အခြားသော နိုင်ငံအများအပြားနည်းတူ ရိုးရာယုံကြည်မှုများက သတ်မှတ်သည့် အကြောင်းတရားများကြောင့် မြန်မာနိုင်ငံရှိ အဓိကဘာသာများတွင်လည်း အမျိုးသမီးများသည် ခွဲခြားခံရမှုများနှင့် တွေ့ကြုံနေရသည်။
ဆုမြတ်မွန် ရေးသားသည်။
ကမ္ဘာ့နေရာ အများအပြားနည်းတူပင် ရှေးရိုးစဉ်လာ၊ ယဉ်ကျေးမှုနှင့် အယူသည်းမှုတို့ကြောင့် မြန်မာနိုင်ငံ၌ လိုက်နာကျင့်သုံးနေသော အဓိက ဘာသာတရားများတွင် အမျိုးသမီးများအား ဒုတိယတန်းနေရာသို့ လျှော့ချထားလျက်ရှိသည်။
ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊ ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်စေ သီလရှင်များသည် ဘုန်းတော်ကြီးများ၊ သို့မဟုတ် ခရစ်ယာန်ဘုန်းကြီးများနည်းတူ အဆင့်အတန်းတူ ခံစားခွင့်မရကြသည့်ပြင် အမျိုးသားများကသာ ဗလီနှင့် ဟိန္ဒူဘုရားကျောင်းများ၏ လုပ်ငန်းဆောင်တာများကို ကြီးကြပ်ကွပ်ကဲကြသည်။
အမျိုးသမီးအများစုက သူတို့တွေ့ကြုံနေရသော ခွဲခြားဆက်ဆံခံရမှုများကို ငြိမ်သက်စွာ သည်းခံကြသော်လည်း တချို့က ဒုတိယတန်းအဆင့် ယုံကြည်သူများအဖြစ် ဆက်ဆံခံနေရသည်ကို မေးခွန်းထုတ်လာကြသည်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွင် သီလရှင်တစ်ပါးသည် ဘုန်းတော်ကြီးတစ်ပါးလောက် အရိုအသေ အလေးအမြတ်ပြုခြင်း မခံရပေ။ သီလရှင်များသည် ပဉ္စင်းတက်သကဲ့သို့ သိမ်ဝင်သိက္ခာတင်ပေးခြင်းမျိုး မခံရဘဲ လူမှုရေးဆိုင်ရာ အဆင့်အတန်းတူကိုလည်း မရနိုင်ပေ။ သီလရှင်ကျောင်းများသည် ဘုန်းတော်ကြီးကျောင်းများထက် သိသိသာသာ ပိုမိုဆင်းရဲနွမ်းပါးကြသည်။
သီလရှင်များ အလှူခံထွက်သောအခါ လှူဖွယ်ပစ္စည်း အရနည်းသည်။ မလှူဒါန်းနိုင်၍ ခွင့်ပန်သောအားဖြင့် ‘အကြွေမရှိသေးလို့ပါဘုရား’ ဟူသောအသုံးအနှုန်းသည် လူတိုင်းပြောနေကျ စကားလုံးဖြစ်သည်။
မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ သီလရှင် ၆၀,၀၀၀ အား ခွဲခြားဆက်ဆံမှုကို မီးမောင်းထိုးပြသော ဆိုရိုးတစ်ခုပင် ရှိနေသည်။ “သီလရှင်တွေမှာ နေစရာဘုံ မရှိဘူး” ဟူသောဆိုရိုး ဖြစ်သည်။
သီလရှင်များအား ခွဲခြားဆက်ဆံမှုကို ကောင်းစွာ သိထားကြသော်လည်း လူသိရှင်ကြား ဆွေးနွေးသည်ကိုမူ တွေ့ရခဲသည်။ သြဂုတ်လဆန်းပိုင်းက ၎င်း၏တက္ကသိုလ်သို့ လာရောက်ကြသော အလှူရှင်အဖွဲ့တစ်ဖွဲ့က ၎င်းအား လျစ်လျူရှုပုံနှင့်ပတ်သက်၍ သီလရှင်တစ်ပါးက ဆိုရှယ်မီဒီယာပေါ်၌ ထုတ်ဖော်ပြောကြားခဲ့ရာ သီလရှင်တစ်ပါးက ဘဝအခြေအနေကို ညည်းတွားဖွင့်ဟခြင်းနှင့် စိတ်ခံစားမှုကို ထုတ်ဖော်ပြောကြားခြင်းမှာ မသင့်တော်ကြောင်း လူအများအပြား၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။
ဝေဖန်ပြောကြားသူ အများစုမှာ အမျိုးသားများ ဖြစ်ဟန်ရှိသည့်တိုင် အမျိုးသမီးအများအပြားကမူ ဆိုရှယ်မီဒီယာပေါ်တွင် ၎င်းအား အားပေးထောက်ခံခဲ့ကြသည်။
ဒေါ်ဧသုခစာရီ(Daw Esukhacari) ဟု ဘွဲ့အမည်ရှိသော အဆိုပါသီလရှင်မှာ ဗဟန်းမြို့နယ် ရွှေကြာရုံ သီလရှင်ကျောင်းတိုက်တွင် သီတင်းသုံးနေသူဖြစ်ပြီး မြောက်ဒဂုံမြို့နယ် သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၌ မဟာဝိဇ္ဇာတန်းတက်နေသော သီလရှင် တစ်ပါးဖြစ်သည်။
တက္ကသိုလ်ဆွမ်းစားဆောင်တွင် ၎င်း နေ့ဆွမ်းဘုဉ်းပေးနေစဉ် ဘုန်းတော်ကြီး ၂၄ ပါးလည်း ဆွမ်းဘုဉ်းပေးလျက်ရှိကြောင်း၊ လှူဖွယ်များ ဆက်ကပ်ကြသောအခါ လူပုဂ္ဂိုလ်တို့က ၎င်းအား ဥပေက္ခာပြုခဲ့ကြကြောင်း ဒေါ်ဧသုခစာရီက ဖေ့စ်ဘွတ်ခ်တွင် ရေးသားဖော်ပြခဲ့သည်။
၂၀၁၄ နိုဝင်ဘာက မြန်မာနိုင်ငံရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း အနှစ် ၅၀၀ ပြည့်အခမ်းအနားကျင်းပစဉ်က ကက်သလစ်သီလရှင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ
ဒေါ်ဧသုခစာရီသည် ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် မကျေနပ်ချက် ဖော်ထုတ်ရသည့် အဓိကအကြောင်းရင်းမှာ အသိအမှတ်ပြုရန် ငြင်းဆန်ခံရခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ၎င်းက အလှူရှင်အဖွဲ့ကို အပြစ်မတင်ဘဲ သီလရှင်တစ်ပါးက မဟာဝိဇ္ဇာတန်း တက်ရောက်နေလိမ့်မည်ဟု သူတို့မစဉ်းစားမိ၍ ဖြစ်လိမ့်မည်ဟု ယုံကြည်မိကြောင်း ၎င်းက ဆိုသည်။
“ဘုန်းတော်ကြီးတွေသာ အမ်အေဒီဂရီကို တက်နေတယ်လို့ သူတို့ထင်ကြမှာပေါ့” ဟု ၎င်းက Frontier ကို ပြောသည်။
“(အလှူခံပုဂ္ဂိုလ်)အုပ်စုထဲကနေ ဖယ်ထုတ်ခံရတဲ့အတွက် အရမ်းရှက်မိပါတယ်။ ပို့စ်ကိုတင်တဲ့ ရည်ရွယ်ချက်က ငွေကြေးမရလို့တင်တာ လုံးဝမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
သီလရှင်များသည် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြရသည်။ သီလရှင်များ ဆွမ်းဆန်အလှူခံထွက်သည့်အခါ ကုန်းကြောင်းသာ လျှောက်သွားရမည်ဟု လူအများက သဘောထားကြသည့်အတွက် တခါတရံ သူတို့ ဘတ်စကားစီးသည့်အခါ နှောက်ယှက်ခံရခြင်းသည်လည်း အခက်အခဲတစ်ခု ဖြစ်နေသည်။
သီလရှင်ကျောင်းတိုက်များ ရှားပါးသဖြင့် သီလရှင်အများစုမှာ နိုင်ငံတဝန်းလုံးရှိ တရားရိပ်သာများ၊ သို့မဟုတ် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးကြရသည်။ သို့သော် သူတို့အားလုံးမှာ ရိပ်သာ၊ သို့မဟုတ် ဘုန်းတော်ကြီးကျောင်းများရှိ ကျောင်းထိုင်ဆရာတော်များအား အကူအညီပေးခြင်းအပါအဝင် ပုံမှန်အားဖြင့် ဝေယျာဝစ္စ အများအပြားကို ဆောင်ရွက်ပေးခြင်းဖြင့် နေထိုင်ကြရကြောင်း ဒေါ်ဧသုခစာရီက ပြောသည်။
သီလရှင်အများစုမှာ ပညာမတတ်ကြဟု အယူအဆ မှားနေကြကြောင်းနှင့် သီလရှင်အများအပြားမှာ အဆင့်မြင့် အတန်းပညာများ တတ်မြောက်ထားကြကြောင်း ၎င်းက ပြောသည်။
ဝေဖန်ခံရလိုက်သော်လည်း ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်အတွက် နောင်တမရကြောင်းနှင့် အချို့သူများက ထောက်ခံအားပေးသည့်အတွက် ဝမ်းသာမိကြောင်း ဒေါ်ဧသုခစာရီက ပြောသည်။
“ပို့စ်တင်လိုက်တဲ့ ရလဒ်ကြောင့်(အတန်းတူတက်နေကြတဲ့) သံဃာတော်တွေက ပုံမှန်နဲ့နှိုင်းရင် ဆရာလေးကို ပိုပြီးအလေးဂရုပြုလာပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်ပို့စ်တင်တာ ဆရာလေးလားလို့ တက္ကစီယာဉ်မောင်းကတောင် မေးဖူးတယ်။ (ဆရာလေးက ဟုတ်တယ်လို့ပြောတော့) အရင်ကြုံဖူးတာထက်ပိုပြီး သူက ရိုရိုကျိုးကျိုး ဆက်ဆံလာတယ်” ဟု ၎င်းက ပြောသည်။
ခရစ်ယာန်ဘာသာ
ချစ်ပုံဟုလည်းခေါ်သော စစ္စတာ အယ်လီစဘက် ချစ်ပုံသည် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ၁၉၈၅ ခုနှစ်က ခရစ်ယာန်သီလရှင် ဝတ်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံ ကက်သလစ် ဘစ်ရှော့ကွန်ဖရင့်၏ လက်အောက်ခံ ပြည်တွင်းအင်န်ဂျီအို တစ်ခုဖြစ်သော ကရုဏာ သာသနာပြု လူမှုရေး အဖွဲ့အစည်း Garuna Mission Social Solidarity တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
ခွဲခြားဆက်ဆံမှုကို ပြောင်ပြောင်တင်းတင်း မခံခဲ့ရဖူးသော်လည်း ၎င်းအား လူမှုအဖွဲ့အစည်းဝင် ဒုတိယတန်းစား အဆင့်အဖြစ် ဆက်ဆံသည်ကို တခါတရံ ခံခဲ့ရကြောင်း စစ္စတာ အယ်လီစဘက် ချစ်ပုံက ပြောသည်။
ရိုမန်ကက်သလစ် အခမ်းအနားများတွင် အမျိုးသားများက ရှေ့ဆုံးတန်းတွင် ထိုင်ကြရပြီး အမျိုးသမီးများက နောက်တန်း၌ ထိုင်ကြရသည်မှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီကိစ္စကို ပြန်စဉ်းစားကြည့်တဲ့အခါ မြန်မာ့ယဉ်ကျေးမှုအရ ဖြစ်မယ်လို့ ထင်မိပါတယ်” ဟု စစ္စတာ အယ်လီစဘက် ချစ်ပုံက ပြောသည်။
ဤနိုင်ငံ၏ ယဉ်ကျေးမှုမှာ အမျိုးသားများက ပိုမြတ်သည်ဟူသော အယူအဆဖြစ်ကြောင်း ၎င်းက ပြောသည်။
“မိဘတွေက ကလေးတွေကို သင်ကြားဆုံးမတဲ့နည်းလမ်းက သိပ်ကို အရေးကြီးတဲ့အတွက် ကျားမခွဲခြားမှုက မိသားစုကနေ ဆင်းသက်လာတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၄ နိုဝင်ဘာက မြန်မာနိုင်ငံရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း အနှစ် ၅၀၀ ပြည့်အခမ်းအနားကျင်းပစဉ်က ကက်သလစ်သီလရှင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ
ခရစ်ယာန် ဘုန်းတော်ကြီးများသည် အမျိုးသားများဖြစ်၍ အခက်အခဲများကို ဖြေရှင်းရာတွင် သူတို့က အမျိုးသမီးများထက် ပိုတော်သည်ဟု လူအများက ယုံကြည်ထားကြကြောင်း စစ္စတာ အယ်လီဇဘက် ချစ်ပုံက ပြောသည်။
အမျိုးသားနှင့် အမျိုးသမီးများသည် နိုင်ငံရေး၊ လူမှုအဖွဲ့အစည်းနှင့် ဘာသာရေးကဏ္ဍတို့တွင် တူညီသော အခန်းကဏ္ဍများ ရရှိထားမည်ဆိုပါက လူ့အဖွဲ့အစည်းအတွက် အကျိုးရှိလိမ့်မည်ဖြစ်ကြောင်း စစ္စတာ အယ်လီစဘက် ချစ်ပုံက ပြောသည်။
“လူတွေက ‘အဖွဲ့အစည်း’ ဆိုတဲ့စကားလုံး တွေ့လိုက်တာနဲ့ အမျိုးသား ဦးဆောင်နေတဲ့ အုပ်စုတစ်ခု ဖြစ်ရမယ်လို့ သူတို့ထင်ကြတယ်။ ဒါပေမဲ့ အမျိုးသမီးတွေလည်း ခေါင်းဆောင်မှု အခန်းကဏ္ဍကို ယူထားတာ ရှိတဲ့အတွက် ဒီအချက်က မှားနေပါတယ်” ဟု ၎င်းက ပြောသည်။
လူ့အဖွဲ့အစည်း၌ ကျယ်ကျယ်ပြန့်ပြန့် ခံယူထားသည်မှာ အမျိုးသမီးများသည် အမျိုးသားများနောက်က လိုက်ရမည်ဟူ၍ဖြစ်သည်။
တန်းတူညီမျှမှုအတွက် အဟန့်အတားတစ်ခုမှာ အခန်းကဏ္ဍအချို့သည် အမျိုးသားများအတွက် သီးသန့်ဖြစ်သည်ဟု အမျိုးသမီးများက ခံယူထားကြခြင်းဖြစ်သည်။
ခေါင်းဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အမျိုးသမီးများက မိမိတု့ိစွမ်းရည်ကို တခါတရံ ယုံကြည်မှုနည်းကြပြီး ‘ကန့်လန့်ကာနောက်ကွယ်မှနေ၍’ အမျိုးသားများကို အထောက်အကူ ပေးနေကြကြောင်း ၎င်းက ပြောသည်။
ထုံးစံအားဖြင့် အမျိုးသားများအတွက်သာဖြစ်သော အခန်းကဏ္ဍများတွင် မည်သို့ဆောင်ရွက်ရမည်ကို မသိသဖြင့် စိတ်ပူပန်မှုကြောင့် အမျိုးသမီးများသည် ထင်ရှားသော ခေါင်းဆောင်မှုနေရာကို ရယူရန် ဝန်လေးတတ်ကြသည်။
သို့ရာတွင် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ယင်းသို့သော ယဉ်ကျေးမှုဆိုင်ရာ အခက်အခဲ အဟန့်အတား ဖြစ်မှုများကို ဥပေက္ခာပြု၊ သို့မဟုတ် ကျော်လွှားနိုင်ခဲ့သော အမျိုးသမီး တစ်ဦး၏ စိတ်လှုပ်ရှားတက်ကြွဖွယ် စံနမူနာတစ်ခုကို တွေ့နိုင်သည်။
“ဒေါ်စု(နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်) ကိုပဲ ကြည့်ပါ၊ သူက အကောင်းဆုံး စံနမူနာပါပဲ” ဟု ၎င်းက ပြောသည်။
သို့သော် အမျိုုးသမီးများသည် ခရစ်ယာန် ဘုန်းတော်ကြီးများ ဖြစ်ရမည်ဟု ၎င်းက မယုံကြည်ပါ။
“အမျိုးသမီး ခရစ်ယာန် ဘုန်းတော်ကြီးများ ဘာကြောင့် မရှိရတာလဲ။ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးအများစု မေးလေ့ရှိတဲ့ ခေတ်ပေါ်မေးခွန်းပါပဲ။ အမျိုးသမီးတွေက ဘုန်းကြီးဝတ်မယ်လို့ပြောရင် သူတို့တွေကို အစွန်းရောက်သူတွေလို့ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေကို ဒီနေရာပေးလိုက်ရင် အဲဒီတာဝန်တွေအားလုံးကို ကောင်းကောင်းမွန်မွန် လုပ်နိုင်မှာ မဟုတ်လို့ပါ” ဟု ၎င်းက ရယ်ရယ်မောမောနှင့် ပြောသည်။
စစ္စတာ အယ်လီဇဘက် ချစ်ပုံ၊ ဒေါက်တာ သက်စုထွေး၊ ဒေါ်ဧသုခစာရီ၊ မလွင်မာဦးတို့အား တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုးနှင့် သိမ့်မွန်စိုး(ဂျေ)
အစ္စလာမ်ဘာသာ
“တားမြစ်ချက်တွေက ယောက်ျားတွေ မိန်းမတွေမှာ ရှိတာချင်းအတူတူပါပဲ။ အလ္လာဟ်က အမျိုးသမီးတွေအတွက်ပဲ တားမြစ်ထားတာ မဟုတ်ပါဘူးလို့ ပြောလို့ရပါတယ်း။ ဒါပေမဲ့ (ခွဲခြားဆက်ဆံမှု) က ယဉ်ကျေးမှုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်” ဟု မိသားစုစီမံကိန်း အကြံပေးအဖြစ် ဆောင်ရွက်နေသော ဒေါက်တာ သက်စုထွေးက ပြောသည်။
ယောက်ျားနှင့် မိန်းမသည် ရုပ်ပိုင်းဆိုင်ရာအရ ကွဲပြားခြားနားမှု ရှိသော်လည်း ခွဲခြားဆက်ဆံပြီး မိန်းမများအား ဖိနှိပ်ရန်မလိုကြောင်း ဒေါက်တာ သက်စုထွေးက ဆိုသည်။ “ ဒါက ကြောင်းကျိုးဆီလျော်မှု မရှိပါဘူး” ဟု ၎င်းက Frontier ကို ပြောသည်။
ကလေးမွေးသောအခါ သတ္တိလိုအပ်ပြီး နာကျင်မှုကိုလည်း ခံနိုင်စွမ်းရှိရသည်။ သို့သော်လည်း ကလေးမွေးမပေးနိုင်၍ဟုဆိုကာ ယောက်ျားများကို မိန်းမများက ခွဲခြားဆက်ဆံလေ့မရှိကြောင်း ကလေးမွေးဖွားခြင်းကို နမူနာပြကိုးကားလျက် ဒေါက်တာ သက်စုထွေးက ပြောသည်။
ယုံကြည်မှုတွင် ယဉ်ကျေးမှုနှင့် ရှေးရိုးစဉ်လာတို့ အနည်ထိုင်လာသည့်အတွက် ဘာသာရေး၌ တခါတရံ ပြဿနာများ တက်လာတတ်ကြောင်းနှင့် ယင်းအကြောင်းကြောင့် မိန်းမများအတွက် နေရာပိုကျဉ်းလာကြောင်း ၎င်းက ပြောသည်။
အစ္စလာမ်ဘာသာတွင် တန်းတူညီမျှမှုရှိသည်ကို ဟာ့ဂျ်ပွဲ၌ တွေ့ရကြောင်း၊ ဟာ့ဂျ်ပွဲသည် ကုန်ကျစရိတ် တတ်နိုင်ပါက မွတ်စလင်များ အားလုံးအတွက် တစ်သက်လျှင်တစ်ကြိမ် မက္ကာသို့ ဘုရားဖူးသွားသောပွဲ ဖြစ်ကြောင်းနှင့် ယင်းပွဲတွင် ယောက်ျားနှင့်မိန်းမ အတူတကွ ပါဝင်နိုင်ကြောင်း ဒေါက်တာ သက်စုထွေးက ပြောသည်။
ရခိုင်ပြည်နယ် သံတွဲမြို့မှ ဗလီ၌ ဘုရားဝတ်ပြုသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်
အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ဗလီအတွင်းသို့ ဝင်ခွင့်မပြုဟု မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသော်လည်း မှန်ကန်မှုမရှိကြောင်း ၎င်းက ပြောသည်။ ဗလီထဲတွင် ကျား၊ မ နေရာ ခွဲထားရန် လိုအပ်ပေရာ အများအားဖြင့် ဗလီများ၌ မိန်းမနှင့် ယောက်ျား နှစ်ဦးစလုံးအတွက် နေရာလုံလောက်မှုမရှိဟု ဆိုသည်။
ရန်ကုန်မြို့ရှိ ဗလီအနည်းငယ်သာ မိန်းမနှင့်ယောကျ်ား နှစ်ဦးစလုံးကို နေရာအလုံအလောက် ချထားပေးနိုင်လောက်အောင် ကြီးမားကျယ်ဝန်းကြောင်း ၎င်းက ပြောသည်။
အမျိုးသမီးများသည် ကလေးများနှင့် အတူရှိနေခြင်းကသာ လျော်ကန်သင့်မြတ်သည့်အတွက် ဖြစ်နိုင်ပါက အမျိုးသမီးများသည် အိမ်၌သာ ဘုရားဝတ်ပြုရန် အစ္စလာမ်ဘာသာရေးဆိုင်ရာ ဟဒီစ်ကျမ်းစာအုပ်များတွင် အကြံပြုထားသည်။
ခွဲခြားဆက်ဆံခံရသည့် မကျေနပ်ချက်ကို ထုတ်ဖော်ရန် အမျိုးသမီးအများစုက စဉ်းပင်မစဉ်းစားမိကြကြောင်းနှင့် တန်းတူညီမျှမှုအကြောင်း သိနားလည်မှုကို မြှင့်တင်ပေးရန်သာ ပိုမိုအားထုတ်ဖို့လိုကြောင်း ၎င်းက ပြောသည်။
“ဘာသာရေးမှာ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ ဘယ်လို ဆက်ဆံခံရတယ်ဆိုတာ အမျိုးသမီးတွေ သိမြင်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ (အခွင့်အလမ်းတွေ) အတွက် ကျွန်မတို့ အလုပ်လုပ်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
ဟိန္ဒူဘာသာ
မစ္စ မီရာ ဆန်တို့ရှ် ခေါ် မလွင်မာဦးသည် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတွင်း ညီညွတ်မှုနှင့် နားလည်မှု မြှင့်တင်ရေးကို ဆောင်ရွက်နေသော ငြိမ်းချမ်းရေးအတွက် ဘာသာရေး Religion for Peace အဖွဲ့တွင် လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဓမ္မတာလာနေသော အမျိုးသမီးများကို မိသားစုမီးဖိုဆောင်ထဲသို့ ဝင်ရောက်ခြင်း၊ ဘုရားဆင်းတုတော်များအား ကိုင်တွယ်ခြင်းနှင့် ဘုရားကျောင်းထဲ ဝင်ရောက်ခြင်းတို့ကို ဟိန္ဒူဘာသာက တားမြစ်ထားကြောင်း မလွင်မာဦးက ပြောသည်။
ဓမ္မတာလာချိန်တွင် အမျိုးသမီးများသည် အားနည်းနေပြီး အနားယူရန် လိုအပ်သည်ဟူသော ယုံကြည်မှုမှ ဤတားမြစ်ချက် ဆင်းသက်လာဟန်ရှိသည်။ အယူသီးမှုကြောင့် နောက်ပိုင်းတွင် သဘောထား ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဓမ္မတာလာနေသော အမျိုးသမီးများကို “ညစ်ညမ်းသည်” ဟု သဘောထားကာ ထိုကာလအတွင်း ဘုရားရုပ်တုအား ကိုင်တွယ်ပါက ကြီးလေးသော အပြစ်ကျူးလွန်မှုအဖြစ် သဘောထားသည်။
“အလွန်ကြီးလေးတဲ့ အပြစ်ကို ကျူးလွန်နေကြတယ်လို့ အပြောခံကြရပါတယ်” ဟု မလွင်မာဦးက ပြောသည်။
၂၀၁၆ ဇွန်လက ရှာနီဆုတောင်းပွဲတစ်ခုတွင် ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)
“ကျွန်မကတော့ ဒီတားမြစ်ချက်ကို လိုက်နာနေဆဲပဲဖြစ်ပြီး ဘုရားကို ကိုင်တွယ်ရင် အပြစ်ကျူးလွန်တယ်လို့ ထင်မိပါတယ်” ဟု ၎င်းက Frontier ကို ပြောသည်။
ဓမ္မတာလာနေသော ဟိန္ဒူအမျိုးသမီးတစ်ဦးသည် ရက်သတ္တပတ် တစ်ပတ်ခန့် ဘုရားကျောင်း မတက်ရပေ။
ဒါရ်ဂါပူးဂျာ Durga Pooja ကဲ့သို့သော အရေးပါသည့် ဟိန္ဒူပွဲတော်များ နီးလာပါက အချိန်ချင်း တိုက်ဆိုင်မှု မရှိပါစေနှင့်ဟု ဆုတောင်းနေရကြောင်း မလွင်မာဦးက ပြောရင်းရယ်နေမိသည်။
“ကံအားလျော်စွာပဲ ဘုရားသခင်က ကျွန်မကို စောင်မကူညီတော်မူပါတယ်” ဟု ၎င်းက ပြောသည်။ အရေးကြီးသော ဘာသာရေးပွဲတော်များနှင့် တကယ်တမ်း တိုက်ဆိုင်မည်ဆိုပါက ယောကျ်ားလေးအဖြစ် မွေးလာခဲ့ရင် ကောင်းမှာပဲဟု ဆန္ဒပြုမိမည်ဖြစ်ကြောင်းလည်း ပြောသည်။
ဟိန္ဒူဘာသာတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုသည် တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်ဟု ယုံကြည်ကြောင်း မလွင်မာဦးက ပြောသည်။
“ပြောင်းလဲမှု ဖြစ်ခဲ့မယ်ဆိုရင် မိန်းကလေးတွေမှာ ယောကျ်ားကလေးတွေလို လွတ်လပ်ခွင့် ပိုရှိလာပါလိမ့်မယ်။ ယောကျ်ားကလေး ဖြစ်ချင်တယ်ဆိုတဲ့ မိန်းကလေးလည်း မရှိသလောက် ဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ဉာဏ်တင် ဘာသာပြန်သည်။