မြိတ်ကျွန်းစုရှိ သန္တာကျောက်တန်းများပေါ်တွင် ဖုံးအုပ်နေသည့် စွန့်ပစ်ငါးဖမ်းပိုက်ကွန်များကို ကမ္ဘာတစ်ဝန်းမှ ဝါရင့်ရေငုပ်သမားများပါဝင်သည့်အဖွဲ့က ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
တစ္ဆေပိုက်ကွန်များ (သို့) ALDFG ဟုခေါ်သော (စွန့်ပစ်၊ ပျောက်ဆုံး၊ လွှင့်ပစ် ငါးဖမ်းပစ္စည်းများ) သည် ပင်လယ်ထဲတွင် ကျန်ရစ်ခဲ့ကာ ကျောက်ဆောင်များ သန္တာကျောက်တန်းများနှင့် ရစ်ပတ်ငြိတွယ်ပြီး နောက်ဆုံးတွင် ရေနေသတ္တဝါများနှင့် သန္တာကျောက်တန်းများကို မွန်းကြပ်သေဆုံးစေသည်။
ထို့ကြောင့် စွန့်ပစ်ငါးဖမ်းပိုက်ကွန်များအား ငါးဖမ်းသမားများမှ ရေငုပ်၍ ဖယ်ရှားရှင်းလင်းရေး လှုပ်ရှားမှုတစ်ခုကို မေ ၈ မှ ၁၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ရှင်းလင်းဖယ်ရှားရေး လှုပ်ရှားမှုကို ဦးဆောင်သည့် အဝေပီလာ အပန်းဖြေစခန်းမှ Marine Biologist တစ်ဦးဖြစ်သူ Marcelo Guimaraes က ပင်လယ်ပြင်အတွင်း စွန့်ပစ်ခဲ့ကြသည့် ငါးဖမ်းပိုက်ကွန်နှင့် ငါးဖမ်းပစ္စည်း စုစုပေါင်း၏ အလေးချိန်သည် တန်ပေါင်း ၆၄၀,၀၀၀ အထိရှိသည်ဟု ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂက ခန့်မှန်းခဲ့ကြောင်း၊ အဆိုပါ ငါးဖမ်းပိုက်ကွန်အများစုမှာ နိုင်လွန်ဖြင့် ပြုလုပ်သဖြင့် နောက်နှစ်ပေါင်း ၆၀၀ အထိ ဆွေးမြေ့သွားနိုင်ခြင်းမရှိကြောင်း၊ ယင်းတို့သည် ပင်လယ်တွင်း ရေနေသတ္တဝါများကို အသံတိတ် သတ်ဖြတ်နေသည့်အတွက် တစ်စုံတရာ အရေးယူ ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဘရာဇီး၊ ဆွီဒင်၊ လစ်သူယေးနီးယားနှင့် ရိုမေးနီးယားနိုင်ငံတို့မှ ရေငုပ်သမား ၉ ဦးနှင့် ရေပေါ်အထောက်အကူပြုအဖွဲ့ဝင် ၅ ဦးတို့ ပါဝင်သော အဖွဲ့သည် ကျွန်းငယ် ၈၀၀ ကျော်နှင့် သန္တာကျောက်ကျွန်းများရှိသည့် မြိတ်ကျွန်းစု၏ အလယ်ဗဟိုဖြစ်သော ကျွန်းပီလာရှိ အဝေပီလာမှ စတင်ထွက်ခွာခဲ့ကြသည်။ ထို့နောက် ရေငုပ်သမားများသည် ကပ်ကြေးများကိုအသုံးပြု၍ ရေအောက်အနက် ၂၅ မီတာ အနက်အထိရှိ သန္တာကျောက်တန်းများမှ ၃၀၀ ကီလိုဂရမ်ရှိ တစ္ဆေပိုက်ကွန်များကို ၄ ရက်အတွင်း ပြန်လည်ဆယ်ယူရရှိခဲ့သည်။
သန္တာကျောက်တန်းများကို ကာကွယ်ခြင်းနှင့် ပြန်လည် ထူထောင်ရေးတို့အတွက် အရှေ့တောင်အာရှတွင် အခြေပြုသည့် Ocean Quest Global အဖွဲ့အားတည်ထောင်သူ Anuar Abdullah က ရေငုပ်သမားအဖွဲ့ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
မြိတ်ကျွန်းစုအတွင်း တစ္ဆေငါးဖမ်းပိုက်ရှင်းလင်းဖယ်ရှားရေး လှုပ်ရှားမှုတစ်ခုဖြစ်သည့် Myanmar Ocean Project ၏ လှုပ်ရှားမှုတွင်လည်း အဝေပီလာက ထက်ကြပ်မကွာ ပါဝင်လျက်ရှိသည်။ ထို့ပြင် အဖွဲ့နှစ်ဖွဲ့ပူး ပေါင်း၍ မြိတ်ကျွန်းစုပင်လယ်အတွင်း စွန့်ပစ်ငါးဖမ်းပိုက် ရှင်းလင်းဖယ်ရှားရေး လှုပ်ရှားမှုများကို လာမည့် စက်တင်ဘာလ၊ သို့မဟုတ် အောက်တိုဘာလတွင် အတူလုပ်ဆောင်သွားကြရန် စီစဉ်ထားကြောင်း Guimaraes က ပြောသည်။
အဝေပီလာသည် မြိတ်ကျွန်းစုအတွင်း ခရီးသွားလုပ်ငန်းအတွက် မကြာသေးမီက ဖွင့်လှစ်ခဲ့သည့် ဟိုတယ်နှင့် အပန်းဖြေစခန်းအနည်းစုအနက်မှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ဟိုတယ်များ၊ boutique lodges၊ မိုးပျံပူပေါင်း စွန့်စားခရီးစဉ်များ၊ ရွက်လွင့်အပန်းဖြေ ခရီးစဉ်လုပ်ငန်းများကို ပိုင်ဆိုင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Memories Group လက်အောက်ရှိ လုပ်ငန်းတစ်ခုဖြစ်သည်။