idenity Card for National Verification- NVC) ထုတ်ယူပြီး နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးဖို့ စီစဉ်ထားတဲ့ အစိုးရရဲ့ အစီအစဉ်အပေါ် လက်မခံဘူးလို့ မေးမြန်းခွင့်ရခဲ့သူအားလုံးက ပြောကြပါတယ်။

ယာယီသက်သေခံလက်မှတ် အပ်နှံပြီးသူများကို ထုတ်ပေးသည့် အထောက်အထားစာရွက်၏ ကျောဖက်မြင်ကွင်း။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ယာယီသက်သေခံလက်မှတ် အပ်နှံပြီးသူများကို ထုတ်ပေးသည့် အထောက်အထားစာရွက်၏ ကျောဖက်မြင်ကွင်း။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ဒါဟာ မောင်တောခရိုင်အတွင်းတင်မကဘဲ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နဲ့ အနီးဆုံးဖြစ်တဲ့ သက်ကယ်ပြင်၊ ဒါးပိုင်၊ ဘောဒူဖ ၁၊ ၂ ဒုက္ခသည်စခန်းတွေအထိပါ အများစုက တစ်သဘောတည်းဖြစ်နေတာကိုလည်း သိခဲ့ရပါတယ်။

ဟိုးယခင်က နိုင်ငံသားကတ်(သုံးခေါက်ချိုး)ရပြီးသူတွေက NVC လျှောက်ပြီး နိုင်ငံသားပြန်လည်စိစစ်မှာကို လက်မခံကြသလို၊ မိဘမှာ သုံးခေါက်ချိုးကတ်ရှိပေမယ့် သားသမီးတွေကို ဧည့်နိုင်ငံသားအဖြစ်သာ သတ်မှတ်တဲ့ ကိစ္စမျိုးတွေလည်း ရှိခဲ့ဖူးလို့ အစိုးရရဲ့ အစီအစဉ်ကို သူတို့က မယုံကြပါဘူး။

NVC ကတ်ကို လက်မခံတဲ့ အကြောင်းပြချက်တွေထဲမှာ အနက်ရှုင်းဆုံးအချက်ကတော့ သူတို့ရဲ့ လူမျိုးကို ဘင်္ဂါလီလို့ သတ်မှတ်လိုက်မှာကို မလိုလားတာ ဖြစ်ပါတယ်။ မောင်တောခရိုင်အတွင်း တွေ့ခဲ့ရသမျှလူတွေကတော့ ရိုဟင်ဂျာလို့သတ်မှတ်ပေးတာကိုပဲ လက်ခံမယ်လို့ ပြောကြပါတယ်။

စစ်တွေမြို့အနီးက ဒုက္ခသည် စခန်းမှာနေထိုင်ကြသူတွေထဲမှာတော့ လူမျိုးနေရာမှာ ရခိုင်လို့သတ်မှတ်ပြီး ကိုးကွယ်သည့် ဘာသာနေရာမှာ အစ္စလာမ်လို့ သတ်မှတ်မယ်ဆိုရင် လက်ခံနိုင်တယ်လို့ပြောသူအချို့လည်း ရှိပါတယ်။ 

ဒါပေမယ့် ခရီးစဉ်အတွင်း စစ်တွေမြို့လမ်းမတွေပေါ်မှာတွေတဲ့ အလျဉ်းသင့်ရာ ရခိုင်တိုင်းရင်းသားရှစ်ဦးရဲ့ သဘောထားကို Frontierက မေးမြန်းကြည့်တဲ့အခါ သူတို့က လက်မခံကြပါဘူး။

ဟိုတယ်တစ်ခုမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၉ နှစ်အရွယ် ဦးမောင်စန်းဆိုတဲ့ ရခိုင်အမျိုးသားကြီးကတော့“ရခိုင်လူမျိုး အစ္စလာမ်ဘာသာကိုးကွယ်သူဆိုတာ မရှိဘူး”လို့ ပြောပါတယ်။

အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုရေးမှူးရဲမှူးချုပ် သူရစန်းလွင်ကလည်း ရိုဟင်ဂျာဆိုတာမရှိဘူးလို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ကမ္ဘာသိပြောပြီးဖြစ်ကြောင်း မီဒီယာတွေကို ပြောပါတယ်။

“အဖိုးအဖွား၊ အဖေအမေ သုံးခေါက်ချိုးမှတ်ပုံတင်ကတ် ကိုင်ထားတယ်ဆိုရင် သားသမီးသည် NVC ကတ်ပြီး တာနဲ့ မှတ်ပုံတင် လျှောက်လို့ရတယ်။ ထုတ်ပေးနေတယ်။ အဖိုးအဖွားမှာတောင်မရှိဘဲ ညီအစ်ကို မောင်နှစ်မ တစ်ယောက်ယောက်မှာ ရှိတယ်ဆိုရင်တောင် ထည့်သွင်းပြီး လုပ်ပေးတယ်။ အဖိုးအဖွားသည် ဒီမှာနေထိုင်ခဲ့ တယ်ဆိုတဲ့ အထောက်အထားတစ်ခုခု ပြနိုင်ရင်ကို လုပ်ပေးပါတယ်”လို့ ရဲမှူးချုပ်က အာမခံပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန မောင်တောခရိုင်မှူး ဦးသန်းရွှေကတော့ NVC ကတ် ထုတ်ပေးနိုင်ဖို့ နယ်ခြားစောင့် ရဲကွပ်ကဲရေးလက်အောက်မှာ လဝကဌာနခွဲကိုထားပြီး နယ်မြေအလိုက် ကွင်းဆင်းလုပ်ပေးနေပေမယ့် အစ္စလာမ်ဘာသာဝင် ခုနှစ်သိန်းမှာ ၅,၀၀၀ နီးပါးသာ NVC ကတ်ပြုလုပ် ပြီးဖြစ်ကြောင်း ဆိုပါတယ်။

မြေပြင်အခြေအနေမှာ NVC ကတ်ကိုယူချင်တောင်မှ လျှို့ဝှက်ပြီးလုပ်နေရတဲ့ အခြေအနေရှိတယ်လို့ မောင်တောခရိုင် စီမံခန့်ခွဲမှုကော်မတီရုံးမှာ မတ် ၃၁ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ရဲမှူးချုပ် သူရစန်းလွင်က ပြောခဲ့ပေမယ့် သက်သေပြဖြစ်စဉ် တစ်စုံတစ်ရာကိုတော့ ထည့်သွင်းပြောဆိုသွားခြင်း မရှိပါဘူး။

အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်နှင့် မောင်တော်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်နှင့် မောင်တော်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

“ကတ်ကိုလုပ်မယ်ဆိုရင် သတ်မယ်ဆိုတဲ့အဆင့်အထိဖြစ်လို့ တစ်ချို့တွေ ကိုယ့်ရွာမှာကိုယ်မနေရဲဘဲ ရှောင်နေရတဲ့သူတွေ ရှိတယ်။ ဒါက ဦးဆောင်သူတစ်စုက ချုပ်ကိုင်ထားတာ။ သူတို့က လုပ်လိုက်ပါလို့ ပြောလိုက်တာနဲ့ တိုးပြီးလုပ်ကြမှာဘဲ။ အခု ပန်းရောင်နိုင်ငံသားကတ်ရတဲ့သူတွေတောင် ခိုးဝှက်ပြီး ယူနေကြရတယ်”လို့ ရဲမှူးချုပ်က ပြောပါတယ်။

အစိုးရထုတ်ပြန်တဲ့စာရင်းတွေအရ နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက် ကနေ ဧပြီ ၃ ရက်အထိ အဲဒီဒေသအတွင်းမှာ အရပ်သား ၂၃ ဦးသေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ဒီစာရင်းထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးတာနှစ်မှုသာပါဝင်ပြီး အများစုက ပြတ်ရှဒဏ်ရာနဲ့ဖြစ်ကာ အချင်းချင်းဖြစ်စေ၊ မျက်နှာဖုံးစွပ်လူတစ်စုရဲ့ လက်ချက်ကြောင့်ဖြစ်စေ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှု နယ်ချဲ့လာခြင်း

တောင်ဘဇာနယ်မြေ နယ်ခြားစောင့်ရဲတပ်ရင်း စခန်းမှူး ရဲအုပ်ထွန်းနိုင်ရဲ့ ပြောဆိုချက်အရ အကြမ်းဖက်ဖို့ သင်ကြားမှုတွေဟာ မောင်တောမြို့တစ်ဝိုက်ကနေ ဘူးသီးတောင်မြို့အထိ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာတယ်လို့ သိရပါတယ်။ 

ရဲအုပ်ထွန်းနိုင်ဟာ သူ့ရဲ့နယ်မြေဖြစ်တဲ့ တင်းမေကျေးရွာအနီး လျှိုမြှောင်အတွင်း မတ် ၁ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့တဲ့ အကြမ်းဖက်သင်တန်းကို တစ်ပတ်အကြာမှာပဲ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သူဖြစ်ပါတယ်။

“စုစုပေါင်းနေရာလေးခုမှာ အကြမ်းဖက်သင်တန်းတွေဖွင့်ဖို့ စီစဉ်ထားတယ်လို့ ဖော်ထုတ်ရရှိပါတယ်”လို့ ရဲအုပ် ထွန်းနိုင်က ပြောပါတယ်။ အစိုးရရဲ့ မတ် ၂၃ ရက်သတင်းထုတ်ပြန်ချက်အရလည်း အကြမ်းဖက်သမားတွေဟာ တင်းမေအပြင် ငမြင်းဘော်၊ ယင်းမကျောက်တော်၊ အင်းချောဘဒနာကျေးရွာတွေမှာပါ သင်တန်းတွေဖွင့်ဖို့ ကြံစည်ထားတယ်လို့ ပါဝင်ပါတယ်။

အကြမ်းဖက်သင်တန်းစခန်းတစ်ခုဖော်ထုတ်ရမိသည့် တင်းမေကျေးရွာအနီးတွင် တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

အကြမ်းဖက်သင်တန်းစခန်းတစ်ခုဖော်ထုတ်ရမိသည့် တင်းမေကျေးရွာအနီးတွင် တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ရဲကင်းစခန်းတွေတိုက်ခိုက်ခံရပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်အထိ အစိုးရဖက်က ဖမ်းဆီး တရားစွဲဆိုထားသူ ၅၀၇ ဦးအထိရှိပြီး ဒါဟာ တင်းမေကျေးရွာမှာ ဖော်ထုတ်ရမိတဲ့ အကြမ်းဖက်သင်တန်းနဲ့ ပတ်သက်သူ ၁၇ ဦးအပါအဝင် အခြားဖြစ်စဉ်တွေကြောင့် ထပ်တိုးစာရင်းတွေ မပါဝင်သေးပါဘူး။

မီဒီယာအဖွဲ့ရဲ့ ခရီးစဉ်မှာ တင်းမေဖြစ်စဉ်မှာ ဖမ်းဆီးခံထားရသူထဲက မိသားစုဝင်နှစ်ဦးနဲ့ တွေ့ခွင့်ရပြီး အားလုံးက သူတို့ရဲ့ ဆွေမျိုးသားချင်းတွေဟာ အပြစ်မရှိဘူးလို့ အခိုင်အမာယုံကြည်တယ်လို့ ပြောကြပါတယ်။ အကြမ်းဖက်သင်တန်းနဲ့ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ ကောလာဟလဆိုတဲ့စကားကိုသာ တွင်တွင် ပြောကြပြီး ဟုတ်ခြင်းမဟုတ်ခြင်းနဲ့ ပတ်သက်လို့ သီးခြားမှတ်ချက် မပြုကြပါဘူး။

အဲဒီကျေးရွာရဲ့ တာဝန်ခံ ဟာမစ်ဒူလ္လာကတော့ သူရဲံ့လုံခြုံရေးကို စိုးရိမ်နေရကြောင်း ရောက်ရှိလာတဲ့ မီဒီယာတွေကို ထုတ်ဖော်ပြောကြားပြီး နှစ်ရက်အကြာ ဧပြီ ၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်မှာ မျက်နှာဖုံးစွပ် လူတစ်စုက နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်တာကို ခံလိုက်ရပါတယ်။

မီဒီယာအဖွဲ့နဲ့တွေ့ဆုံပြီးနောက် အသတ်ခံရမှုမှာ သူဟာ ဒုတိယမြောက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာအတွင်းက မီဒီယာခရီးစဉ်တစ်ခုအတွင်းမှာလည်း ငါးခူရ ကျေးရွာနေ အမျိုးသားတစ်ဦးဟာ မီဒိယာတွေနဲ့ တွေ့ဆုံမေးမြန်းအပြီး တစ်ရက်အကြာမှာ နေအိမ်မှ ပျောက်ဆုံးပြီးနောက် သေဆုံးလျှက် ပြန်လည် တွေ့ရှိခဲ့ရဖူးပါတယ်။

အကြမ်းဖက်သင်တန်းဖော်ထုတ်ရမိသည့် တင်းမေကျေးရွာတာဝန်ခံ ဟာမစ်ဒူလ္လာ။ မီဒီယာများနှင့် တွေ့ဆုံအပြီး ဧပြီ ၁ ရက်၊ နံနက်ပိုင်းအချိန်တွင် ၎င်း၏ နေအိမ်သို့ မျက်နှာဖုံးစွပ် လူတစ်စုက ဝင်ရောက်ကာ သတ်ဖြတ်သွားခဲ့သည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

အကြမ်းဖက်သင်တန်းဖော်ထုတ်ရမိသည့် တင်းမေကျေးရွာတာဝန်ခံ ဟာမစ်ဒူလ္လာ။ မီဒီယာများနှင့် တွေ့ဆုံအပြီး ဧပြီ ၁ ရက်၊ နံနက်ပိုင်းအချိန်တွင် ၎င်း၏ နေအိမ်သို့ မျက်နှာဖုံးစွပ် လူတစ်စုက ဝင်ရောက်ကာ သတ်ဖြတ်သွားခဲ့သည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

တပ်မတော်အပေါ် စွပ်စွဲမှုတွေ

ဒေသမှာ နေထိုင်သူတွေကတော့ အချင်းချင်းကြား သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ကြပေမယ့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်အထိ ပြုလုပ်ခဲ့တဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း သူတို့ရဲ့ရွာတွေ မီးရှို့ခံခဲ့ရပြီး အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတယ်လို့တော့ ထုတ်ပြောကြပါတယ်။

မီဒီယာအဖွဲ့ရောက်ရှိခဲ့တဲ့ ကျားခေါင်းတောင်ကျေးရွာက အမျိုးသမီးသုံးဦးက မုဒိန်းကျင့်ခံရပါတယ်လို့ သူတို့ကိုယ်တိုင် ထုတ်ပြောခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့က အမှုဖွင့်လှစ်ပေးလိုက်ပါတယ်။

မောင်တော်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ်ကတော့ ဒီလိုမျိုး ကာယကံရှင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုတဲ့ အဓမ္မကျင့်မှုမျိုး ကြက်ရိုးပြင်နဲ့ ပြောင်ပိုက်မှာပေါ်ပေါက်ဖူးပေမယ့် အမှုဖွင့်ပေးဖို့သွားတဲ့အခါ တစ်ဦးက ထွက်ပြေးသွားပြီး အခြားတစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကတစ်ဆင့် အမှုမဖွင့်လိုကြောင်း ပြောခဲ့တယ်လို့ မီဒီယာတွေကို ပြောပါတယ်။

အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးရုံးရဲ့ စာရင်းတွေအရ (ကျားခေါင်းတောင်ရွာဖြစ်စဉ်မပါသေး) ကာယကံရှင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုတိုင်တန်းတဲ့ အမှုပေါင်း ၁၈ မှုရှိတယ်လို့ သိရတယ်။ ငွေပျောက် ပစ္စည်းလုခံရတာ နှစ်မှု၊ မုဒိန်းမှု သုံးမှုနဲ့ သေဆုံးမှု ၁၃ မှု ဖြစ်ပါတယ်။

ဒီအထဲကမှ ပစ္စည်းလုခံရတဲ့ နှစ်မှုကို အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။ မုဒိန်းမှုတွေထဲ တစ်မှုဟာ ဆေးစစ်ချက်အရ မဟုတ်မှန်ကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားနှစ်မှုအနက်တစ်ခုကို ဆေးစာအရ အမှုဖွင့်ထားပြီး ကျန်တစ်မှုကို ဆေးစစ်ချက်တောင်းခံထားကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။

သေဆုံးမှုတွေထဲက ၁၁ မှုကတော့ ဆေးစစ်ချက်အရ တစ်နှစ်ကျော်က သေဆုံးတာ၊ ပုံမှန်သေဆုံးတာတွေ ဖြစ်လို့ စစ်ဆင်ရေးအတွင်း မဟုတ်ဖူးလို့ ဖော်ထုတ်ရရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဇင်ပိုင်ညာကျေးရွာအတွင်း သူမရဲ့ခင်ပွန်း သေနတ်မှန်သေဆုံးခဲ့တယ်လို့ ဇနီးသည်တိုင်ကြားထားတဲ့ အမှုတစ်ခုကိုတော့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးကာလနဲ့ တိုက်ဆိုင်နေလို့ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရတယ်။

ကြက်ရိုးပြင်ရွာမှာ မြှုပ်နှံထားတဲ့ ကျားတစ်ဦး၊ မသုံးဦးအနက် သုံးဦးမှာ သေနတ်ဒဏ်ရာတွေ့ရပြီး သေဆုံးချိန် ခြောက်လခန့်သာ ရှိသေးတယ်လို့ ဆေးစစ်ချက်ရတဲ့အတွက် အမှုဖွင့်လှစ်ဆောင်ရွက်တဲ့စာရင်းထဲမှာ ပါဝင်နေပါတယ်။

ဒါပေမယ့် ကျားခေါင်းတောင်ရွာမှာ နေအိမ်မီးရှို့ပြီး အလောင်းမြှုပ်ထားတယ်ဆိုတဲ့ အမှုမှာတော့ စစ်ဆေး ဖော်ထုတ်ရာမှာ နေရာလိုက်လံမပြနိုင်ဘဲ မဟုတ်မှန်တဲ့အတွက် လီဆယ်မှုနဲ့ အရေးယူဖို့ ဥပဒေရုံးရဲ့ အကြံပြုချက်ကို တောင်းခံထားတယ်လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။

အမှုဖွင့်တိုင်ကြားမှု စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ဘူးဆိုရင် အစိုးရဖက်က ဘယ်နှစ်မှုလောက် ပြန်လည် အရေးယူထားတာရှိပါသလဲလို့ Frontier က မေးမြန်းရာမှာတော့ “လောလောဆယ်တော့ တစ်မှုပဲ ယူထားပါသေးတယ်။ တစ်ချို့ဟာတွေကျတော့ မဟုတ်တာ ပေါ်လွင်သော်လည်းပဲ နယ်မြေအခြေအနေနဲ့ လတ်တလောအခြေအနေအရ လစ်လျူရှုတာတွေလည်း အများကြီးရှိပါတယ်”လို့ ရဲမှူးချုပ်က ပြန်ဖြေပါတယ်။

ငရန့်ချောင်းကျေးရွာအုပ်စု၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ငရန့်ချောင်းကျေးရွာအုပ်စု၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ရဲမှူးချုပ်ရဲ့ စာရင်းအရ နယ်ဖက်ဥပဒေတွေကိုရော လုံခြုံရေးအဖွဲ့အစည်းဆိုင်ရာ အဖွဲ့အစည်း ညွှန်ကြားချက်တွေကိုပါ လိုက်နာရတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင် ၂၀ ဦးလောက်ကို အရေးယူထားတယ်လို့ သိရတယ်။

“တာဝန်ထမ်းဆောင်ရင်းနဲ့ ကျူးလွန်ခဲ့တာ ရှိကောင်းရှိနိုင်မယ်။ မရှိဘူးလို့လည်း ပြောလို့မရဘူး။ ရှိပါတယ်လို့လည်း အတိအကျ ပြောလို့မရဘူး။ ကျူးလွန်ခဲ့ရင် ဥပဒေနဲ့အညီ အရေးယူမှာဘဲ။ ပေါ်ပေါက်ရင် အရေးယူမှာဘဲ”လို့ ရဲမှူးချုပ်သူရစန်းလွင်က ပြောပါတယ်။

ဒေသတွင်းမှာ နေထိုင်သူအချို့ကတော့ သူတို့ကြုံတွေ့ခဲ့ရတာတွေဟာ အမှန်ဖြစ်ပေမယ့် ဘာသာစကား အခက်အခဲကြောင့် သူတို့ပြောတဲ့အတိုင်း ရဲတပ်ဖွဲ့က အမှုမတည်ဆောက်မှာ တရားရုံးက မှားယွင်းစစ်ဆေးမှာ ကြောက်လို့ အမှုမဖွင့်ရဲတာလို့ ပြောကြပါတယ်။

လက်တွေ့လွဲချော်မှုတွေ

သူတို့ အမှန်တစ်ကယ်စိုးရိမ်တာဆိုရင်လည်း ဒါဟာမမှားဘူးလို့ ပြောနိုင်လောက်အောင် ဒေသအာဏာပိုင်တွေနဲ့ ဒီဒေသမှာ နေထိုင်သူတွေကြားက ဘာသစကားအခက်အခဲ၊ တွေ့ဆုံရှင်းပြမှုဆိုင်ရာ အားနည်းချက်တွေကလည်း ရှိနေပါတယ်။ 

ဒေသတွင်းမှာနေထိုင်သူတွေက NVC မလုပ်ချင်လို့ မယူတဲ့အတွက် ခရီးသွား ကူးသန်းရောင်းဝယ်တာ၊ ပင်လယ်ပြင် ငါးထွက်ဖမ်းတာစတဲ့ အလုပ်အကိုင်တွေ မလုပ်နိုင်သလို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲတွေ ကြုံနေရတယ်လို့ တတွင်တွင်ပြောနေပါတယ်။ ဒေသအာဏာပိုင်တွေဖက်ကလည်း အဲဒါ မဟုတ်ပါဘူး၊ ခရီးသွားလာခွင့် လက်မှတ်ယူပြီး သွားလာလို့ရတယ်လို့ တုန့်ပြန်ကြပါတယ်။

တစ်ကယ့်မြေပြင်မှာတော့ ဒီအကြပ်အတည်းဟာ ဒီအတိုင်းရှိနေတယ်ဆိုတာကို ပင်လယ်ပြင်ထွက် ငါးဖမ်းလုပ်ငန်းထွန်းကားတဲ့ အလယ်သံကျော်ကျေးရွာကမ်းစပ်မှာ ရပ်ထားတဲ့ စက်လှေ ၁၀၀ ကျော်နဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ရေလုပ်သား ၁,၀၀၀ ကျော်က သက်သေပြနေပါတယ်။

စက်လှေ ၁၀ စီးကျော်ပိုင်တဲ့ တစ်ဦးတည်းသော ရခိုင်တိုင်းရင်းသား ဦးသန်းဌေးက “ NVC ကတ်ကို သူတို့က မလုပ်ကြဖူး။ အလုပ်သမားမရှိတော့ စက်လှေကလည်း ထွက်မရဘူး။ ခြောက်လအတွင်းမှာ သိန်း ၂,၀၀၀ လောက်ဆုံးရှုံးတယ်”လို့ မီဒီယာတွေကို ပြောပါတယ်။

ခရီးစဉ်မှာပါဝင်ခဲ့တဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ ဒီပြဿနာကို ပြေလည်အောင် အစိုးရဖက်က မဖြေရှင်းနိုင်ရင် ကိုဖီအာနန်အကြံပြုထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကတစ်ဆင့် ပဋိပက္ခလျှော့ချရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာ အခက်တွေ့မယ်လို့ မြန်မာ့အလင်းသတင်းစာကို ပြောထားပါတယ်။ 

စစ်ဆင်ရေးကာလအတွင်း မီးလောင်ပျက်စီးမှုခံသည့် ကြက်ရိုးပြင်ဈေးနှင့် ကျေးရွာမြင်ကွင်းများ။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

စစ်ဆင်ရေးကာလအတွင်း မီးလောင်ပျက်စီးမှုခံသည့် ကြက်ရိုးပြင်ဈေးနှင့် ကျေးရွာမြင်ကွင်းများ။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

“စည်းကမ်းတွေ သတ်မှတ်ထားတော့ သူတို့တွေက လာမလုပ်ဘူး။ တစ်ဖက်ကလည်း ဒါတွေလုပ်မှသာ စီးပွားရေးကိစ္စတွေ လုပ်နိုင်မယ်ဆိုတော့ အဲဒီအခက်အခဲ အကျပ်အတည်းကြီးတစ်ခု တွေ့ရတယ်” လို့ သူက ထောက်ပြထားပါတယ်။

ဒါပေမယ့် သတင်းစာတွေလည်းမရောက်တဲ့၊ ရောက်ရင်လည်း မဖတ်တတ်တဲ့၊ ဒေသသုံးဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ မေယုအက်ဖက်အမ်ကိုတောင် နားမထောင်တဲ့ ဒီဒေသတွင်း နေထိုင်သူတွေဆီကို သတင်းအချက်အလက် ပိုမိုဖြန့်ဝေနိုင်မယ့် အစီအစဉ်တစ်ခုတစ်လေမှ အာဏာပိုင်တွေထံက မကြားရသေးပါဘူး။ ရှင်းလင်းပွဲတွေကို မြေပြင်ကွင်းဆင်းလုပ်နေတယ်လို့သာ ပြောကြပါတယ်။

သတင်းရယူမှုနိုင်မှု

ဒီဒေသမှာ ဘာသာစကားဟာ အစိုးရရဲ့ သတင်းအချက်အလက် ပြန်ကြားချက်တွေကို မထိရောက်စေတဲ့အပြင် သတင်းမီဒီယာအဖွဲ့တွေ သတင်းယူတဲ့နေရာမှာလည်း အဓိကပြဿနာဖြစ်ခဲ့ပါတယ်။

မီဒီယာတွေထံဖြေကြားနေသူ တစ်ဦးဦးကို ရပ်ကြည့်နေတဲ့ လူအုပ်ကြားထဲက တစ်ယောက်ယောက်က အာရဗီဘာသာစကားနဲ့ တစ်ခုခုလှမ်းပြောလိုက်တာမျိုး ကြုံလိုက်ရပြီဆိုရင် သတင်းထောက်တွေရင်ထဲမှာ စိုးရိမ်စိတ်ကိုယ်စီ ဖြစ်ကုန်တော့တာပါပဲ။

ဘာသာပြန်ကတစ်ဆင့် လက်ခံရရှိတဲ့ အဖြေဟာ ဖြေဆိုနေသူရဲ့ ရင်ထဲကလာတဲ့ စကားတွေနဲ့များ ကွဲလွဲနေမလားဆိုတဲ့ စိုးရိမ်မှုကို ခံစားရတာမျိုးပေ့ါ။

ဗီအိုအေ(မြန်မာပိုင်း)က သတင်းထောက် မမေခကတော့  “ကျွန်မတို့ မေးနေတဲ့အချိန်ဆိုရင် တစ်ယောက်ယောက်က သူတို့ဘာသာစကားနဲ့ လှမ်းပြီးထောက်ပေးလိုက်ရင် သူတို့ပြောတဲ့စကားတွေက ရှေ့နဲ့နောက်နဲ့ မညီတာမျိုးတွေ ဖြစ်သွားတာမျိုးသတိထားမိတယ်” လို့ ပြောပါတယ်။

ဖူဂျီတီဗီကဒေါ်အိအိတင်ကလည်း မြန်မာစကားတောင်မတတ်တဲ့ ဒီဒေသမှာ ရေဒီယိုတောင်မရှိလို့ အစိုးရဖက်က လွှင့်တဲ့ မေယုအက်ဖ်အမ်တောင် နားမထောင်တဲ့ ဒီအရပ်မှာ နေထိုင်သူတွေထံကနေ သူတို့ရဲ့ လိုလားချက်တွေကို အင်္ဂလိပ်လိုမွှတ်နေအောင် စာမျက်နှာများစွာရေးထားတဲ့ စာလေးစောင်တောင် လက်ခံရရှိတဲ့အတွက် အံ့သြမိတယ်လို့ ဆိုတယ်။

တယ်လီဖုန်းနဲ့ အင်တာနက် ကောင်းကောင်းမမိတဲ့ ခရီးစဉ်အတွင်းမှာ ထူးထူးခြားခြား ထပ်ကြုံခဲ့ရတာလည်း ရှိပါတယ်။ ကျားခေါင်းတောင်ကျေးရွာမှာ အဓမ္မကျင့်ခံရတယ်လို့ မတ် ၃၀ရက် နေ့လည်ပိုင်းက မီဒီယာတွေကို ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသမီးတွေကို ရဲတပ်ဖွဲ့က လာဖမ်းသွားတယ်ဆိုတဲ့ ကိစ္စပါ။

အဲဒီဒေသမှာ နေထိုင်သူတွေက မောင်တောမြို့ကို မီဒီယာအဖွဲ့ပြန်မရောက်ခင်မှာပဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာအခြေစိုက်တဲ့ ဗီအိုအေ(မြန်မာပိုင်း) ရုံးကို သတင်းလှမ်းပေးတာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို သိရှိနိုင်ဖို့ Frontier က ကျားခေါင်းတောင်ကျေးရွာ တာဝန်ခံနဲ့ အဖွဲ့ဝင်နှစ်ဦးရဲ့ လက်ကိုင်ဖုန်းတွေကို တောက်လျှောက်ဆက်သွယ်နေပေမယ့် ဧပြီ ၆ ရက်နေ့၊ နံနက်ပိုင်းအထိ မရခဲ့ပါဘူး။ အာဏာပိုင်တွေကတော့ အမှုဖွင့်သူတွေရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို အာမခံတဲ့အကြောင်းပြောကြပြီး အခြား ကျေးရွာတာဝန်ရှိသူတွေနဲ့အတူ ရဲစခန်းခေါ်ကာ အမှုဖွင့်ပေးပြီး ပြန်ပို့ပြီးပြီလို့ ပြောကြပါတယ်။

အစိုးရစီစဉ်ပေးတဲ့ခရီးစဉ်ရဲ့ သတင်းရယူနိုင်မှုအခြေအနေအပေါ် သတင်းထောက် အားလုံးရဲ့ မှတ်ချက်ကတော့ ပထမရက်ကလွဲလို့ နောက်ရက်တွေမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ်ဆိုတာပါပဲ။

 

 

ပထမဆုံးမြေပြင်ကွင်းဆင်းရက်ဖြစ်တဲ့ မတ် ၂၉ ရက်နေ့က ဘူးသီးတောင်ခရီးစဉ်မှာ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းအချို့ရဲ့ ဝင်ရောက်အသံဖမ်းမှုတွေ ဖြေဆိုသူတွေရဲ့ အမည်ကို မေးမြန်းမှတ်တမ်းတင်မှုတွေ ကြုံခဲ့ရတဲ့အတွက် အခက်အခဲကြုံရပေမယ့် အာဏာပိုင်တွေနဲ့ ညှိနှိုင်းအပြီး နောက်ရက်မှာ ပြေလည်မှုရခဲ့ပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)သတင်းထောက် ကိုအောင်သူရကတော့ နောင်ခရီးစဉ်တွေမှာ မီဒီယာတွေနဲ့ တွေ့ဆုံဖြေကြားသူတွေ အန္တရာယ်မကျရောက်အောင် အစိုးရက မစီစဉ်ပေးနိုင်ဘူးဆိုရင် သတင်းအချက်အလက် အမှန်ရဖို့ ခက်သွားလိမ့်မယ်လို့ ထောက်ပြပါတယ်။

ယခု ခရီးစဉ်အတွင်း သတင်းရရှိမှုအခြေအနေကိုတော့ မမေခက  “အမှန်အတိုင်းပါလို့ပြောဖို့လည်း ခက်တဲ့ အခြေအနေရှိတယ်”လို့ သုံးသပ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- အီးပီအေ

(မောင်တောခရိုင်အတွင်းတွင် မီဒီယာကို ဖြေကြားခဲ့သူများ၏ အသက်အန္တရာယ်ကို ထိခိုက်လာသည့် ဖြစ်စဉ်များ၊ အာဏာပိုင်တို့၏ မှတ်တမ်းတင်စောင့်ကြည့်မှုများ ရှိနေ၍ တွေ့ဆုံမေးမြန်းခဲ့သော သာမန်ပြည်သူတို့ နေထိုင်ရာ ရွာအမည်နဲ့ လူပုဂ္ဂိုလ်အမည်များကို ထည့်သွင်းရေးသားခြင်း မပြုခြင်းဖြစ်သည်။)

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar