မြန်မာနိုင်ငံတွင် မူးယစ်ဂိုဏ်းကြီးများက မက်တာဖက်တမင်း မူးယစ်ဆေးများကို အလုံးအရင်းဖြင့် ထုတ်လုပ်နေကြသောကြောင့် မဲခေါင်ဒေသ၏ မူးယစ်ဆေးတိုက်ဖျက်ရေးပေါ်လစီကို ပြန်လည်စဉ်းစား သုံးသပ်နေကြရပြီဖြစ်သည်။
ကလဲရ် ဟမ်မွန်
မဲခေါင်ဒေသ (အထူးသဖြင့်) မြန်မာနိုင်ငံတွင် လူလုပ်မူးယစ်ဆေးဝါးများများ ထုတ်လုပ်မှုမှာ ထိပ်လန့်ဖွယ်အဆင့်သို့ပင် ရောက်ရှိနေပြီဟု နေပြည်တော်တွင် မေ ၂၁ ရက်နေ့က ကျင်းပသည့် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအာဏာပိုင်များ အစည်းအဝေးတွင် ကုလသမဂ္ဂက ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ဗျူဟာသစ်များကို ရှာဖွေကြရန် ညှိနှိုင်းဆွေးနွေးနေကြသည်။
ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် မက်တာဖက်သမင်း ဖမ်းဆီးရမိမှုမှာ ၂ဝဝ၈ ခုနှစ်ကထက် ခုနစ်ဆနီးပါး တိုးလာခဲ့သည်။ သို့သော် ထိုကာလအတွင်းမှာပင် ဘိန်းစိုက်ပျိုးမှုမှာမူ သိသိသာသာ ကျဆင်းသွားခဲ့သည်။
“ဒါက ဘာကိုပြသနေသလဲဆိုတော့ ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စောင့်ကြပ်ထိန်းကွပ်မှု နည်းလမ်းသစ်တွေ ရှာဖို့လိုနေပြီဆိုတာကိုပါပဲ” ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီဒေါက်ကလပ်က ပြောကြားသည်။
“မနှစ်တုန်းက ဒေသတွင်းမှာ အဆင့်နိမ့် ယာဘဆေးပြားသန်း ၄၅ဝ လောက်ဖမ်းဆီးရမိခဲ့တယ်။ ဒါဟာ ဒေသတွင်း ထုတ်လုပ်သမျှရဲ့ ၁ဝ ပုံ ၁ ပုံတောင် မရှိပါဘူး” ဟု ၎င်းက ခန့်မှန်းခဲ့သည်။
“မဲခေါင်နိုင်ငံ လေးငါးနိုင်ငံထဲမှာ ၂ဝ၁၈ ခုနှစ်ရဲ့ လအနည်းငယ်အတွင်း ဖမ်းမိတဲ့ ဆေးပြားအရေအတွက်ဟာ ၂ဝ၁၇ ခုနှစ် တစ်နှစ်လုံး ဖမ်းမိခဲ့တာထက်တောင် ကျော်လွန်နေပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မက်သာဖက်တမင်းကို ယာဘဟု ခေါ်ဆိုကြသည့် စိတ်ကြွဆေးပြားနှင့် သန့်စင်မှုအဆင့်မြင့်သည့် ပုံဆောင်ခဲ (High purity crystal meth) ဟူ၍ နှစ်မျိုးထုတ်လုပ်ကြသည်။ ဒေသတွင်း၌ လူဦးရေအများဆုံးဖြစ်သည့် တရုတ်ပြည်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ဝယ်လိုအားများလာပါက အမျိုးအစား နှစ်မျိုးလုံးတွင် ထုတ်လုပ်မှု တိုးလာဦးမည်သာဖြစ်သည်။
ထုတ်လုပ်သူများက ဘင်္ဂလားဒေရှ့်နိုင်ငံတွင် သုံးဆွဲသူများ တတ်နိုင်လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပြီး ဈေးကွက်ကို ချဲ့ထွင်လာခဲ့ရာ ထုတ်လုပ်မှု ပိုလျံလာပြီး ယာဘဈေးများလည်း ကျဆင်းလာသည်။
ယခုအခါ ယာဘဆေးပြားများကို သြစတြေးလျ၊ နယူးဇီလန်နှင့် ဂျပန်တို့ကဲ့သို့ အလွန်ပင် အလှမ်းကွာဝေးလှသည့် ဒေသများတွင်ပင် ဖမ်းဆီးရမိနေသည်။ ဖမ်းဆီးရမိသည့် ဆေးပြားအများစုအား ပြန်လည်နောက်ကြောင်းပြန် ခြေရာခံလိုက်ပါက ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးသဖြင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီသို့ ပြန်လည်ဆက်စပ်မိသွားသည်ဟု ဒေါက်ကလပ်က Frontier ကို ပြောကြားသည်။
“ထုတ်လုပ်မှုတွေ တိုးမြင့်လာတာဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေနဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေ တွေဆုံပေါင်းစည်းမှုတွေဟာ တိုက်ဆိုင်သွားပါတယ်။ ဒါဟာ အကျိုးစီးပွားချင်း ပေါင်းစည်းသွားတာပါပဲ။ တစ်ဘက်က ငွေကြေးစီးဆင်းမှု လိုအပ်နေတယ်။ အခြားတစ်ဖက်ကတော့ သူတို့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖို့ တရားဥပဒေအုပ်စိုးမှု ကင်းလွတ်နေတဲ့ နယ်မြေလိုအပ်နေပါတယ်” ဟု ၎င်းကပြောသည်။
တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံများရှိ မူးယစ်မှောင်ခိုဂိုဏ်းများသည် ၎င်းတို့၏ လုပ်ငန်းများကို ဝ ဒေသတွင်းသာမက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ထူထောင်ထားသော အခြားနေရာများတွင်ပါ အခြေချလုပ်ကိုင်နေကြသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ဒါက ပြဿနာပါပဲ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်က နယ်မြေတွေမှာ ဘာမှ လုပ်ကိုင်နိုင်စွမ်း မရှိလို့ပဲ ဖြစ်ပါတယ်” ဟု ဒေါက်ကလက်က ပြောကြားသည်။
စံချိန်တင်ဖမ်းဆီးမှုနှင့် ညံ့ဖျင်းသည့် တရားဥပဒေစိုးမိုးမှု
အစိုးရက ယင်းပြဿနာကို လစ်လျူရှုနေခြင်း မဟုတ်ပေ။ ဆယ်စုနှစ်များစွာအတွင်း မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေကို ပထမဆုံးအကြိမ် ပြုပြင်ပြေင်းလဲမှုနှစ်ခုကို ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည်။ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်အရာများ ဥပဒေကို ပြင်ဆင်မှုတစ်ခုနှင့် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၏ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်သည့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ပေါ်လစီတစ်ခုတို့ဖြစ်သည်။
heroin_and_meth_info-1_2.jpg
ပြီးခဲ့သည့် ဇန်နဝါရီလက ကွတ်ခိုင်မြို့နယ်တွင် ပုံဆောင်ခဲ မက်တာဖက်တမင်းနှင့် ဟီးရိုးအင်း နှစ်တန်ကျော်၊ ယာဘဆေးပြား သန်း ၃ဝ အပါအဝင် မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိမှုများကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဒေါ်လာ ၅၄ သန်းတန်ဖိုးရှိ သိုဝှက်ထားသော ထိုမူးယစ်ဆေးဝါးများကို ဖမ်းမိရခြင်းသည် မြန်မာနိုင်ငံတွင် စံချိန်တင် ဖမ်းဆီးရမိမှုဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားခဲ့သည်။
တစ်နိုင်ငံလုံး၌ မူးယစ်ဆေးများ ဖမ်းဆီးရမိမှုမှာ ၂ဝဝ၈ ခုနှစ်ကထက် ၆၇ ကြိမ် ပိုများလာခဲ့သည်ဟု UNODC က ပြောသည်။ သို့သော်လည်း ထုတ်လုပ်မှုတိုးလာခြင်း၏ တစ်စိတ်တစ်ပိုင်းကိုသာ ရောင်ပြန်ဟပ်ခြင်းဖြစ်ပြီး နယ်စပ်ဒေသတွင် ထုတ်လုပ်သော ပမာဏ၏ အနည်းငယ်သော အစိတ်အပိုင်းကိုသာ ကိုယ်စားပြုနိုင်သည်ဟု ဒေါက်ဂလပ်စ်က ပြောသည်။
ဥပဒေအာဏာသက်ရောက်မှု အားနည်းရခြင်းမှာ လုပ်နိုင်ကိုင်နိုင်စွမ်း မရှိသောကြောင့်လည်း ဖြစ်သည်။ လူအင်အား ၁,ဝဝဝ ကျော်သာရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေးကော်မတီမှာ ဒေသတွင်းရှိ အခြားသော မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့များနှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ တာဝန်များ၏ ရှုပ်ထွေးမှု ပမာဏတို့နှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း သေးငယ်နေသည်။
ပြည်ထဲရေးနှင့် ရဲတပ်ဖွဲ့ကို ထိန်းချုပ်ထားသည့် တပ်မတော်အပါအဝင် မြန်မာအာဏာပိုင်များ၏ ပါဝင် ပတ်သက်မှုနှင့် ပတ်သက်၍လည်း မေးခွန်းများ ထွက်ပေါ်နေသည်။ သာဓကအားဖြင့် ယခုလအစောပိုင်းက စစ်သားတစ်ဦးအား ဝ ဒေသထုတ် ဒေါ်လာ ၃ ဒသမ ၆ သန်းတန် မက်တာဖက်တမင်းဆေးပြားများနှင့် အတူ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖမ်းဆီးရမိခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဝ ဒေသထုတ် စိတ်ကြွဆေးပြား နှစ်သန်းနှင့်အတူ စစ်သားနှစ်ဦးအား ရခိုင်ပြည်နယ်မြောက်ပိုင်း၌ပင် ဖမ်းဆီးခဲ့သည်။
အုပ်စုဖွဲ့ရာဇဝတ်မှုများနှင့် မက်တာဖက်တမင်းထုတ်လုပ်မှုနှင့် ပတ်သက်မှုများအား ဆွေးနွေးရာတွင် ပိုမိုကြီးမားသည့် နိုင်ငံရေးဆွေးနွေးမှုသဏ္ဍာန် ဆောင်ရွက်ရမည်ဖြစ်ကာ မူးယစ်ဆေးဝါး စီးပွားရေးက ပဋိပက္ခများကို မည်သို့အားပေးနေသည်ကိုလည်း ဆင်ခြင်သုံးရမည်ဟု ဒေါက်ဂလပ်စ်က ဆိုသည်။
ထိုအချိန်မတိုင်မီတွင်မူ အာဏာပိုင်များအနေဖြင့် အက်ဖီဒရင်းနှင့် ဆူဒိုအက်ဖီဒရင်းကဲ့သို့ စိတ်ကြွဆေးဖော်စပ်သည့် ပစ္စည်းများအား အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း စီးဝင်နေမှုကို စုံစမ်း ရပ်တန့်ရေး ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်အောင် အဓိက အာရုံစိုက်နိုင်ဖွယ်ရှိသည်။ ထိုအချက်ကလည်း အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် မက်တာဖက်တမင်း စီးဝင်မှုမှာ အလွန် ကျယ်ပြန့်နေသော်လည်း အဓိကဖော်စပ်ဆေးများ ဖမ်းမိမှုမှာ လျော့ကျနေသည်။
နေပြည်တော်တွင် နှစ်ရက်ကြာ ကျင်းပသည့် ဆွေးနွေးပွဲများတွင် ဓါတုဗေဒနှင့် ဆေးဝါးထုတ်ကုန်များ ရွှေတြိဂံဒေသ၏ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဧရိယာများအတွင်းသို့ ဝင်ရောက်မှုနှေးကွေးမည့် မဟာဗျူဟာကို အဓိကထား၍ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရာရှိများကလည်း ဥပဒေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တရားရေး၊ ကျန်းမာရေးနှင့် တခြားရွေးချယ်နိုင်သည့် ဖွံ့ဖြိုးရေး မဟာဗျူဟာများအကြောင်း ဆွေးနွေးမည်ဖြစ်ပြီး ၎င်းတို့၏ အစောပိုင်း မဟာဗျူဟာများ၏ အောင်မြင်မှုကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်သည်။ ထို့နောက် ၎င်းတို့ကိုယ်တိုင် ရှမ်းပြည်နယ်သို့ သွားရောက်ကာ ဘိန်းထုတ်လုပ်သည့် အသိုင်းအဝိုင်းများနှင့် တွေ့ဆုံပြီး အစီအစဉ်များအတွက် ထောက်ခံမှု တိုးတက်ရရှိရေး ဆွေးနွေးမည်ဖြစ်သည်။
ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။