လှိုင်သာယာတွင် မဲလိမ်ပေးသည်ဆိုသူ လေးဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ ဧပြီ ၁

လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအတွင်း မဲလိမ်ပေးသူ လေးဦးကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ (ဂ) နှင့် (ဇ) တို့ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

အမှတ် ၁၂ရပ်ကွက်တွင် နေထိုင်သူ ဒေါ်သန်းရွှေ၊ ဒေါ်ချောစုထွန်း၊ ဦးထိန်လင်းနှင့် ဒေါ်ပြည့်ပြည့်တို့လေးဦးကို လှိုင်သာယာမြို့နယ် သောင်ကြီးရဲတပ်ဖွဲ့ခွဲ့စခန်းက အမှုဖွင့် အရေးယူခဲ့ခြင်းလည်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉/ ဂ တွင် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူအားပေးခြင်း၊ ပုဒ်မ ၅၉/ ဇ တွင် သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို လာရောက်တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်းတို့ကို ထင်ရှားစွာ ပြစ်မှုကျူးလွန်ကြောင်း စီရင်ခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

အရေးယူခံရသူ လေးဦးက ယနေ့ နံနက် ၉ နာရီခန့်တွင် အမှတ် ၁၂ ရပ်ကွက်အတွင်းရှိ မဲရုံ ၅ နှင့် ၈ တို့၌ မဲလိမ်လည်ပေးခဲ့သူများအဖြစ် စွပ်စွဲထားသည်။ ဦးထိန်လင်းတစ်ဦးက မဲနှစ်မဲနှင့် ဒေါ်ပြည့်ပြည့်က တစ်မဲ စုစုပေါင်း မဲ သုံးမဲ ပေးခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးကို ပုဒ်မ ၅၉ (ဇ) ဖြင့် အမှုဖွင့်ထားသည်။

ကျန်နှစ်ဦးမှာ မဲလိမ်ပေးရာသို့ လိုက်ပါလာသူများဖြစ်ပြီး မဲလိမ်ပေးရန် ရည်ရွယ်ချက်ရှိသဖြင့် ရဲစခန်းက ပုဒ်မ ၅၉ (ဂ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“မဲရုံ ၈ မှာ မဲပေးခဲ့ပြီးပြီ နောက်မဲရုံ ၅ မှာလည်း မဲထပ်ပေးအပြီး လက်ကိုမှင်တို့မယ့်အချိန်မှာ တွေ့တာ။ အဲဒီအချိန် ကော်မရှင်က စစ်ဆေးမေးမြန်းပြီးတော့ ရဲလက်ထဲ အပ်လိုက်ပါတယ်” ဟု လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိမ်းစိုးက ပြောသည်။

အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်သည့် ဒေါ်သန်းရွှေ၏သားဖြစ်သူ ဦးခိုင်မင်းထွန်းက “ကျွန်တော့်အမေက သူ့သား ခင်မောင်ထွန်းနဲ့ သူ့သမီး သန်းသန်းအေးအစား သူမသွားနိုင်လို့ အခုထိန်လင်းနဲ့ တစ်ယောက်ကို ထည့်ခိုင်းတာ။ ရှင်းရှင်းလေးပါပဲ။ အိမ်ထောင်စုစာရင်းထဲလဲ ခင်မောင်ထွန်းနဲ့ သန်းသန်းအေးက ပါတယ်။ ကျွန်တော့် အစ်ကိုနဲ့ ညီမပါ” ဟု ဆိုသည်။

လှိုင်သာယာမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် မဲပေးရာတွင် ယခုကဲ့သို့ ရဲအရေးပိုင်သည့် အမှုတစ်ခုတည်းသာ ဖြစ်ပေါ်မှုရှိပြီး မဲပေးနိုင်သူများအားလုံး အဆင်ပြေစေရေး ပိုမို ဂရုစိုက်ဆောင်ရွက် နေကြောင်း မြောက်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်မောင်အေးက ဆိုသည်။

အမှုဖွင့်ခံထားရသူများ ပေးခဲ့ပြီးသည့် မဲသုံးမဲကို ပါတီကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များဖြင့် ပူေးပါင်းကာ မဲရေတွက်ရာတွင် ပြန်လည်ထုတ်ပယ်ရန် ဆွေနွေးထားကြောင်းလည်း ၎င်းကဆိုသည်။

သို့သော်လည်း လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူများအပြင် စက်ရုံအလုပ်သမား မဲဆန္ဒရှင်အချို့ကမူ မဲစာရင်းတွင် မပါဝင်သောကြောင့် မဲမပေးရသည့် အခြေအနေများရှိခဲ့သည်။

လှိုင်သာယာအမှတ် ၈ ရပ်ကွက် နတ်မောက်လမ်းနေ ဒေါ်ခင်သန်းဦးက “အမျိုးသားနာမည် ပါတယ်။ မဲပေးရတယ်။ တစ်အိမ်ထဲနေတဲ့ ကျွန်မနာမည်မပါဘူး။ မဲပေးလို့မရဘူး။ မဲရုံသွားတော့လည်း မဲပေးလို့မရဘူးပဲ ပြောတယ်” ဟုဆိုသည်။

ဒေါ်ခင်သန်းဦးက ၂၁၀၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ယခုမဲရုံအမှတ် ၉ တွင်ပင် မဲပေးရကြောင်း၊ ယခု ကြားဖြတ်တွင်မူ မဲစာရင်းတွင် အမည်မပါသဖြင့် မဲပေးခွင့်မရဟု ဆိုသည်။

လှိုင်သာယာစက်မှုဇုန် ၁ အတွင်းရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်သူ၊ ရွေးကောက်ပွဲနေ့တွင်လည်း အလုပ်ဆင်းနေရသူ အမှတ် ၁၃ ရပ်ကွက်နေ မသင်းမြတ်ကလည်း “မနက်က မဲပေးဖို့ကို မမှီလိုက်ဘူး။ အလုပ်က ၇ နာရီဝင်ရတယ်။ အလုပ်ကို ခွင့်ယူတာလည်း အလုပ်က ခွင့်မပေးလို့ မဲပေးလို့မရတော့ဘူး။ မဲဆန္ဒရှင် သက်သေခံလက်မှတ်က ရထားပြီပြီ” ဟု ဖုန်းဖြင့်ဖြေကြားသည်။

လှိုင်သာယာမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ သုံးသိန်းခုနှစ်သောင်းကျော်အထိရှိပြီး မဲရုံ ၂၆၂ ရုံရှိသည်။

ထိုအထဲတွင် ကြိုတင်မဲပေးထားသူ ၁,၀၀၀ ကျော်ခန့်သာရှိကြောင်း သိရသည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar