သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတိုးမြင့်နေ

သွေးလွန်တုပ်ကွေးရောဂါမှာ နိုင်ငံအများအပြားတွင် တိုးမြင့်ဖြစ်ပွားလျက်ရှိသည်။ သို့သော် ယင်းရောဂါသည် အရေးယူလုပ်ဆောင်မှု အနည်းပါးဆုံး အပူပိုင်းဒေသရောဂါများထဲတွင် ပါဝင်နေဆဲဖြစ်သည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ကိုရန်နိုင်စိုး (၁၈ နှစ်) သည် အပြင်းဖျားခြင်းဖြင့် ရောဂါစတင်ခဲ့ခြင်းဖြစ်သည်။ အရေးကြီးသည်ဟု သူ မယူဆခဲ့သဖြင့် ဆေးကုသမှု မခံယူခဲ့ပေ။

“ဒါပေမဲ့ ကျွန်တော် လေးရက်လောက် အပြင်းဖျားအပြီးမှာ မိသားစုဝင်တွေက ကျွန်တော့်ကို မြို့နယ်ဆေးရုံကို ခေါ်သွားပါတယ်။ မြို့နယ်ဆေးရုံက ကျွန်တော့်ကို သွေးလွန်တုပ်ကွေး ဖြစ်နေတယ်လို့ ပြောပါတယ်” ဟု ထိုအချိန်က အသက် ၁၃ နှစ်သာ ရှိခဲ့သည့် ကိုရန်နိုင်စိုးက Frontier ကို ပြောပြသည်။

မြို့နယ်ဆေးရုံတွင် သွေးသွင်းရန်လိုအပ်သော ကိရိယာများ မရှိသဖြင့် ဒဂုံမြို့နယ်ရှိ ကလေးဆေးရုံသို့ သူ့ကို လွှဲပို့လိုက်သည်။

“တော်တော် အသည်းအသန် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်လောက်ကြာတော့ ကျွန်တော် ပုံမှန် ပြန်ဖြစ်လာပါတယ်။ ၁၀ ရက်အကြာမှာ ကျွန်တော်ဆေးရုံက ဆင်းရပါတယ်။ ရောဂါကို စောစောစီးစီး သိခဲ့လို့ ကံကောင်းတာပါ” ဟု သူက ပြောသည်။

ပြီးခဲ့သောနှစ်တွင် ကမ္ဘာတစ်ဝန်း၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၄၃,၈၄၅ ယောက် ရောဂါဖြစ်ပွားခဲ့ပြီး ၁၄၀ ဦး သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization ၏ ကိန်းဂဏန်းများက ဆိုသည်။ သေဆုံးသူ ၁၄၀ ဦးတွင် ၁၃၅ ယောက်မှာ အသက် ၁၄ နှစ်အောက် ကလေးငယ်များ ဖြစ်ကြသည်။ 

dengue_4.jpg

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

“သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ တွေ့ခဲ့ရတယ်။ စစ်ကိုင်း၊ ဧရာဝတီနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ အမြင့်မားဆုံး တွေ့ရပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက Frontier ကို ပြောသည်။

၂၀၁၆ ခုနှစ်၌မူ သွေးလွန်တုပ်ကွေးရောဂါသည် ကပ်ရောဂါအဖြစ် မပေါ်ပေါက်ခဲ့ပေ။ သြဂုတ်လကုန်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁,၅၀၅ ဦးသာ ရှိခဲ့ပြီး ၃၀ ဦး သေဆုံးခဲ့သည်ဟု ထို ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါ Dengue သည် အေးဒီးစ် အေဂုပတီ Aedes aegupti ခြင်အမျိုးအစားကြောင့် ကူးစက်ခြင်းဖြစ်သည်။ ယင်းခြင်သည် ဇီကာရောဂါ Zika ၊ ငန်းဝါအဖျားရောဂါ Yellow fever နှင့် chikungunya တို့ကိုလည်း ဖြစ်ပွားစေသည်။ ခြင်အမများသည် လူတို့၏ သွေးကို စုပ်ယူရခြင်းမှာ အာဟာရဖြည့်ဆည်းရန် မဟုတ်ဘဲ သားဥများ ထုတ်လုပ်ရန် ပရိုတင်းရယူခြင်းသာဖြစ်သည်။ ထို့ကြောင့် သူတို့သည် မိခင်တစ်ဦး၏တာဝန်ကို ထမ်းဆောင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် သင့်နံဘေးတွင် တဝီဝီမြည်နေသော ခြင်ကို ရိုက်သတ်မည် ကြံရွယ်သည့်အခါ ယင်းအချက်မှာ ဆင်ခြင်မိစရာအချက် ဖြစ်နိုင်ပေသည်။

သွေးလွန်တုပ်ကွေးရောဂါ ပထမဆုံး ရှာဖွေတွေ့ရှိမှုကို မှတ်တမ်းတင်နိုင်ခဲ့သူမှာ As It Appeared in Philadelphia, in the Summer and Autumn of the Year 1780 စာအုပ်တွင် “bone-break fever” အကြောင်း ရေးသားခဲ့သော ဘင်ဂျမင် ရပ်ရှ် Benjamin Rush ဖြစ်သည်။

dengue_3.jpg

ရေဆိုးထုတ်စနစ်၊ ရေသန့်ဖြန့်ဝေမှုစနစ်များ အားနည်းခြင်းများအပါအဝင် ဆင်းရဲသည့် လူမှုဝန်းကျင်အနေအထားများကြောင့် သွေးလွန်တုပ်ကွေးရောဂါ ပြန့်ပွားမှုနှုန်း ပိုမိုမြင့်တက်ရသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အေးဒီးစ်ခြင်များကို အလယ်ပိုင်းနှင့် တောင်ပိုင်း အမေရိကတွင် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် သုတ်သင်ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။ သို့သော် နောက်ပိုင်း၌ ပြန်လည်ပေါက်ပွားလာခဲ့သည်။ အာရှတိုက်တွင် ထိုသို့ သုတ်သင်ရှင်းလင်းမှုမျိုး တစ်ကြိမ်မျှ မပြုလုပ်ခဲ့ဖူးပေ။

သွေးထွက်လွန်သောရောဂါ အပြင်းစားတစ်မျိုးဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ Dengue Haemorrhagic fever DHF သည် ဒုတိယကမ္ဘာစစ်အပြီးတွင် အာရှနိုင်ငံအချို့၌ ပေါ်ပေါက်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဝေသော သွေးလွန်တုပ်ကွေးဆိုင်ရာ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

၁၉၇၀ ပြည့်နှစ် မတိုင်မီက သွေးလွန်တုပ်ကွေး ကပ်ရောဂါဖြစ်ပွားဖူးသော နိုင်ငံ ၉ နိုင်ငံသာ ရှိခဲ့သည်။ ထိုမှတဆင့် တိုးပွားလာသည်မှာ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်သည် သွေးလွန်တုပ်ကွေးရောဂါ ကပ်ဘေးကို တွေ့ကြုံဖူးကြပြီဖြစ်သည်။ အရှေ့တောင်အာရှဒေသသည် အမေရိကတိုက်များနှင့် အနောက်ပစိဖိတ်ဒေသတို့ နည်းတူ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

ကုလသမဂ္ဂ၏ အဖွဲ့အစည်း တစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ ထိုဒေသသုံးခုတွင် ၂၀၀၈ ခုနှစ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁ ဒသမ ၂ သန်းကျော်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၃ ဒသမ ၂ သန်းကျော်အထိ တိုးမြင့်လာခဲ့သည်။ မကြာသေးမီကာလများကလည်း ရောဂါဖြစ်ပွားသူဦးရေများ ပိုမိုတိုးပွားလာခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ 

dengue_2.jpg

ရန်ကုန်မြို့ကလေးဆေးရုံမှ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသည့် ကလေးတစ်ဦးအား အကြောဆေးသွင်းပေးထားစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

“အရှေ့တောင်အာရှ နိုင်ငံတွေမှာ သွေးလွန်တုပ်ကွေးရောဂါ တိုးပွားလာတာကို တွေ့မြင်နေရပါတယ်။ အကြောင်းရင်းကတော့ လူတွေ ရွှေ့ပြောင်းနေထိုင်ကြတာရယ်၊ ကမ္ဘာကြီး ပူနွေးလာတာရယ်၊ မြို့ပြတွေ ပိုမိုကြီးထွားလာတာရယ်ကြောင့်ပါ” ဟု ငှက်ဖျားရောဂါ ပူးပေါင်းဆောင်ရွက်သည့်အုပ်စု Malaria Consortium မှ အထက်တန်းနည်းပညာ အကြံပေး မစ္စ ပရူဒင့်စ် ဟမ်းမိတ်ဒ် Ms Prudence Hamade က ပြောကြားသည်။

၎င်းက Frontier ကို ပြောကြားရာတွင် လူနေမှု အဆင့်အတန်း နိမ့်ကျခြင်း၊ သန့်ရှင်းသောရေကို မရရှိနိုင်ခြင်း၊ ရေအိမ်အညစ်အကြေး စွန့်ပစ်ပုံ မမှန်ကန်ခြင်းတို့သည် ခြင်များပေါက်ပွားရန် နေရာကောင်းဖြစ်နေပြီး မြို့ပြများတွင် သွေးလွန်တုပ်ကွေးရောဂါ ပြန့်ပွားရန် အခြေအနေကောင်းကို ဖန်တီးပေးနေသည်ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါကို စစ်ဆေးနိုင်ရေး၌ အဓိက စိန်ခေါ်မှုမှာ သွေးလွန်တုပ်ကွေးရောဂါသည် အခြားရောဂါများဖြစ်သည့် ငှက်ဖျားရောဂါ၊ ဇီကာရောဂါများ၏ လက္ခဏာများနှင့် ဆင်တူနေခြင်းဖြစ်သည်။ ဇီကာရောဂါကို မကြာသေးမီ သီတင်းပတ်များတွင် အရှေ့တောင်အာရှနိုင်ငံများ၌ ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများမှာ အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်နှင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရေပြားပေါ် အစက်အပြောက်များ ထွက်ခြင်းတို့ဖြစ်သည်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းနှင့် ယခုနှစ်အစောပိုင်းတွင် ပထမဆုံး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး Dengyvaxia ကို အသက် ၉ နှစ်မှ ၄၅ နှစ်အတွင်းရှိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသောနိုင်ငံများမှ လူများအား ထိုးပေးနိုင်ရန် မှတ်ပုံတင်ပေးခဲ့သည်။

“တချို့နိုင်ငံတွေမှာ ကာကွယ်ဆေးကို အသုံးပြုနေကြပါပြီ။ ဒါပေမဲ့ရောဂါကို ကာကွယ်ရာမှာ တစိတ်တပိုင်းပဲ အောင်မြင်ပါတယ်။ အသက် ၉ နှစ်နှင့် အထက် လူတွေမှာသာ အသုံးပြုနိုင်ပါတယ်” ဟု မစ္စ ဟမ်းမိတ်ဒ်က ပြောသည်။ သွေးလွန်တုပ်ကွေးရောဂါဖြင့် အများဆုံး သေဆုံးနိုင်ဖွယ်ရှိသူများမှာ အသက်ငယ်လွန်းသော ကလေးများသာဖြစ်သည်။

“သွေးလွန်တုပ်ကွေးရောဂါရဲ့ အန္တရာယ်ကို ဖယ်ရှားဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ ရောဂါကို ပျံ့ပွားစေတဲ့ ခြင်တွေကို ထိန်းချုပ်ဖို့ပါပဲ။ ဒါကြောင့် ဒီခြင်တွေ ရှိ၊ မရှိ ဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။ တွေ့ရင် သုတ်သင်ရှင်းလင်းဖို့ လုပ်ဆောင်ရပါမယ်” ဟု မစ္စ ဟမ်းမိတ်ဒ်က ပြောသည်။

dengue_1.jpg

ကျန်းမာရေးလုပ်သားတစ်ဦးက ရန်ကုန်မြို့မှ ကျောင်းတစ်ကျောင်းတွင် ခြင်ဆေးငွေ့ဖျန်းနေစဉ်။ ဓာတ်ပုံ – ခင်မောင်ဝင်း(အေအက်ဖ်ပီ)

လုပ်ဆောင်ရမည့် အရာများထဲတွင် ခြင်များ ရှိမရှိကို တက်ကြွစွာရှာဖွေခြင်း၊ ပေါက်ဖွားနိုင်သော နေရာများကို ရှင်းလင်းခြင်း (ခြင်များသည် ရေဝင်နေသော ခွက်၊ အဖုံးများတွင် ပေါက်ဖွားသည်) နေ့ဘက်တွင် ခြင်ကိုက် မခံရအောင် ကာကွယ်ခြင်းတို့ ပါဝင်သည်။

သွေးလွန်တုပ်ကွေးရောဂါကို တိုက်ဖျက်ရန် အဓိက အခက်အခဲတစ်ခုမှာ အေးဒီးစ်ခြင်များသည် နေ့ဘက်တွင်သာ တက်ကြွလှုပ်ရှားကြသည်။ ထို့ကြောင့် ခြင်ထောင်ဖြင့်အိပ်စက်ခြင်းသည် မထိရောက်နိုင်ဘဲ အိမ်ပြင်တွင် အလုပ်လုပ်ရသူများမှာ ပိုမိုထိခိုက်နိုင်သည်ဟု မစ္စတာ ဂျက်ဖရေ ဟိုင်း Mr Jeffrey Hii က ပြောသည်။ ၎င်းသည် Malaria Consortium Asia အဖွဲ့အစည်းမှ ရောဂါပိုးသယ်ဆောင်သည့်အင်းဆက်ပိုး အထူးကျွမ်းကျင်ပညာရှင် Vector Specialist တစ်ဦးဖြစ်သည်။

သူ၏ အဖွဲ့အစည်းသည် အပြင်ဘက်တွင် အလုပ်လုပ်ရသူများအတွက် ပိုးသတ်ဆေးဖျန်းထားသော အဝတ်အစားများကို ဖန်တီးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

Malaria Consortium သည် ကမ္ဘာတစ်ဝန်းတွင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အစီအစဉ်များအတွက် ရန်ပုံငွေများ ပိုမိုရှာဖွေကြရန် အကြံပေးထားသည်။ ထိုအဖွဲ့အစည်းက ငှက်ဖျားတိုက်ဖျက်ရေး အစီအစဉ်များသည် လူအများ၏ အာရုံစိုက်မှုနှင့် ရန်ပုံငွေများကို  အတော်အတန် ရရှိထားသော်လည်း သွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အစီအစဉ်များသည် ရန်ပုံငွေ လုံလောက်စွာ မရရှိကြဟု ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် လျစ်လျူရှှုခံထားရသော အပူပိုင်းဒေသမှ ရောဂါ ၁၇ မျိုးတွင် ပါဝင်သည်။ ယင်းရောဂါများသည် ဆင်းရဲသောနိုင်ငံများတွင် ဖြစ်ပွားပြီး အပူပိုင်းဒေသတွင် တွေ့ရကာ သုတေသန ရန်ပုံငွေများလည်း ကောင်းစွာမရရှိကြပေ။

လျစ်လျူရှှုခံထားရသော အပူပိုင်းဒေသမှ ရောဂါများထဲတွင် သွေးလွန်တုပ်ကွေးရောဂါသည် ပို၍ပင် လျစ်လျူရှုခံထားရသည်ဟု Hii က ဆိုသည်။ အဘယ်ကြောင့်ဆိုသော် သွေးလွန်တုပ်ကွေးရောဂါသည် ၂၀၁၂ ခုနှစ်တွင် London Declaration က ဦးစားပေးတိုက်ဖျက်ရန်  ရွေးချယ်ထားသော NTDs ၁၀ ခုတွင်လည်း မပါဝင်သောကြောင့် ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ကင်းမဲ့နေကြောင်း နိုင်ငံတကာ လူ့အဖွဲ့အစည်းအတွင်းနှင့် အစိုးရများအတွင်းတွင် မူဝါဒဆိုင်ရာ ဆွေးနွေးမှုများ ကင်းမဲ့နေကြောင်းကိုလည်း သိရှိနိုင်သည်ဟု Hii က ပြောကြားသည်။

“တခြား NTDs ၁၀ ခုမှာ သင့်တင့်တဲ့ တိုးတက်မှုတွေ တွေ့နေရပေမဲ့ သွေးလွန်တုပ်ကွေးရောဂါအတွက် ဒီလိုအဖွဲ့အစည်းကြီးတွေက ကြေညာစာတမ်းတွေထုတ်ကာ အရေးယူဆောင်ရွက်မှုတွေ လုပ်တာ မတွေ့ရပါဘူး။ ရှင်းရှင်းပြောရရင်တော့ သွေးလွန်တုပ်ကွေးရောဂါက လျစ်လျူရှုခံထားရတာပါပဲ” ဟု Hii က ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အေအက်ဖ်ပီ

အိုလီဗာ ဆလိုး

အိုလီဗာ ဆလိုး

အိုလီဗာ ဆလိုးသည် မြန်မာနိုင်ငံတွင် သတင်းသမားတစ်ဦးအဖြစ် လုပ်ကိုင်လာခဲ့သည်မှာ သုံးနှစ်ခွဲကျော် ရှိခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးတို့ အပါအဝင် အကြောင်းအရာမျိုးစုံ ရေးသားခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

မြန်မာတစ်နိုင်ငံလုံးက ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်ကို တင်ဆက်ဖို့အချိန် ရောက်လာပါပြီ။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar