ရန်ကုန်၊ မေ ၃၁
ရန်ကင်းမြို့နယ်တွင် ဆက်လက်တည်ဆောက်နေသည့် မြန်မာပလာဇာ စီမံကိန်း အပိုင်း-၂ တွင် အဆင့်မြင့်ဟိုက်ပါ မားကတ်တစ်ခု ထူထောင်သွားရန် ဗီယက်နမ်မှ HAGL မြန်မာနှင့် City Mart Holdings တို့ သဘောတူညီခဲ့ကြသည်။
Ocean Supercentre အမည်ဖြင့် ဟိုက်ပါမားကတ်အား ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက် သဘောတူညီချက်ကို နှစ်ဖက်တာဝန်ရှိသူများက မေ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
“စီမံကိန်းအပိုင်း (၂) ရဲ့ ဈေးဝယ်စင်တာအသစ်ဟာဆိုရင် ငါးထက်အမြင့် ဈေးဝယ်စင်တာကြီးဖြစ်ပြီး ဖျော်ဖြေရေးလုပ်ငန်းများ၊ ဂိမ်းကစားရုံ၊ ကလေးကစားကွင်းဇုံ၊ ရုပ်ရှင်ရုံ၊ စားသောက်အပန်းဖြေစရာနေရာ၊ ဟိုက်ပါမားကတ်၊ ကုန်တိုက်အစရှိတာတွေနဲ့ ပြည်သူတွေလိုအပ်တဲ့ ခေတ်မီလူနေမှုဘဝပုံစံကို ဖြည့်ဆည်းဖို့အတွက် အကောင်အထည်ဖော် တည်ဆောက်သွားမှာပါ” ဟု HAGL ၏ မန်နေးရျင်းဒါရိုက်တာ မစ္စတာကောက်ရွိသင်းကပြောကြားသည်။
ရုံးခန်းတာဝါနှစ်ခုနှင့် ဈေးဝယ်စင်တာမှာ စတုရန်းမီတာ ၉၃,၀၀၀ ကျော်ရှိမည်ဖြစ်ကာ နှစ်နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။
City Mart ၏ လက်ခွဲအမှတ်တံဆိပ်တစ်ခုအနေဖြင့် ပထမဆုံးသော Ocean Supercentre ကို ၂၀၀၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် Ocean Supercenter ဆိုင်ပေါင်း ၁၂ ဆိုင်အထိ ဖွင့်လှစ်ထားပြီး ဖြစ်သည်။