အတွေးအမြင်
မြန်မာနှင့် ကမ္ဘောဒီးယားကို လူကုန်ကူးမှု အားပေးသော နိုင်ငံများအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ခြင်းသည် ယင်းအခြေအနေအပေါ် စိုးရိမ်ကြောင်း ယဉ်ယဉ်ကျေးကျေး ပြောဆိုနေကြခြင်းထက် ပို၍ ပြင်းထန်သော အရေးယူမှုများကို ပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
By JACOB SIMS | ဖရွန်တီးယား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာ ကို ပြီးခဲ့သည့်လက ထုတ်ပြန်သည့်အခါ မြန်မာနိုင်ငံသည် ရှက်ဖွယ်အကောင်းဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် နောက်တစ်နှစ် ထပ်မံ သက်တမ်းတိုးခံလိုက်ရသည်။ ၎င်းစာရင်းမှာ လူကုန်ကူးမှုကို အားပေးသည့် “မူဝါဒနှင့် လုပ်ဆောင်သည့်ပုံစံများ” ကို တရားဝင် လက်ခံကျင့်သုံးနေသော နိုင်ငံများစာရင်း ဖြစ်သည်။
လူကုန်ကူးမှုကို မတားမြစ်သည့်အပြင် လူကုန်ကူးမှုမှ အကျိုးအမြတ်ရရှိကာ လူသားခေါင်းပုံဖြတ်မှု စနစ်များကို သက်ဆိုးရှည်အောင် အကာအကွယ်ပေးလျက် တက်တက်ကြွကြွ အားပေးအားမြှောက်ပြု နေသော နိုင်ငံများကို ဖော်ထုတ်ရန် ရည်ရွယ်၍ အဆိုပါစာရင်းကို ၂၀၂၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ် ပြုလုပ်ခဲ့ပြီး စတင်သည့်နှစ်ကတည်းကပင် မြန်မာနိုင်ငံသည် အဆိုပါစာရင်းတွင် ပါဝင်လာခဲ့သည်။
ယခုနှစ်တွင်မူ မြန်မာနိုင်ငံအတွက် အရှေ့တောင်အာရှဒေသက အပေါင်းအဖော် နိုင်ငံတစ်နိုင်ငံ ရရှိလာသည်။ ၎င်းမှာ ရာဇဝတ်မှုများ ကျူးလွန်နေသော အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသည့် ကမ္ဘောဒီးယားနိုင်ငံ ဖြစ်သည်။
မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ၏ ဇာတ်လမ်းမှာ အလွန် ကွဲပြားခြားနားသည်။ ကမ္ဘောဒီးယားဖြစ်စဉ်တွင် အားကောင်းခိုင်မာသော စစ်အစိုးရက ရာဇဝတ်မှုများကို တည်တည်ငြိမ််ငြိမ် အကာအကွယ် ပေးထားခြင်းကြောင့် ဖြစ်သည်။ မြန်မာဖြစ်စဉ်၌မူ ၂၀၂၁ အာဏာသိမ်းမှုမှ ပေါ်ထွက်လာသော တရားမဝင်အစိုးရ၏ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးခဲ့ရပြီးနောက် ၎င်းတို့ရှင်သန်ရေးအတွက် အာဏာကို ဆက်လက်ဖက်တွယ်၍ ထိရောက်စွာ မအုပ်ချုပ်နိုင်သော အခြေအနေကို မြစ်ဖျားခံသည်။
လာလမ်းမတူသော်လည်း ၂ နိုင်ငံလုံး၏ ဆိုက်ရောက်ရာ ပန်းတိုင်မှာမူ အောက်ဆုံးငရဲဘုံချင်း တူညီနေသည်။ ၂ နိုင်ငံ၏ ဖြစ်ရပ်များက လူကုန်ကူးမှုသည် သီးခြားကိစ္စရပ်မဟုတ်ဘဲ အုပ်ချုပ်ရေးစနစ်၏ အကျိုးဆက်ရလာဒ် လက္ခဏာတစ်ရပ် ဖြစ်နေသည့်အချက်ကို ပြသနေသည်။
အုပ်ချုပ်ရေးနှင့် လူကုန်ကူးမှု တသားတည်းဖြစ်နေခြင်းက ပိုမိုနက်ရှိုင်းသော အမှန်တရားတစ်ခုကို ညွှန်ပြနေသည်။ ယင်းမှာ အစိုးရကြောင့် ဖြစ်ပေါ်သော လူကုန်ကူးမှုဆိုသည်မှာ နေ့ချင်းညချင်း ပေါ်ထွက်လာခြင်း မဟုတ်သလို ပုံသေကားချပ်ဆန်ဆန် ဖြစ်ထွန်းလာသည့် ပြဿနာလည်း မဟုတ်ပေ။ အစိုးရကြောင့် ဖြစ်ပေါ်သော လူကုန်ကူးမှုသည် ဆယ်စုနှစ်များနှင့်ချီ၍ ကြာမြင့်သော အကျင့်ပျက် ခြစားမှု၊ အပြစ်ကျူးလွန်သော်လည်း ဒဏ်ခတ်မခံရမှု၊ အခွင့်ကောင်းယူမှုများအပြင် အဆိုးဆုံး အနေအထားဖြစ်သည့် အကြမ်းဖက်မှုနှင့် ထိခိုက်နစ်နာစေမှုများကို အုပ်ချုပ်မှုယန္တရား ပုံစံတစ်ခုအဖြစ် ပြည်သူကို လက်ခံလာစေခြင်းတို့မှ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်းအတွက် သက်သေများမှာ ကမ္ဘောဒီးယားနိုင်ငံအတွင်း နှစ်ပေါင်းများစွာကတည်းက အထင်အရှား တည်ရှိနေခဲ့သည်။ ကမ္ဘာပေါ်တွင် အဓမ္မအလုပ်စေခိုင်းမှု အများဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည့် ကမ္ဘောဒီးယားအစိုးရသည် ၂၀၂၂ ကတည်းက လုပ်သား လူကုန်ကူးမှုတစ်ခုကိုမျှ တရားစွဲဆို အရေးယူခဲ့ခြင်း မရှိကြောင်း ၂၀၂၅ လူကုန်ကူးမှုအစီရင်ခံစာက ဖော်ပြသည်။
အကြောင်းရင်းမှာ အုပ်ချုပ်ရေးစနစ် အားနည်းမှုနှင့် ဝန်ထမ်း မလုံလောက်မှုတို့ကြောင့် မဟုတ်ဘဲ ကိုယ်ကျိုးစီးပွား ပါဝင်နေသည့် ပြဿနာ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍတိုင်းတွင် အရာရှိကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များက တိုက်ရိုက်ပိုင်ဆိုင်၍ အကျိုးအမြတ်ရယူနေပြီး လုပ်ငန်းနယ်ပယ်တစ်ခုလုံး၌ လူကုန်ကူးမှုကို အကြီးအကျယ် အကာအကွယ်ပေးနေကြသည်။
ကျင့်ဝတ်မညီသော နိုင်ငံဖြတ်ကျော် အလုပ်ခန့်ထားမှု အေဂျင်စီများ၊ အုတ်ဖုတ်ရုံများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အခြေခံ အလုပ်သမားအခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းများ မပြည့်မီသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုးရိုးစဉ်ဆက် ကျွန်ပြုခံလုပ်သားများဖြင့် လုပ်ငန်း လည်ပတ်လျက် ရှိသည်။ ထို့အပြင် ယနေ့အချိန်တွင် အကြီးစား (ဆိုက်ဘာ) အွန်လိုင်းလိမ်လည်မှု စခန်းများက လူသောင်းနှင့်ချီ၍ လူကုန်ကူးကာ ရာဇဝတ်မှုများကို အကြီးအကျယ် ကျူးလွန်လျက် ရှိသည်။
ပြန်လည်ပြုပြင်ထားသော ကာစီနိုရုံနှင့် ဇိမ်ခံမျှော်စင်များအပါအဝင် ပြန့်ကြဲနေသော အဆောက်အအုံများပါဝင်သော ဆိုက်ဘာလိမ်လည်မှုပြုလုပ်နေသော ခြံဝင်းများက အစိုးရကြောင့် ဖြစ်ပေါ်သော လူကုန်ကူးမှုအခြေအနေ၏ အထွတ်အထိပ်ရောက်နေမှုကို ညွှန်ပြနေသည်။ ကမ္ဘောဒီးယား အာဏာရ ပြည်သူ့ပါတီ၏ အထက်တန်းလွှာများနှင့် စီးပွားဖက်များ ပိုင်ဆိုင်သည့် အိမ်ခြံမြေများတွင် တည်ဆောက်ထားသော အဆိုပါ ခြံဝင်းများကို သူတို့အား ဖမ်းဆီးရန် တာဝန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များကပင် အကာအကွယ်ပေးထားသည်။ ခက်ခက်ခဲခဲ ထွက်ပြေးလွတ်မြောက်လာသူများကို အစိုးရအရာရှိများက ငွေညှစ်ခြင်းနှင့် ဆိုက်ဘာလိမ်လည်မှုစခန်းသို့ ပြန်ပို့ခြင်းများ ပြုလုပ်နေကြသည်။
တစ်ချိန်က လွတ်လပ်သော အဖွဲ့အစည်းဖြစ်ခဲ့သည့် ကမ္ဘောဒီးယား လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့သည်ပင် ပေါ်ပေါ်ထင်ထင် ဝါဒဖြန့်ချိရေးလက်နက်၊ မျက်နှာပြောင်တိုက် ငြင်းဆန်ရေးဌာန၊ လူကုန်ကူးခံရသူများကို အသရေဖျက်၍ အပြစ်ပုံချတတ်သော အဖွဲ့တစ်ခု ဖြစ်လာသည်။ ဤကိစ္စရပ်ကို စုံစမ်းထောက်လှမ်းသည့် သတင်းထောက်များနှင့် အန်ဂျီအိုအဖွဲ့များမှာ ခြိမ်းခြောက်ခံရခြင်း၊ တရားစွဲဆိုခံရခြင်း၊ နှင်ထုတ်ခံရခြင်းများနှင့် ကြုံတွေ့လာရသည်။
လူကုန်ကူးမှုယန္တရားကိုလည်း လျှို့ဝှက်ဖုံးကွယ်ထားခြင်း မရှိပါ။ ကမ္ဘောဒီးယား ကုမ္ပဏီမှတ်ပုံတင်ရုံး၏ မှတ်တမ်းများတွင် လူကုန်ကူးမှု၏ အဓိက အရေးပါသော အိမ်ခြံမြေများကို ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် နီးစပ်သည့် နိုင်ငံရေးအဆက်အသွယ်ရှိသော မိသားစုများနှင့် လုပ်ငန်းအုပ်စုများက ပိုင်ဆိုင်ထားကြောင်း ဖော်ပြနေသည်။ ကမ္ဘောဒီးယား၏ မြောက်များလှစွာသော အာဏာပိုင်အဖွဲ့များက ယင်းပြဿနာကို အဘယ့်ကြောင့် ထိထိရောက်ရောက် မဖြေရှင်းနိုင်ရသနည်းဟူသော မေးခွန်းအတွက် ဤအချိတ်အဆက်များက အဖြေပင် ဖြစ်သည်။ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းမစွပ်ဘဲ မည်သည့် အရေးယူမှုမျိုးကိုမှ ၎င်းတို့ ဆောင်ရွက်နိုင်ခြင်း ရှိမည် မဟုတ်ပေ။
သို့ဖြစ်၍ ကမ္ဘောဒီးယား၏ ဘက်ပေါင်းစုံ လူကုန်ကူးမှုအကြပ်အတည်းသည် နိုင်ငံတော်၏ ကျရှုံးမှု တစ်ခု မဟုတ်ဘဲ နိုင်ငံတော်၏ အုပ်ချုပ်ရေးဗျူဟာတစ်ရပ်သာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ အကျိုးဆက်အနေဖြင့် အထက်တန်းလွှာ၏ ပိုင်ဆိုင်မှုနှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ငှားရမ်းခများ ရယူနေသော အုပ်ချုပ်ရေးယန္တရားတွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းကြီး ပေါက်ဖွားရှင်သန်လာခဲ့သည်။
မြန်မာနိုင်ငံ၏ လမ်းကြောင်းမှာလည်း ကမ္ဘောဒီးယားနှင့် များစွာမကွာခြားလှဘဲ အလားတူ အကျင့်ပျက်ခြစားမှုရှိနေသည်ဟု ကောက်ချက်ချနိုင်သည်။ ဆယ်စုနှစ်များနှင့်ချီ၍ စစ်တပ်သည် ရွာသားများကို ပေါ်တာဆွဲခြင်း၊ မိုင်းရှင်းခိုင်းခြင်း နှင့် လမ်းတံတားဆောက်ခိုင်းခြင်း စသည့် အဓမ္မလုပ်သားစေခိုင်းမှုနည်းလမ်းကို တစိုက်မတ်မတ် ကျင့်သုံးနေခဲ့သည်။ ကလေးစစ်သား စုဆောင်းမှု များကို ရပ်ဆိုင်းမည်ဟု ထပ်ခါတလဲလဲ ကတိပေးနေသော်လည်း ကလေးစစ်သားများ စုဆောင်းနေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ ဒေသများ၌ လိင်ကျွန်စေခိုင်းမှုနှင့် လူကုန်ကူးမှုမှတ်တမ်းများ ရှိခဲ့သည်။ ၎င်းဖြစ်စဉ်များမှာ စစ်၏ ကြေကွဲစရာ နောက်ဆက်တွဲမျှသာ မဟုတ်ဘဲ အာဏာတည်မြဲရေး၏ အဓိကဗျူဟာများလည်း ဖြစ်သည်။
လူကုန်ကူးမှုကို အားပေးသည့် မူဝါဒများ ကျင့်သုံးနေသော အစိုးရစာရင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်တွင် စတင် သတ်မှတ်ချိန်ကတည်းက မြန်မာနိုင်ငံသည် စာရင်းဝင် နိုင်ငံဖြစ်လာရသည့် အကြောင်းရင်းမှာ လူကုန်ကူးမှုပုံစံများကို ထိုသို့ စနစ်တကျ ကျင့်သုံးနေခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါ မူဝါဒနှင့်ပုံစံများမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုမို ဆိုးဝါးနက်ရှိုင်းလာသည်။ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပြိုလဲသွားသည့်အခါ လူအင်အားအတွက်သာမက ငွေကြေးကိုပါ အထောက်အပံ့ပေးနိုင်မည့် လူကုန်ကူးမှု ဟူသော “စစ်ပွဲကာလ စီးပွားရေးလုပ်ငန်း”မှာ ပိုမိုကြီးထွား လာခဲ့သည်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှ ကရင်ပြည်နယ် ဘုရားသုံးဆူအထိ နယ်စပ်ဒေသတလျှောက်ရှိ အွန်လိုင်း လိမ်လည်မှုစခန်းများကို စစ်ကော်မရှင်နှင့် မဟာမိတ်ပြုထားသော ပြည်သူ့စစ်များနှင့် ၎င်းတို့၏ စီးပွားရေး မိတ်ဖက်များက ထိန်းချုပ်ထားသည်။ ကမ္ဘောဒီးယားရှိ စခန်းများနှင့် ဆင်တူသော်လည်း အခြေခံသဘောတရားမှာမူ ကွဲပြားခြားနားသည်။ မြန်မာနိုင်ငံရှိ အဆိုပါလုပ်ငန်းများသည် အခွင့်ထူးခံ လူတန်းစားကွန်ရက်များကို သာမက ရက်စက်သော စစ်တပ်၏ စစ်ဆင်ရေးများကိုပါ ငွေကြေးထောက်ပံ့ နေခြင်း ဖြစ်သည်။ စစ်တပ်နှင့် ကိုယ်ပွားအဖွဲ့များက ၎င်းစခန်းများမှ အခွန်ကောက်ယူကာ ရာဇဝတ်သား များကို အကာအကွယ် ပေးကြသည်။ အချို့ဖြစ်ရပ်များ၌ လိမ်လည်မှုလုပ်ငန်းတွင် ၎င်းတို့ကိုယ်တိုင် တိုက်ရိုက် အစုရှယ်ယာထည့်ဝင်ထား ကြသည်။
ကမ္ဘောဒီးယား လူကုန်ကူးမှုကွန်ရက်သည် တည်ငြိမ်မှုတွင် ရှင်သန်နေစဉ် မြန်မာ့ လူကုန်ကူးမှုများမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲမှုများကြားမှ ကြီးထွားလာသည်။ တစ်နိုင်ငံက ငြိမ်ဝပ်မှုကို အခွင့်ကောင်းယူပြီး ကျန်နိုင်ငံက ဖရိုဖရဲဖြစ်မှုကို အမြတ်ထုတ်သည်။ သို့သော် နှစ်နိုင်ငံလုံး၏ အခြေခံအုတ်မြစ်မှာ တူညီသည်။ ၎င်းမှာ တရားမဝင် အကျိုးအမြတ်နှင့် အလွန်အကျွံခေါင်းပုံဖြတ်မှု နည်းလမ်းများကို နိုင်ငံ့ယန္တရားအတွင်း ပေါင်းစပ် ထည့်သွင်းထားခြင်း ဖြစ်သည်။ အဆိုပါနိုင်ငံများတွင် လူကုန်ကူးမှုဆိုသည်မှာ အာဏာတည်မြဲရေး၊ ဝင်ငွေရရှိရေးနှင့် သစ္စာခံများကို ဆုချီးမြှင့်ရေးတို့အတွက် ပုံမှန်လုပ်နေကျ နည်းလမ်းတစ်ခု ဖြစ်လာသည်။
“မူဝါဒနှင့် လုပ်ဆောင်သည့် ပုံစံ” မူဘောင် ဟူသော အသုံးအနှုန်းသည် အတော်ပင် သစ်လွင်လှသည်။ ၂၀၂၀ မတိုင်မီက လူကုန်ကူးမှု အစီရင်ခံစာများတွင် နိုင်ငံများကို ၎င်းတို့၏ စွမ်းဆောင်မှုအရသာ အဆင့် သတ်မှတ်ခဲ့ပြီး နိုင်ငံတစ်ခု၏ ရည်ရွယ်ချက်ရှိရှိ ပါဝင်ပတ်သက်မှုကို ဖော်ပြခဲ့ခြင်း မရှိပေ။ ၂၀၁၉ တွင် အမေရိကန်ပြည်ထောင်စု၏ လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေး ဥပဒေ ပြင်ဆင်ချက်အရ လူကုန်ကူးခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်း၊ ကလေးစစ်သားစုဆောင်းခြင်းတို့ကို “မူဝါဒနှင့် လုပ်ဆောင်သည့်ပုံစံ” ဖြင့် ချမှတ် ဆောင်ရွက်နေသော အစိုးရများကို ဖော်ထုတ်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို တာဝန်ပေးအပ်ခဲ့သည်။
ထိုဥပဒေပြင်ဆင်ချက်သတ်မှတ်မှုမှာ အရေးကြီးသည်။ ဝန်ထမ်းမလုံလောက်၍လော ဟူသော မေးခွန်းမှ အကျိုးအမြတ်ရနေသလော ဟူသော မေးခွန်းသို့ ပြောင်းလဲသွားစေခဲ့သည်။ “အုပ်ချုပ်သူက ပိုကောင်းအောင် လုပ်နိုင်သလား” ဆိုသည့် မေးခွန်းကို မမေးတော့ဘဲ “ပြုပြင်ပြောင်းလဲမှု လုပ်ခြင်းထက် လက်ရှိစနစ်က အာဏာရှင်အုပ်ချုပ်သူများကို အကျိုးအမြတ် ပိုမိုရရှိနေသလား” ဟူ၍ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ရှိ ရာဇဝတ်မှုမြောက်သော အုပ်ချုပ်ရေးစနစ်ကို သီးခြားဆန်သော ရမ်းကားမှုများ အဖြစ် အလွယ်တကူ ရှုမြင်နိုင်ကြသည်။ သို့သော် ၎င်းနိုင်ငံဖြစ်စဉ်များက အာဏာရှင်စနစ်တွင် ရာဇဝတ်မှုနှင့် ခေါင်းပုံဖြတ်မှုများကို မည်သို့မည်ပုံ ပေါက်ဖွားလာသည်ကို နက်နက်ရှိုင်းရှိုင်း ဖော်ပြနေကြသည်။
အာဏာရှင်အုပ်ချုပ်သူများက သူတို့၏ နိုင်ငံရေးရှင်သန်မှုသည် ပြည်သူ၏ သဘောတူလက်ခံမှုထက် ထိန်းချုပ်မှုအပေါ် မူတည်နေသည့်အခါ အတင်းအကြပ် ဖိအားပေးမှုသည် အုပ်ချုပ်ရေးနည်းလမ်းတစ်ခု ဖြစ်လာသည်။ စီးပွားရေးတွင် ထုတ်လုပ်နိုင်စွမ်းထက် အဆက်အသွယ်ရှိမှုကို အလေးပေးလာသည့်အခါ အဓမ္မလုပ်သားနှင့် လိမ်လည်မှုသည် အမြတ်အစွန်းရှိသော တိုးချဲ့စီးပွားရေးများ ဖြစ်လာသည်။ ဖိနှိပ်မှုက သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများကို အသံတိတ်သွားစေသည့်အခါ တာဝန်ယူမှု၊ တာဝန်ခံမှုသည်လည်း တစ်ပါတည်း ပျောက်ဆုံးသွားခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ လူကုန်ကူးမှုဆိုသည်မှာ ပြုပြင်ရမည့် အမှား မဟုတ်တော့ဘဲ စီမံခန့်ခွဲရမည့် ရင်းမြစ်တစ်ခုအဖြစ် ရှုမြင်မှုက အားသာလာသည်။ ဒီဂျစ်တယ်ခေတ်၏ နည်းလမ်းမျိုးစုံကို ရာဇဝတ်သား အာဏာရှင်အုပ်ချုပ်သူများက လက်နက်အဖြစ် အသုံးချလာသည့်အခါ ဤရှုမြင်မှုက ဆက်လက် အားကောင်းလာဖွယ်ရှိသည်။
အစဉ်အလာ သံခင်းတမန်ခင်းနှင့် နည်းပညာတတ်ကျွမ်းလာမှုက ဤအချက်ကို ဟန့်တားနိုင်မည် မဟုတ်သကဲ့သို့ အောက်ခြေအဆင့် ကျူးလွန်သူများကို ဟန်ပြတရားစွဲဆိုမှုများကိုလည်း ရပ်တန့်သွားစေမည် မဟုတ်ပေ။ ယင်းကဲ့သို့ ဟန်ပြအရေးယူမှုများကို ရာဇဝတ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးလုပ်ငန်းများက များစွာ အားကိုးအားထား ပြုနေကြသည်။
အမှန်တကယ်ပြောင်းလဲစေရန် လူကုန်ကူးမှုက ရရှိနေသော အမြတ်အစွန်းနှင့် ရပေါက်ရလမ်းများကို ပစ်မှတ်ထားရမည် ဖြစ်သည်။ ၎င်းတို့တွင် လူကုန်ကူးမှုကို သက်ဆိုးရှည်စေသော အထက်တန်းလွှာနှင့် ငွေကြေးကွန်ရက်များကို ပိတ်ဆို့အရေးယူခြင်း၊ နယ်စပ်ဖြတ်ကျော် ကျူးလွန်သည့် မှုခင်းဖြစ်ရာ နေရာတိုင်းတွင် ၎င်းတို့ကို တရားစွဲဆိုခြင်း၊ ငွေကြေးလွှဲပြောင်းသည့် လမ်းကြောင်းများကို ပိတ်ပစ်ခြင်း၊ အပြောသက်သက်မဟုတ်ဘဲ ပွင့်လင်းမြင်သာမှုရှိသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို စတင်ခြင်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံအတွက်မူ စစ်ကော်မရှင်၏ စီးပွားရေးအသက်သွေးကြောနှင့် ၎င်း၏မဟာမိတ် ပြည်သူ့စစ်အဖွဲ့များ၏ ငွေရပေါက်ရလမ်းများကို ပစ်မှတ်ထားရမည်။ ကမ္ဘောဒီးယားနိုင်ငံအတွက်မူ နိုင်ငံတကာအနေဖြင့် ကမ္ဘောဒီးယားအစိုးရသည် အပြစ်ကျူးလွန်သူလည်း ဖြစ်၊ အပြစ်သားများကို ဖမ်းဆီးသူလည်း ဖြစ်လိမ့်မည်ဟူ၍ ဟန်ဆောင်ယုံကြည်နေမှုကို အဆုံးသတ်ရမည်ဖြစ်ပြီး အထက်တန်းလွှာများ၏ အကျိုးစီးပွားကို ထိခိုက်မည့် ‘အန္တရာယ်စည်း’ ကို ဖြတ်ကျော်၍ မည်သည့် ရင်ဆိုင်မှုမျိုးဆို ပြုလုပ်သင့်သည်။
လူကုန်ကူးမှုအစီရင်ခံစာသည် အားလုံးပျောက်စေ ဟူသော နတ်ဆေးကဲ့သို့ အစွမ်းမထက်သော်လည်း ပြဿနာ၏ ရင်းမြစ်ကို အနည်းဆုံး မြင်သာထင်သာ ရှိလာစေသည်။ ယဉ်ယဉ်ကျေးကျေး သံတမန်ဆန်ဆန် သွယ်ဝိုက် ပြောဆိုမှုများကို ရပ်တန့်၍ သက်သေများဖြင့် အထင်အရှားရှိနေသော ပြဿနာကို သက်ဆိုင်ရာနိုင်ငံများက ရင်ဆိုင် ဖြေရှင်းပေးရန် တောင်းဆိုလာသည်။ သို့သော် ပြဿနာကို မြင်သာအောင် ဖော်ထုတ်ပေးရုံမျှနှင့် အပြောင်းအလဲ ဖြစ်စေနိုင်မည်မဟုတ်ပေ။ နိုင်ငံတိုင်းကို မိတ်ဖက်အဖြစ် အလွန်အမင်း ရှုမြင်လေ့ရှိသည့် နိုင်ငံတကာအသိုက်အဝန်းတွင် အမှန်တရား သက်သေဆိုသည်မှာ အချည်းနှီးသာ ဖြစ်သည်။
ယခုဖြတ်ကျော်ရမည့် စိန်ခေါ်မှုမှာ ‘အစိုးရကြောင့်ဖြစ်ပေါ်သော လူကုန်ကူးမှု’ ကို အကျင့်သိက္ခာဆိုင်ရာ စွပ်စွဲမှုတစ်ခုကို ဟန်ပြ ပြုလုပ်ရုံသာ မဟုတ်ဘဲ ပိုမိုအားကောင်းထိရောက်စွာ ကုစားပေးနိုင်ရေး ဖြစ်သည်။ အချုပ်အားဖြင့် အကျင့်ပျက်အစိုးရများသည် ၎င်းတို့၏ လူကုန်ကူးမှု “မူဝါဒနှင့် လုပ်ဆောင်သည့်ပုံစံများ” ကို ကိုယ့်အသိစိတ်နှင့်ကိုယ် ပြောင်းလဲဖျက်သိမ်းလာလိမ့်မည်ဟူသော စိတ်ကူးယဉ်မှုများကို ချန်ထားရစ်ရန် လိုအပ်လာပြီ ဖြစ်သည်။
Jacob Sims သည် ဟားဗတ်တက္ကသိုလ်၏ အာရှရေးရာဌာနက ဧည့်သုတေသီတစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံဖြတ်ကျော်မှုခင်းနှင့် လူ့အခွင့်အရေးကိစ္စရပ်များဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။